ပွဲတစ်ပွဲ ကျင်းပရန် ဖြစ်ပါ၏။
ထိုပွဲကတော့ နိုင်ငံတော် ကြည်ညိုပွဲပင်။
ဟုတ်ပါသည်။
နိုင်ငံတော် ကြည်ညိုပွဲပါ။
နိုင်ငံတော်ကို ကြည်ညိုလွန်းသူများ စုပေါင်းကာ နိုင်ငံတော်ကို ထိုင်ကန်တော့မည့် ပွဲဖြစ်သည်။
နိုင်ငံတကာ အတွက်တော့ ထူးဆန်းနေမည် ဖြစ်သော်လည်း မြန်မာပြည်အတွက်တော့ ထိုပွဲကို ကျင်းပမှ ဖြစ်တော့မည်။
ထိုပွဲကို ဦးဆောင်သူများတွင် နိုင်ငံရေးသမားများ ပါသည်။ အတိုက်အခံများလည်း ပါ၏။ ကျောင်းသားလည်း ပါပြန်သည်။ ထို့ပြင်တစ်ဝ လူ့ဘော်ကျော့ ရပ်ကွက်ဟု ဆိုထားသော ဖေ့ဘုတ်ပေါ်က လူများလည်း ပါပြန်၏။ ထိုသူတွေကလည်း နိုင်ငံအနှံ့အပြားတွင် ရှိလေရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကားနေ ရထားအောင်း၊ ဆိုင်ကယ် ဇောင်းမကျန် ကျင်းပတော့မည် ဖြစ်ပါသည်။
တကယ်တော့ နိုင်ငံတော် ကြည်ညိုပွဲကို တက်ရောက်ဆင်နွှဲသူများသည် ယခင်က နိုင်ငံတော်ကို သိပ်မကြည်ညိုလှ။ အားတိုင်းယားတိုင်း နိုင်ငံတော်ကို ဆဲခဲ့ဖူးကြသည်။ အစိုးရကို ကလော်တုတ်ခဲ့ဖူးကြသည်။ ဆဲဆို ကလော်တုတ်နည်းကိုတော့ မဖော်ပြလို။ နိုင်ငံတော်ကို အကြည်ညို ပျက်သွားမှာ စိုးပါသည်။
သူများနိုင်ငံတွေတော့ မသိ။ ဒီနိုင်ငံမှာတော့ အစိုးရနှင့် နိုင်ငံတော်ကို တစ်တန်းတည်း ထားသည်။ နိုင်ငံတော်အစိုးရဟု ဆိုထား၏။ အစိုးရကို မကောင်းပြောခြင်းသည် နိုင်ငံတော်ကို မကောင်းပြောခြင်း ဖြစ်၏။
ဒီနိုင်ငံမှာ နိုင်ငံတော်အစိုးရကို မကောင်းပြောသည့်သူများ ယခင်က များပြားလွန်းခဲ့သည်။ အစိုးရ ဝန်ထမ်းတွေကို ကြည့်မလား။ လခမလောက်၊ ရာထူး မတိုးသဖြင့် အစိုးရကို အပြစ်တင်သည်။ နယ်ပို့ခံရသဖြင့် အစိုးရကို ဆဲသည်။ ဒါတွေဟာ နိုင်ငံကို အကြည်ညိုပျက်စေခြင်းပင်။
နိုင်ငံရေးသမားကရော...။ အစိုးရကို မကောင်းပြောမှ နိုင်ငံရေးသမားဖြစ်သည့် အစဉ်အလာက ရှိခဲ့သည်မို့ နိုင်ငံရေးသမားက ပိုဆိုးသည်။ အားနေ အစိုးရ မကောင်းကြောင်း၊ အစိုးရ အသုံးမကျသည့် အကြောင်း ပြောနေသဖြင့် နိုင်ငံတော်ကို အကြည်ညို ပျက်စေခဲ့သည် မဟုတ်ပါလား။ အစိုးရကောင်းကြောင်း ပြောလျှင် နိုင်ငံရေးသမား မဟုတ်ပေ။ ခရိုနီသာ ဖြစ်လိမ့်မည်။
ကျောင်းသားကရော...။ ပညာရေး မကောင်းလို့ နိုင်ငံနောက်ကျနေတာ ဘာညာပြောသည်။ ဒါတွေဟာ အစိုးရ အသုံးမကျလို့ ဖြစ်တာဟု ပြောသည်။ သူတို့လည်း နိုင်ငံတော်ကို အကြည်ညို ပျက်စေခဲ့ပြန်သည်။
ပြည်သူများကတော့...။ အစိုးရ မကောင်းလို့ လမ်းတွေ ပိတ်တာဟု ဆိုသည်။ ပလက်ဖောင်းတွေ ဘယ်ရောက်ကုန်လဲ။ မြောင်းတွေ ပိတ်နေတာ မဖော်ဘူးလား။ ခြင်တွေကိုက်တာ အစိုးရကြောင့်။ ပြည်သူတွေ ပြောသည့် အစိုးရ မကောင်းကြောင်းကတော့ စုံလွန်းလှသဖြင့် တကယ်တမ်းသာရေးလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေလောက် အထူရှိသော စာအုပ်တစ်အုပ်ပင် ရလိမ့်မည်။ ဒီလိုပြည်သူတွေ အစိုးရ မကောင်းကြောင်း ပြောတာ နိုင်ငံတော် အကြည်ညို ပျက်စေမှု မဟုတ်ဘူးလော။
ဖေ့ဘုတ်ပေါ်က လူတွေကရော ...။ လူဘော်ကျော့ ရပ်ကွက်ဟု ဆိုထားသည့် ဖေ့ဘုတ်ပေါ်က လူတွေကတော့ အစိုးရကို မကောင်း အပြောဆုံးသူများပင်။ အင်တာနက်လိုင်း မကောင်းလျှင် အစိုးရကို ဆဲသည်။ မီးမလာလျှင် အစိုးရကို ဆဲသည်။ မိုးရွာလျှင် အစိုးရကို ဆဲသည်။ နေပူလျှင် အစိုးရကို ဆဲသည်။ ဘာအကြောင်းဖြစ်ဖြစ် အစိုးရကို ဆဲလိုက်ရမှ ကျေနပ်သည်။ ဖေ့ဘုတ်ပေါ်က လူတွေ အစိုးရကို မဆဲသည့်နေ့ကတော့ ကမ္ဘာပျက်သည့် နေ့ပင်ဖြစ်လိမ့်မည်။
ဂျာနယ်လစ်များကရော...။
ပိုဆိုးပြန်သည်။
ဘယ်ဂျာနယ်ကြည့်လိုက် ကြည့်လိုက် အစိုးရ မကောင်းကြောင်းတွေချည်း ဖြစ်သည်။
မကောင်းဆို.. အစိုးရ ကောင်းတာကလည်း ခပ်ရှားရှားပင်။
အထက်က ဖော်ပြထားသည့် အတိုင်းပင် တစ်နိုင်ငံလုံးရှိ သူများက အစိုးရကို ယခင်ကာလများက ဆဲခဲ့ကြသည်။ ဆိုခဲ့ကြသည်။ အပြစ်တင်ခဲ့ကြသည်။ မကောင်းပြောခဲ့ကြသည်။
ယခုတော့ မပြောတော့ပေ...။
လိမ္မာသွားပြီ ဖြစ်သည်။
အစိုးရ ကောင်းကြောင်း သိသွားပြီ ဖြစ်၏။
အစိုးရ ဆိုသည်မှာ ကိုယ့်မိဘဖြစ်သည်။ ကိုယ့်မိဘ ဘာလုပ်လုပ် ကောင်းသလို အစိုးရ ဘာလုပ်လုပ် ကောင်း၏။ အစိုးရကို အကောင်းပြောခြင်းသည် နိုင်ငံတော်ကို အကောင်းပြောခြင်း မည်၏။ ဒါကြောင့်လည်း နိုင်ငံတော်ကို ကြည်ညိုလွန်းသူများ စုပေါင်းကာ နိုင်ငံတော် ကြည်ညိုပွဲ ကျင်းပရခြင်းပင်။
ဒီလိုဖြစ်သည့် အကြောင်းကတော့ ယခင် သာသနာရေးဝန်ကြီး ဖြစ်ခဲ့သည့် ဦးဆန်းဆင့်နှင့် ပတ်သက်လေသည်။ အောက်တိုဘာ ၁၇ ရက်က ဦးဆန်းဆင့်ကို ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေတစ်သိန်း ချခဲ့သည်။ သုံးနှစ်က အလွဲသုံးစားလုပ်မှု။ ဆယ်နှစ်ကတော့ နိုင်ငံတော် အကြည်ညို ပျက်စေမှု ဖြစ်သည်။
ဦးဆန်းဆင့်ကို အမိန့်မချမီ တစ်ရက်ကလည်း မွန်းတည့်နေ ဂျာနယ်မှ အယ်ဒီတာနှင့် သတင်းထောက်တို့ကိုလည်း ထောင် ၂ နှစ်စီ ချလိုက်သေးသည်။ အစိုးရကို ဖြုတ်ချရေးဆိုသည့် သတင်းရေး၍ ဖြစ်သည်။
ဒါကို ပြည်သူများ လန့်သွားခြင်း ဖြစ်သည်။
နိုင်ငံတော် အကြည်ညို ပျက်စေလျှင် ထောင်ဒီလောက် တောင်ကျသလားဟု တအံ့တသြ ဖြစ်သွားသည်။ ဒါကြောင့် မဖြစ်ဘူး ငါတို့လည်း ဒီလောက်တောင် အစိုးရ မကောင်းကြောင်း ပြောနေတာ နိုင်ငံတော် အကြည်ညို ပျက်သွားတော့ ဒုက္ခပါပဲဟု တွေးကာ နိုင်ငံတော် ကြည်ညိုပွဲကို ကောက်ခါငင်ကာ ကျင်းပရခြင်းပင်။
နိုင်ငံတော် ကြည်ညိုပွဲကြီး ကျင်းပပါပြီ။ ထိုပွဲကို ဂျာနယ်လစ်များကလည်း လှုံ့ဆော်သဖြင့် စည်ကားလှသည်။ လွတ်လပ်ရေးနေ့ ကျင်းပသလိုပင်။
တစ်နိုင်ငံလုံး တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပခြင်း ဖြစ်သည်။ လူတွေအားလုံး ညီညီညာညာ ထိုင်ကန်တော့ကြသည်။ ကန်တော့သည့် အရာက နိုင်ငံမြေပုံတစ်ခု၊ ပြီးတော့ အစိုးရအဖွဲ့ဝင်များ၏ ဓာတ်ပုံများ။ ထိုပုံတွေထဲတွင် စာဖတ်နေသူ ဘဘကြီးပုံပင် ပါသေး၏။
“ကျွန်ုပ်တို့သည် နိုင်ငံတော်ကို ကြည်ညိုလွန်းသဖြင့် လက်ဆယ်ဖြာ ထိပ်မှာမိုးကာ ကန်တော့အပ်ပါသည်” ဟု ရှေ့ကတိုင်ပေး၊ နောက်က လိုက်ဆိုဖြင့် ကန်တော့ကြလေသည်။
ထို့ပြင်... နိုင်ငံတော် ကြည်ညိုပွဲတွင် လူထု ဆုံးဖြတ်ချက်တစ်ခု ချမှတ်ကာ အစိုးရကို တောင်းဆိုလိုက်သေး၏။
နှစ်စဉ် အောက်တိုဘာ ၁၇ ရက် ရောက်တိုင်း နိုင်ငံတော် ကြည်ညိုပွဲ ကျင်းပရာ ရက်အဖြစ် သတ်မှတ်ပြီး ပြန်တမ်းဝင် အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် အစိုးရကို တောင်းဆိုခြင်းပင်။
နိုင်ငံတော်က အကြည်ညို ခံလိုလျှင်တော့ ခွင့်ပြုတန်ကောင်းရာ၏။
စိုပြေ (သံချောင်းပါတီ)
Credit - The Voice Weekly

No comments:
Post a Comment