Sunday, October 19, 2014

အသောကမင်းကြီး၏ သျှစ်သျှားသီးတစ်ခြမ်း (သရော်စာ)

သရော်စာ - ငွေစန်းရောင်
-------
ခုရက်ပိုင်းအတွင်း ယိုးဒယားတွေနဲ့ ခိုး လိုးခုလု ဖုတုတုဖြစ်ကြတဲ့အခါ သတင်းစာထဲမှာ သမိုင်းဆောင်းပါးတွေ ဘရေးတဲ့ ဆရာမ ကြီးရဲ့ လက်ရာ ကလေးတွေ ပြန်ဖတ်ရဦးမ လားလို့ တမ်းတမိပါတယ်။ သူ့လက်သံက ထိထိမိမိ ရှိလွန်းလို့ ဟိုဘက်ကလူတွေ သွား ချေးယိုးဒယားက ကုန်တာကြောင့် "မလာပါ နဲ့။ အချစ်ရေ မလာခဲ့နဲ့။" ဆိုပြီး ဘလက်လစ်စ် ထုတ်ထားတယ်လို့ ကြားဖူးတာ ပဲ။ ကိုယ်လည်း ပဲ ထင်ရာမြင်ရာတွေ စွတ်စက်ရေးမိလို့ ဘောဘျင်မင်းမြတ် ကြီး ရွှေစိတ်တော်ညိုသွားရင် အာရှတစ်ခွင်မှာ သာယာဖော်ရွေဆုံး ဧည့်ဝတ် ပြု စီးပွားရှာ သူများရှိရာ အရပ်ဆီကို မလာ နိုင် မလည်နိုင်မှာ စိုးမိတယ်လေ။ မကင်းနိုင်တဲ့ အိမ်နီးချင်း စစ်စစ်ကြီးဆိုလည်းဟုတ် တယ်။ သူသာမကယ်ရင် ကိုယ်တို့

တစ်နိုင်ငံ လုံး တရုတ်ပစ္စည်းတွေချည့် သုံးနေရမှာ။ ကိုယ့်အဖိုးအဖွား လက်ထက် ကတည်းက ဘန်ကောက်လုံချည် ဇင်းမယ်လုံချည်တွေ ပွဲထိုင်တော် သုံး ဖြစ်ခဲ့တယ်။ ခုထက်ထိလည်း အလှူမင်္ဂလာဆောင် ယိုးဒယားထည်နဲ့မှ တင့် တယ်နေတုန်း။ ကိုယ့်တိုင်းပြည် ပိုလျှံနေတဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့တွေ သူတို့သာ အနစ်နာခံပြီး ဝယ်မသုံးပေးရင် ကိုယ်ကျိုးနည်း ရချည်ရဲ့။ (သူတို့ မဝယ်လို့ ကိုယ်သုံးရလိမ့် မယ်လို့တော့ မထင်ရေးချမထင်) လူငယ်လူ ရွယ် အရွယ်ကောင်းကလေးတွေ ကိုယ့်တိုင်း ပြည်မယ် မဖြစ်ထွန်းလို့ သူတို့က သနားပြီး အလုပ်ခေါ်ပေးထားတာ မရှိဘူးဆို သုံးသန်း လောက်တော့ အသာလေးတဲ့။

အဲသလို မကင်းရာမကင်းကြောင်းတွေနဲ့ မစွန်းရင်းကလည်းရှိ၊ ကန်စွန်းခင်း ကလည်းငြိ နေတဲ့အခါကျ ကိုယ်ကိုယ်တိုင် ရေရေရာရာ မသိတဲ့ ကမ္ဘာကျော် မှုခင်းကြီးကိစ္စမှာ လက် လွတ်စပယ် ကွန်မန့်ဝင်မပေးရဲပါဘူး။ သို့သော် လည်း ဘာမှမပြောရင် ဘောမှမပါရာကျမယ် လေ။ (သဘောမပါဘူးလို့ ထင်သွားမှာ စိုးတာ) ဒါနဲ့ပဲ အခြေအနေလေး ရေရာအောင် သတင်း ပလင်းလေး စောင့် ဖတ်ပြီးမှ ခမောက်ဆောင်း ဒေါင်းလည်းမဟုတ် ပါတီကြီးလို ဆန္ဒသဘောထား ကလေး ထုတ်ပြန်လိုက်ရပါတယ်။

ပထမဦးဆုံး သည်သတင်းကို ကြားတဲ့ အခါမှာ "မရှိခိုးနိုး မလှစုန်းယိုး" ဆိုတဲ့ စကားပုံကို အရင်ဆုံး သတိရမိတယ်။ ဒါပေမဲ့လည်း ကိုယ်မရောက်ဖူးတဲ့ အရပ် က ကိုယ်မမြင်ဖူးတဲ့ ကလေးနှစ်ယောက် ကို မြန်မာနိုင်ငံသား ဖြစ် တယ် ဆိုတာနဲ့ "ဒါ သူတို့လုပ်တာ လုံးဝမဖြစ် နိုင်ဘူး။" လို့ ဘူးဆိုဖယုံမသီး ငြင်းဖို့ရာ သက် သေခိုင်ခိုင်မာမာ မရှိပါဘူး။ သူတို့ဘက်က လည်း စွပ်စွဲဖို့ သက်သေ ခိုင်ခိုင် လုံလုံမရှိဘဲ ဂျပန်ခေတ်က ကင်ပေတိုင်ခေါ်စစ်သလို ခွံခွာ ရေလှန် စစ်တာ တရားမဲ့တာ အမှန်ပဲ။ အမှုမှန် ပေါ်ဖို့ ကြိုးစားတာ မဟုတ်ဘဲ လက်သည် ဖော်ဖို့ တရားခံရှာတာ သက်သက်ဆိုတော့ တရားမဲ့တာတောင် မဟုတ်တော့ပဲ မတရား တဲ့ အဓမ္မမှုအကြီးကြီး ကျူးလွန်တာပေါ့လေ။ ဒီနေရာ မှာတော့ လူတိုင်းလူတိုင်းဟာ ဘယ် ဟာ အမှန်တရားလဲဆိုတာကို မရှာဘဲနဲ့ ဘယ်သူက ဘာလူမျိုးလဲဆိုတာကို အရမ်းဂရုစိုက် နေလွန်းသလိုပါပဲ။

လူသတ် မုဒိမ်းကျင့်တဲ့ အမှုမျိုးဆိုတာ ရဲစခန်းတိုင်းမှာ ရှိတတ်ပါတယ်။ အသတ်ခံ ရတဲ့ လူငယ်နှစ်ဦးသာ အင်္ဂလန်နိုင်ငံသား မဟုတ်ရင် လိပ်ကျွန်းက လူတွေ တောင် စကားထဲ ထည့်ပြောကြမှာ မဟုတ်ပါ ဘူး။နှစ်ရက်လောက် ဆို ပျောက်သွားမှာ။ သူ တို့ဆီ လာအလုပ်လုပ်နေတဲ့ မြန်မာတွေရာ ချီပြီး အသတ်ခံ ရဦး။ အရေးလုပ်စရာ မမြင် ပေမဲ့ အခု အဖြူတစ်စုံ သတ်လိုက်မိတာ မိုးမီး လောင်ရော မဟုတ်လား။ လုအခွင့်အရေးဆိုတာ '၀' အခွင့်အရေး မဟုတ်မှန်း အစောကြီးက တည်းက သဘောပေါက်ပါတယ်အေ။ ကွာတာ ကတော့ ကိုယ့်နိုင်ငံသားအပေါ် အကာအကွယ်ပေးနိုင်တဲ့ အစိုးရချင်းမှ မတူ ပဲနော့။

ညောင်မြစ်တူးမိရင် ပုတ်သင်ဥတွေပေါ် သတဲ့။ ထိုင်းရဲတွေခမျာလည်း ခါတိုင်း လို လုပ် နေကျ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖရမာတွေ ခေါ် နားဘန်လေးငါး ချက်လောက် ကျင်းလိုက် ရင် ကိုယ်လိုချင်တဲ့ဖြောင့်ချက် ရလိမ့်မယ်ဆို တဲ့ ဖော်မြူလာက မမှားသေးပါဘူး။ ]သူတို့ ဝန်ခံကြလေသတည်း} လို့တောင် သတင်းစာ ထဲ ထည့်လိုက်နိုင်သေးတယ်။ ဖရမာတွေကို တော့ လုပ်ချင်တိုင်း လုပ်လို့ရပါတယ်။ မရ တာ ပစ္စည်းသက်သေတွေလေ။ ဆင်သေကို ဆိတ်ရေနဲ့ ဖုံးပြီး လုံလှပြီထင်နေတော့ တစ် ကမ္ဘာလုံးက လက်ညှိုးဝိုင်းထိုးတာခံရတဲ့ ထိုင်း ရဲတပ်ဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာတွေဟာ ရေစုန်မျော ရလေသတည်း။ ဒါမျိုးများဆို ဝိုင်းဘီးတပ် ပေးတဲ့သူတွေ အချွန်နဲ့မပေးမယ့်သူတွေက လည်း ပေါမှပေါ။

ထိုင်းအကျဉ်းထောင်တွေ ထဲမှာ ပြစ်ဒဏ်စီရင်ခြင်း ခံနေရတဲ့သူတွေရဲ့ ထက်ဝက်လောက်ဟာ တရားခံအစစ်မဟုတ် ဘဲ လူစားထိုး ထောင်နန်း စံသူတွေပါတဲ့။ သေမထူးနေ မထူး ငတ်တစ်လှည့် ပြတ်တစ်လှည့်လူတွေကို "မင်းလည်းထောင်ထဲမှာ မပူမပင် ၀၀လင်လင် စားရမယ်။ နောက်ကွယ်က မင့်မိသားစုကို လည်း တင့်တောင့်တင့်တယ် ထောက်ပံ့နိုင်စေ ရမယ်" ဆိုရင် သိပ်အများကြီး ဆွယ်တရား ဟောနေရမယ် မထင်ပါဘူး။ အပြင်မှာနေလည်း ကျီးလန့်စာစားနဲ့ မရေမရာဘ၀ပဲဟာ။

ထိုင်းရဲတွေဟာ တော်တော်ဆိုးတာပဲနော်။ စကားပြန်တွေက ဘယ်လောက် ရွံစရာကောင်း သလဲ။ သူ့ဆီ အားကိုးတကြီး ပြေးဝင်လာတဲ့ ဒုက္ခသည်တွေကို ကာကွယ် ကယ်တင်ပေးရ မယ့်အစား လူဆိုးတွေနဲ့ပေါင်းပြီး နှိပ်စက် ကလူ ပြု မယ်။ ပြီးကျတော့ သူက သူတော်ကောင်း ဘုရားတကာကြီးအဖြစ်နဲ့ နာမည်ကောင်း ယူ နေဦးမယ်ဆိုရင် လူဆိုးထက်တောင် ယုတ်မာ မနေဘူး လား။ အဲ့ဒါ ထိုင်းရဲတွေကိုချည့်ပြော တာ မဟုတ်ဘူးနော်။ ကိုယ်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီးရော၊ တရုတ်ရဲ၊ အိန္ဒိယရဲ၊ ဟောင် ကောင်ရဲ၊ အမေရိကန်ရဲ အကုန်လုံး ကို ပြော တာ။ ရဲတိုင်းရဲတိုင်းမှာ မကောင်းတဲ့ရဲတွေ ပါလာရင် ဘယ်လောက် ဆိုးသလဲလို့ပဲ သိစေ ချင်တာ။ ကိုယ့်တိုင်းပြည်က ရဲတပ်ဖွဲ့ထဲ မှာ ရော အဲသလိုမျိုး စက်ဆုပ်ဖွယ် အပြုအမူတွေ ကင်းရဲ့လား။ ဘယ်နှစ် ရာခိုင်နှုန်း ကင်းသလဲ လို့ ကိုယ့်ဘာသာပြန်သိအောင်လုပ်ကြပါဦး။

ဘယ်နေရာမှာမဆို ကောင်းတဲ့သူလည်း ရှိတယ်။ ဆိုးတဲ့သူလည်း ရှိတယ်။ ဆိုးတဲ့ သူ တွေ လက်ချက်နဲ့ တိုင်းပြည်ကြီး ပျက်စီးမ သွားအောင် ကောင်းတဲ့ သူတွေက ကာကွယ် ပြုပြင် ထိန်းသိမ်းကြတယ်။ ရဲတပ်ဖွဲ့ကြီးလည်း သည် အတိုင်း ပဲ။ ထိုင်းက လူတွေကတော့ အကျင့်ပျက် ရဲဝန်ထမ်းတွေကြောင့် သူတို့ တ ရားရေးမဏ္ဍိုင်ကြီး တိမ်းစောင်းမသွားအောင် သူတို့ဟာ သူတို့ ပြန်တည့်မတ် ကြ တယ်။ သိပ် အတုယူဖို့ ကောင်းတာပဲ။ သူတို့ဆီက တရား သူကြီးများဟာ အမှုစွဲတင်တဲ့ ရဲများနဲ့ လင် မယားလို ဝေစားမျှစား မဟုတ်ဘူးတဲ့။ ရဲက စွဲတင်တဲ့ အမှုကို မခိုင်လုံလို့ ပလပ်ပစ်လိုက် တယ်။

သူတို့ဆီက မှုခင်း ပညာရှင် ဒေါက်တာမကြီးက ဘယ်နေရာတွေမှာ မခိုင်လုံလို့ ဘာ တွေ အားနည်းချက်ရှိနေတယ် ဆိုတာလည်း သတင်းစာတွေထဲ အထိ ထောက်ပြတယ်။ ကိုယ်တွေဆီမှာ သာဆို "ဖရမာ မယား" "အလိတော်ရိ" ဆို မိုးမွှန်နေအောင် အဆဲခံရမှာ။

သည်နေရာမှာ ဘာသွားတွေ့ရသလဲဆိုတော့ ယိုးဒယားတွေရဲ့ နိုင်ငံရေးရေချိန်နဲ့ ဒီမိုကရေစီ ရင့်ကျက်မှုဟာ ကိုယ်တို့မြန်မာတွေထက် သာတယ်လို့ သဘောပေါက်လိုက်တယ်။ "နင်တို့ ဖရမာတွေ ငါတို့ တိုင်းပြည်ထဲလာပြီး ခိုးဆိုး လုယက်စားနေတယ်" လို့ ဘယ်သူကမှ မပြောဘူး။

“ဒီကိစ္စ မြန်မာတွေကြောင့်တော့ မဖြစ်နိုင်ဘူး" ဆိုတဲ့ စကားကို ယိုးဒယား တွေ ဆီက အရင်ဆုံး ကြားရတယ်။ " မြန်မာ မဟုတ်ရင် ငါတို့ ယိုးဒယားတွေ ခံရ မှာပေါ့" ဆိုတဲ့ ဝံသာနုစိတ် မမွေးကြဘူး။ ရာဇဝတ်မှုကို ရာဇဝတ်မှု လိုပဲ မြင် တယ်။ လူမျိုးရေးနဲ့ ရောမပစ်ဘူး။မြန်မာတွေ မှာ အဲသည်အလေ့အကျင့်မျိုး မရှိ ဘူး။ ထစ်ကနဲဆို ဟနုမာန်အမြီး ဆီဆွတ်ပြီး မိုးမီးနဲ့ ရှို့ဖို့ချည့် စဉ်းစားတယ်။ ဒါမျိုး အတုခိုး သင့်တယ်လို့ ကိုယ်ကရေးပြလည်း ကိုယ့်ဝိုင်း ဆဲမယ့်သူချည့်သာ တိုင်းပြည် နဲ့အဝှမ်း ထပ် ထပ်ကြမ်းလို့ နေတယ်။ ဒါကြောင့် ကိုယ်တို့ မငြိမ်းချမ်း တာ။

“မောင်မင်း လူကလေး၊ ဒမ်ဘလယ်ဒီဖူး။ တရားခံရအောင် မဖမ်းပေးနိုင်ရင် ကျွန်ုပ်အများကြီး စိတ်ဆိုး တယ်” လို့ ဖိအားတွေပေးပြီး သတင်းစာရှင်းလင်း ပွဲမှာ ဓာတ်ပုံနှင့် တကွ ထောင်ချလိုက်သည်လို့ ပွဲဦးမင်း ပွဲလယ်မင်း ပွဲသိမ်း မင်းကြီးတွေ ဝင် မလုပ် ကြဘူး။ ကိုယ်တို့ဆီမှာဆို အ မှုရဲ့အစ အင်းယားကန် ထဲ ရေကူးဝင် ကတည်း က လုံခြုံရေးရဲကြီးတွေကို မျက်စိမှိတ် နားပိတ်ခိုင်း ထားတယ်။ (မယုံ ကိုယ့်ဘာသာဝင် ကြည့်ပါလား။ ပစ်ကိုသတ်မှာ) အမှုအလယ် ရုံးတော်မယ် ကျတော့လည်း တရားသူကြီးမင်း က ပြစ်ဒဏ် ဘယ်လောက် ထပ်တိုးရမလဲ ဆိုတာ ရာဇသတ်ကျမ်း ဓမ္မသတ်ကျမ်းတွေ လှန်စရာမလိုဘူး။ ထီးဘုရား အမိန့်တော်ခံရ တာ။ သူတိုက်ပေးတဲ့ ဇာတ်အတိုင်း ကတာ တောင် သူ့အခန်း မပါမစိုးလို့“ ဇာတ်တော်ပေါင်း သော် မဟာဂရုဏာတော် ရှေ့ထား ၍ ပြစ်ဒဏ် များ လျှော့ပေါ့ပေးလိုက်သည်” လို့လည်း ကိုယ်တိုင်ဝင် အမိန့်တော် ပြန်ပြီး နတ်လူ သာဓု ခေါ်စေချင်သေးတာ။

တရားဥပဒေစိုးမိုးရေး ရော၊ တရား စီရင်ရေးရော၊ ဥပဒေပြုရေးမှာပါ ချယ်လှယ် ချင်တိုင်း ဝင်ချယ်လှယ်လို့ ရတယ် ဆိုတာ တစ်ကမ္ဘာလုံးသိအောင် သမိုင်းပြ ဇာတ် ကပြခဲ့ဖူးတယ်။ “ငါရှင်ဘုရင် ဘယ်နှစ်ပတ်လှည့်လှည့်”ဆိုတာ ပွဲထဲက လူပျက်တွေ ပျက်ရင်သာ ရယ်စရာကောင်းတာ။ နိုင်ငံတကာ ဆက်ဆံရေးမှာ ကျတော့ သိပ်ရှက် စရာကောင်း တယ်။ ဟိုကလူတွေ အခုခါမှာ အတင်းဖေးမ ပြီး လက်တွဲခေါ်နေတယ်ဆိုတာ ကိုယ်တော်ကြီး ဖျားများရဲ့ သီလသိက္ခာ သမာဓိ ကို အလုံးစုံ ယုံကြည်စိတ်ချသွားလို့ မဟုတ်ပါဘူး။ အဲ့လိုမှ လက်တွဲမခေါ်ဘဲ ကြည်ထားရင် ရှေ့လျှောက် သည့်ထက်သည်ဆိုးဖို့ပဲရှိတော့မှာ မြင်လို့ မချစ်သော်လည်း အောင့်ကာနမ်းကြတာပါ။ ကိုယ်တို့ဆီမယ် ဥပဒေရဲ့ အထက်မှာ ဘယ်သူ ရှိသလဲဆိုတဲ့ အဖြေဟာ ရဲချုပ်ကြီးကိုယ်တိုင် ထွက်ပြေးလို့ နယ်စပ်မှာ ပြန်ခေါ်ညှိ ရတဲ့ ဖြစ်ရပ်ဟာ သက်သေပါပဲ။ (ကြာပြီ ဆိုတော့ မေ့လောက်ပြီပေါ့နော်)

သူတို့ကိုယ်တိုင်က ဥပဒေဆိုတာ ရှုံ့ချည် နှပ်ချည် ဆန်တစ်ပြည်လို့ သဘောထား တဲ့အခါ သူတို့မွေးထားတဲ့ ငါမနိုင်မသားတွေကလည်း မအေ တစ်ယောက် လုံး ပေးထားလို့ရတဲ့ ရပိုင်ခွင့်လို့သာ သဘောထားကြတော့တယ်။ လူ သေအောင် ကားတိုက်မိရင် ဘယ်သူမဆို ထောင်ချရမယ်လို့ ညွှန်ကြားချက် ထုတ်ထား တုန်းကလည်း ညဥ့်နက်သန်းခေါင် သူများ ကားနဲ့ တိုက်မိပြီးသေရင် “သည် အကောင်တွေ မူးမူးရူးရူးနဲ့ လမ်းပေါ်ထွက်ထိုင်လို့ ငါ့သားလေး ခရီးဖင့် ရတယ်” လို့ သေတဲ့သူ အပြစ်ပုံချတယ်။ စကော့ပီယံတွေ တန်ခိုးထွားတုန်းက ရန်ကုန် တစ်မြို့လုံး ဖိန့်ဖိန့်တုန်ရတယ်။ ဘယ်ရဲမှ မတားရဲဘူး။ သူတို့ ကုလားထိုင် ကင်းမကိုက်မချင်း လွှတ်ထားတာ။ လူကြီးသား ပါတဲ့ ယာဉ်တိုက်မှု တိုင်းမှာ ကားမမောင်းတဲ့ ဒရိုင်ဘာ တစ်ယောက်ယောက် အရေးယူခံရစမြဲပဲ ဆိုတာ အဆန်းမှ မဟုတ်ပဲနဲ့။ ယိုးဒယားတွေ လူ စားထိုးတယ် ပြောရတာ အားနာစရာကြီး။ သမုတိအတွက် ငဝက်ကခံဆိုတာ မြန်မာ စကားပုံ စစ်စစ်ကြီးလေ။ အထက်က စံနက် တွေမကင်းလို့ ရာဇဝတ်မှုတွေကနေ ရဲအရေး မပိုင်သော အမှု ဖြစ်ဖြစ်သွားတာတွေ လူသိရှင် ကြားချည့်ပဲ မနည်း မနော ရှိတယ်။ ပြန် စဉ်းစား ပါဦး။ Under the Law အောက်ခြေမှာ ပဲ ခြစား လောက်ကိုက်နေတာ မဟုတ်ဘူး။ Above the Law မှာလည်း ခေါင်မိုးမလုံဘူး။ တရားဥပဒေ စိုးမိုးရေး အကြောင်းပြောရင် တ ရားရေးဝန်ထမ်းတွေ ရဲတွေမှာချည့်ပဲ တာဝန် ရှိတာ ကျလို့။

ဟိုးရှေးရှေးတုန်းကတော့ ရှင်ဘုရင်တွေ မှာ ကောင်းကင်က အပ်နှင်းထားတဲ့ အခွင့်အာဏာအရ မိုးအောက်မြေပြင်မှာ သူထင် သလို လုပ်ခွင့်ရှိတယ်။ ဒါကြောင့် သူတို့ဟာ ဥပဒေတွေကို ထုတ်ပြန်ဖို့သာလိုတယ်။ သူ တို့ကိုယ်တိုင် လိုက်နာစရာ မလိုဘူး။ ဥပဒေ ရဲ့အထက်မှာ "မင်းအတွက်နေရာ တစ်နေရာ စာ ကိုယ်ဦးထားတယ်" ဆိုတဲ့ လူစားမျိုး။ သည် ကနေ့ခေတ် ရောက်တဲ့ အခါမှာ လည်း အဲသည် အယူအဆကြီးက အာဏာပိုင် အရှင်သခင်ကြီးများ အတွင်းစိတ် မှာ ပျောက်ကွယ်မသွား သေးဘူး။ အဲသလို ဖြစ်ရတာဟာ အုပ်ချုပ်ရေး အာဏာ ရယ်၊ ဥပဒေပြု အာဏာရယ်၊ တရား စီရင်ရေး အာဏာရယ်ဟာ သီးခြားစီ မရပ် တည်နိုင်ဘဲ တစ်ဦးတစ်ယောက်တည်းရဲ့ ချုပ် ကိုင်မှုအောက်ကို ရောက်နေရတဲ့ အတွက် ဖြစ် တယ်လို့ ကျွမ်းကျင်သူများဆီက မှတ်သားဖူး တယ်။ ဒါမှမဟုတ် လည်း တစ်ဦးတစ်ယောက် က ကိုယ့်နေရာကိုယ် မနေဘဲ အာဏာသုံးရပ် စလုံး ကို ပတ်ရှုပ်နေလို့ ဖြစ်ရတာလို့ ဆို တယ်။ အခု ထိုင်းမှာဖြစ်တဲ့ကိစ္စဆို တစ်ခုက ချို့ယွင်းနေပေမဲ့ ကျန်တဲ့နှစ်ခုက ထောက် ကန်ထားလို့ ယိုင်လဲမသွားဘူး။ ယိမ်းရုံ ကလေး ယိမ်းတယ်။ လူက ရှုပ်ချင်ပေမယ့် စံနစ်က လှုပ်မရအောင် ကျားကန် ထားတဲ့ အခါ သူ့ဘာ သာ အထိန်းအကွပ် ဖြစ်သွားတယ်။ ကိုယ် တို့ဆီမှာ အဲသလိုမျိုး တစ်ခုကို တစ်ခု ထိန်းကျောင်းနိုင်တဲ့ ဖွဲ့စည်းပုံစံနစ်မျိုးပါသလား။

သည်လမ်းကို လျှောက်လာခဲ့တဲ့ သူတိုင်း ဟာ ကိုယ့်ကိုယ်ကိုယ်တော့ မှန်တယ် ထင်ပြီး ဆင်ကန်းတောတိုး လျှောက်လာခဲ့ကြတာ ချည့်ပါပဲ။ ကိုယ့်ရှေ့ က လျှောက်ခဲ့သူကြီးများ ကို တစ်ချက်ကလေး စောင်းငဲ့ကြည့်လိုက်ပါ။ သူတို့ ဘယ်ဘူတာ ဆိုက်ခဲ့ကြသလဲ။ အင်မတန် တရားကျစရာ ကောင်းပါတယ်။

ဒီနေရာမှာ အသောကမင်းတြား ကြီး အကြောင်းကို တွေးမိတယ်။ သူ့မွေးချင်း ညီအစ်ကို တစ်ကျိပ်ကျော်ကို သတ်ဖြတ်ပြီးတော့ မင်းအဖြစ်ကို ရရှိ ခဲ့တယ်။ ဇမ္ဗူဒိပ်ကျွန်းမြေအ ပြင်ကို သူထင်သလို စစ်မက်ပြုပြီး စစ်တိုက်တိုင်း အနိုင်ရတဲ့ ဧကရာဇ်ဘုရင်တစ်ပါးလည်း ဖြစ်ခဲ့တယ်။ မဇ္ဇိမတိုင်းတခွင် မှာ သွေးချောင်း လည်း စီးခဲ့သလို ဓမ္မခန္ဓာပေါင်း ၈၄၀၀၀ ကို ရည်စူးပြီး ရေ တွင်းပေါင်း ၈၄၀၀၀၊ ရေကန် ပေါင်း ၈၄၀၀၀၊ စေတီပုထိုးပေါင်း ၈၄၀၀၀ အလှူအတန်းကြီး လည်း ပေးခဲ့တယ်။ သူ့ရဲ့ နောက်ဆုံးအချိန်မှာတော့ “တမြေပြင် လုံးကို အစိုးရပြီးလျက် ကုဋေပေါင်းတစ်ရာ လှူခဲ့ဖူး သူတစ်ယောက် ဟာ လည်း သေရာညောင်စောင်း လဲလျောင်းသောအခါ၌ သျှစ်သျှားသီး တစ်ခြမ်း မျှသာ ပိုင်တော့ပါတကား” လို့ ညည်းတွားမြည်တမ်း ချုပ်ငြိမ်းခဲ့သတဲ့။

စစ်ဘုရင်ကြီးတိုင်းဟာ တစ်ချိန်ချိန်မှာတော့ မလွဲမသွေ တရားသံဝေဂတွေ ရလာပါလိမ့်ဦးမယ်။ လူသား တိုင်း အဆုံးသတ်ရမယ့် လမ်းမဟုတ်လား။ သျှစ်သျှားသီးလေး တစ်ခြမ်း (ဆီးဖြူသီးကိုပြောတာ) ကျန်ကာမှ မေတ္တာတော် အနန္တနဲ့ နိဗ္ဗာနပစ္စယောဟောတုမယ့်အစား လုပ်နိုင်ကိုင်နိုင် စွမ်းနိုင်ဆောင်နိုင် တုန်းမှာ သဘောမှန် အမြင်မှန်ကလေးနဲ့ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည် ကောင်း ရာ ကောင်းကြောင်း အပ္ပမာဒတရားလေး နှလုံးသွင်းနိုင်ရင် သိပ်ကောင်းမှာ ပဲနော်။ အသက်တွေလည်း ကြီးပါပြီ။ ရက်တွေလည်းနီးပါပြီ။ နောက်နှစ်ခါ တန်ဆောင်မုန်းပွဲကြည့်လိုက်ဦးမယ်ချည့်ပဲ အားခဲ မာန်စောင်မနေပါနဲ့။ နောက် ဆုံးတော့အဲသည် သျှစ်သျှားသီးလေးတစ်ခြမ်းတောင် ကိုယ့်နောက်ပါမှာ မဟုတ် ပါဘူး အဘရယ်။

Credit - The Ladies News Journal




 

No comments:

Post a Comment