အစိုးရသစ် တက်လာ၊ ကာကွယ်ရေးဦးစီးချုပ် အသစ်ပြောင်းပြီး သုံးနှစ်ကျော်အကြာ မြန်မာ့တပ်မတော်ဘက်မှ အသံကြားရဖန် ရှိတော့မည်လော။

မြန်မာတပ်မတော်အတွက် ပြောရေးဆိုခွင့် အရာရှိသုံးဦးကို ထားရှိပေးသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုလိုက်သည်။ ဆိုလိုသည်က တပ်မတော်၏ တပ်ပိုင်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ သတင်းမီဒီယာများက သိလိုသည်များကို အဆိုပါ ပြောရေးဆိုခွင့် ရှိသူများက တာဝန်ယူ ဖြေကြားပေးမည် ဖြစ်သည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ အောက်တိုဘာလ ၁၄ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင် တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ပြောရေးဆိုခွင့် တာဝန်များကို တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာန၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်နှင့် ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးချုပ် စိုးနိုင်ဦးတို့က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။
ယင်းသို့ တပ်ပိုင်းဆိုင်ရာ ပြောရေးဆိုခွင့်များ ထားရှိပေးခြင်းသည် ယခု အစိုးရသစ် လက်ထက်အတွင်း တပ်မတော်၏ ကြီးမားသော အပြောင်းအလဲ တစ်ရပ်ဟုပင် ရှုမြင်ကြသည်။ ပြီးခဲ့သည့် တပ်မတော်အစိုးရ လက်ထက် တစ်လျှောက်လုံး ယင်းသို့ ပြောရေးဆိုခွင့် ပုဂ္ဂိုလ်များ ထားရှိရိုး ထုံးစံမရှိခဲ့သည်ကို ထောက်ရှုပြီး သတင်းမီဒီယာ လောကသားများက အပြုသဘောဆောင်၍ သုံးသပ်ကြခြင်း ဖြစ်သည်။
ယင်းက မြန်မာနိုင်ငံရေးလောက သို့မဟုတ် မြန်မာသတင်းမီဒီယာ လောကအတွက် ကြုံတောင့်ကြုံခဲပင် ဖြစ်သည်။ ထို့ထက် တပ်မတော်နှင့် ပတ်သက်၍ သတင်းအချက်အလက် ငတ်မွတ်နေခဲ့သည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့အတွက် ဝမ်းမြောက်ဖွယ်လည်း ဖြစ်သည်။
ယခု ပြောရေးဆိုခွင့်များ ထားရှိခြင်း အပြောင်းအလဲမှ သတင်းမီဒီယာများနှင့် ပြည်သူလူထုများ အနေနှင့် မည်မျှ မျှော်လင့်နိုင်မည်နည်း။
ယင်းသို့ ပြောရေးဆိုခွင့် ထားရှိခြင်းကြောင့် အနည်းဆုံးတော့ တပ်မတော် ပါဝင်သည့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလာပါက သတင်းများ တင်ဆက် ရေးသားကြသည့်အခါ အချက်အလက်များကို ဘက်မျှစွာ ဖော်ပြရေးသားနိုင်မည် ဖြစ်သည်။
“အထူးသဖြင့် တိုက်ပွဲသတင်းတွေ ရေးတဲ့အခါမှာ ရင်းမြစ်တစ်ဖက်တည်းက ရတဲ့ အချက်အလက် တွေနဲ့ချည်းထက်စာရင် အရင်ကထက် ပိုပြီး စိတ်ချရမှု ရှိတာပေါ့၊ သေချာမှု ရှိတာပေါ့” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီဝင် လည်းဖြစ်၊ သတင်းဂျာနယ်တစ်ခု၏ ဒါရိုက်တာအဖွဲ့ဝင်လည်း ဖြစ်သူ ဦးဇော်သက်ထွေးက ဆိုသည်။
တပ်မတော်အနေနှင့် ပြောရေးဆိုခွင့် ပုဂ္ဂိုလ်များ ထားရှိပေးသည် ဆိုသော်လည်း ၎င်းတို့အနေနှင့် အမှန်တကယ် အလုပ်လုပ်ရန်မှု လိုအပ်မည် ဖြစ်သည်။
“ထားပေးရုံထက် တကယ် အလုပ်လုပ်ဖို့တော့ လိုတာပေါ့၊ ဒါပေမဲ့ သူတို့ လုပ်လာအောင်လည်း ကျွန်တော်တို့ကနေ အားပေးရမယ်၊ ဝိုင်းပြီး တွန်းအားပေးရမယ်” ဟု မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုသည်။
၂၀၁၀ ပြည့်နှစ်၊ အစိုးရသစ် တက်လာပြီးနောက်ပိုင်း အစိုးရအဖွဲ့ ဝန်ကြီးဌာန အသီးသီးတွင် သတင်းမီဒီယာများနှင့် ဆက်သွယ်နိုင်ရန် ပြောရေးဆိုခွင့် တာဝန်ရှိသူများ ထားရှိပေးသွားမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားဖူးသည်။ ထိုကတည်းက အစိုးရအနေနှင့် ပြည်သူများ၏ သတင်းသိရှိပိုင်ခွင့်ကို အလေးထားလာသည်ဟု ယူဆကာ အစိုးရသစ်အပေါ် အမှတ်တွေ ပေးခဲ့ကြသည်။
သို့သော် အမှန်တကယ်တွင်တော့ ဝန်ကြီးဌာန အချို့တွင်သာ ယင်းပုဂ္ဂိုလ်များ ထားရှိပေးနိုင်ခဲ့သည်။ လက်တွေ့တွင်လည်း အစိုးရဌာနများထံမှ သတင်းအချက်အလက် ရယူနိုင်ဖို့က ခက်ခဲနေခဲ့သည်ပင်။
လတ်တလောတွင်မူ ယခုခန့်ထားပေးသည့် ပြောရေးဆိုခွင့် ပုဂ္ဂိုလ်များထံသို့ သတင်းမီဒီယာများ အနေနှင့် တိုက်ရိုက်ဆက်သွယ်၍တော့ မရသေးပေ။ တပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ ထုတ်ပြန်မည့် သတင်းများကို စာနယ်ဇင်းကောင်စီမှ တစ်ဆင့် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) က ဆိုသည်။
သို့သော် တပ်မတော်အနေနှင့် သတင်းထုတ်ပြန်မှု လွယ်ကူချောမွေ့စေရေး အတွက် စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲ များကိုလည်း အခါအားလျော်စွာ လုပ်ဆောင်သွားမည်ဟု ဆိုသည်။
“နောက်ပိုင်းမှာတော့ သူတို့ရဲ့ အီးမေးလ်တွေ၊ ဖုန်းနံပါတ်တွေကို ထုတ်ပြန်လိမ့်မယ်” ဟု အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောဆိုသည်။
အဆိုပါပုဂ္ဂိုလ်များ အနေနှင့်လည်း သတင်းမီဒီယာများနှင့် ရင်းနှီးကျွမ်းဝင် ဖြစ်လာဖို့ မျှော်လင့်ရသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဆိုလျှင် သတင်းမီဒီယာသမား များနှင့် ငယ်ပေါင်းကြီးဖော်နီးပါး ဖက်လှဲတကင်း ဖြစ်နေသည်မှာ ကာလကြာရှည်ခဲ့ပြီ ဖြစ်သည့်အပြင် သတင်းလောက အထာကိုပင် ကောင်းစွာ ကျေညက်နေကြပြီး ဖြစ်သည်။
ပြီးခဲ့သည့် နှစ်ကာလများအတွင်း တပ်ပိုင်းဆိုင်ရာ သတင်းအချက်အလက်များနှင့် ပတ်သက်ပြီး ပြည်သူများ ကြားသိရခွင့် မရှိခဲ့။ အထူးသဖြင့် မြန်မာတပ်မတော်နှင့် ဖြစ်ပွားသည့် တိုက်ပွဲသတင်းများကို ပို၍ပင် အလှမ်းဝေးခဲ့ရသည်။
ယုတ်အစွဆုံး လက်ရှိ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မှုအဖြစ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခြင်း စသည့် ကိစ္စရပ်များနှင့် ပတ်သက်သည့် သတင်းများကို သတင်းမီဒီယာများက ရေးသားတင်ဆက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထံမှ ရရှိသည့် အချက်အလက်များကို အခြေခံသည်က များသည်။
မြန်မာတပ်မတော်နှင့် ပတ်သက်၍ ထိပ်ပိုင်းခေါင်းဆောင်များ၏ ပြည်တော်သာ နယ်လှည့်ခရီးစဉ်များ၊ နိုင်ငံတကာ အဆင့်မြင့် တာဝန်ရှိသူများနှင့် တွေ့ဆုံခန်းများ၊ တပ်မတော်သားများ၏ လမ်းဖောက်၊ တံတားဆောက် လုပ်ငန်းများကိုသာ အစိုးရပိုင် ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာများတွင် ပါရှိလေ့ ရှိသည်။
သတင်းမီဒီယာများနှင့် ပတ်သက်လျှင် တပ်မတော်ဘက်မှ ဆတ်ဆတ်ထိမခံ ဖြစ်ခဲ့သည့် ဖြစ်ရပ်များပင် ရှိခဲ့သည်။ ယင်းကို ယူနတီသတင်းဂျာနယ် အရေးကိစ္စကို ကြည့်လျှင် အထင်အရှား မြင်တွေ့နိုင်သည်။ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်း တည်ဆောက်နေသည့် လက်နက်စက်ရုံ သတင်းကို ရေးသားဖော်ပြမှုကြောင့် ယူနတီသတင်းဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်များကို ထောင်ဒဏ်ဆယ်နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် တပ်မတော်သားများ ပါဝင်ပတ်သက်နေသည့် အမှုအခင်း၊ ပြဿနာများ ရေးသားဖော်ပြရာတွင် သက်ဆိုင်ရာ သတင်းထောက်များ ခြိမ်းခြောက်ခံရခြင်း၊ ဖမ်းဆီး ထိန်းသိမ်းခံရခြင်း များလည်း ရှိသည်။
လတ်တလောတွင်ပင် ကရင်ပြည်နယ် စစ်ပွဲသတင်းများကို သွားရောက်သတင်းယူသူ အလွတ်တန်း ဓာတ်ပုံသတင်းထောက်တစ်ဦးကို ဒေသခံ တပ်ရင်းတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်သည်။
တပ်မတော်အတွက် ပြောရေးဆိုခွင့်များ ခန့်ထားပေးခြင်းမှာ ယင်းကိစ္စ ပေါ်ပေါက်လာခြင်းကြောင့်ဟု မဆိုနိုင်ကြောင်း၊ တပ်မတော်၏ သတင်းမီဒီယာအပေါ် ရှုမြင်ပုံ ပြောင်းလဲလာခြင်းကြောင့် သာဖြစ်ကြောင်း ဦးမြင့်ကျော်က သုံးသပ်သည်။
ယင်းဖြစ်ရပ် မပေါ်ပေါက်မီကသာ ယင်းကဲ့သို့ တပ်မတော်ပြောရေးဆိုခွင့် ပုဂ္ဂိုလ်များ ထားရှိပြီး ဖြစ်ပါက အဆိုပါသတင်းနှင့် ပတ်သက်၍ ရေးသားဖော်ပြရာတွင် အဖြေမှာ တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်ဖွယ် ရှိသည်။
စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တွေ့ဆုံရာတွင် ကာကွယ်ရေးဦးစီးချုပ်က ယင်းယူနတီ ကိစ္စအကြောင်းကို ထည့်သွင်းပြောဆိုခြင်း မပြုကြောင်း ကောင်စီဝင်များထံမှ သိရသည်။ သို့သော် နောက်နောင် ယင်းကဲ့သို့ ဖြစ်ပွားခြင်း မရှိစေရန် အလေးထား ကိုင်တွယ်သွားမည်ဟု ဆိုသည်။
၁၉၆၂ ခုနှစ်လွန် ကာလများကတော့ သတင်းထောက်များ တိုက်ပွဲဖြစ်ရာ ရှေ့တန်းစစ်မျက်နှာများသို့ လိုက်ပါ သတင်းယူခွင့်များ ရရှိခဲ့သည်။ လုံခြုံရေးကို တပ်မတော်က တာဝန်ယူခဲ့ခြင်း ဖြစ်ပြီး သတင်းစာတိုက်များအလိုက် မိမိအစီအစဉ်ဖြင့် လိုက်ပါသတင်းယူကြခြင်း ဖြစ်သည်။ နိုင်ငံတကာတွင်မူ ထိုကဲ့သို့ သတင်းယူခြင်းက အဆန်းပင် မဟုတ်တော့။ စစ်ပွဲသတင်းထောက် အဖြစ်ပင် သီးသန့်ထားရှိလေ့ ရှိကြသည်။
မြန်မာနိုင်ငံတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသည်။ သို့သော် ယခုအခြေအနေတွင် ယင်းကဲ့သို့ စစ်မြေပြင်သို့ လိုက်ပါသတင်းယူခွင့် ပေးမည်မဟုတ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီဝင်များက ဆိုသည်။
“အဲဒီခေတ် အဲဒီအခြေအနေတုန်းက စစ်ဖြစ်တာက ပြည်ပအထောက်ပံ့ အဖွဲ့အစည်းတွေနဲ့ ဖြစ်တာ၊ ဗကပတို့၊ တရုတ်ဖြူ (ကူမင်တန်) တို့နဲ့ ဖြစ်တာကြောင့် လိုက်ခွင့်ပေးခဲ့တာ၊ အခုဖြစ်တာက တိုင်းရင်းသား လူမျိုးစုအချင်းချင်း ဖြစ်တဲ့ကိစ္စမို့ ခေါ်ဖို့မသင့်ဘူးပေါ့” ဟု ဦးကျော်မင်းဆွေက ဆိုသည်။
လက်ရှိတွင် သတင်းမီဒီယာသမားများကို စစ်စခန်းများသို့ လုံးဝ ပေးမခေါ်သည်တော့ မဟုတ်။ သစ်မှောင်ခို ဖမ်းဆီးရမိမှုများ၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုများ၊ ဘိန်းစိုက်ခင်းများ ဖျက်ဆီးခြင်းများ စသည့် တပ်မတော်အပေါ် ပြည်သူတို့ လက်ခုပ်တီးပေးမည့် ကိစ္စများတွင်မူ သတင်းသမားများကို ခေါ်ဆောင်လေ့ ရှိသည်။ တစ်ခါတစ်ခါတွင်လည်း ၎င်းတို့ ယုံကြည်သည်ဟု ထင်ရသော သတင်းမီဒီယာအချို့ကို တပ်မတော် စစ်ကြောင်းများနှင့်အတူ ခေါ်လေ့ရှိတတ်သည်။
သတင်းအချက်အလက်များ မြန်ဆန်စွာ စီးဆင်းမှု၊ သေချာခိုင်မာမှုများအတွက် ပြောရေးဆိုခွင့် ပုဂ္ဂိုလ်များ ထားရှိပေးခြင်းမှာ ကြိုဆိုသင့်သည့် လက္ခဏာကောင်းတစ်ရပ် ဖြစ်သော်လည်း သတင်းမီဒီယာသမားများ အနေနှင့် တပ်မတော်၏ ဝါဒဖြန့်ချိရေး လုပ်ငန်းစဉ်အတွက် အသုံးချခံ ဖြစ်မသွားဖို့လည်း အရေးတကြီး လိုအပ်ကြောင်း သတင်းမီဒီယာသမားတို့က သုံးသပ်သည်။
ယင်းကိစ္စမျိုးမှာက တပ်မတော်မှမဟုတ်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူများ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ဆက်ဆံရာတွင်လည်း သတင်းမီဒီယာသမားများ မကြာခဏ ကြုံတွေ့ရလေ့ ရှိသည်ပင်။ ထိုအခါမျိုးတွင် ပြည်သူ့ဗဟိုပြု၊ ပြည်သူ့အကျိုးပြု သတင်းမျိုးထက် သက်ဆိုင်ရာ အဖွဲ့အစည်း၊ ပါတီတို့၏ မှိုင်းတိုက် အာဘော်သတင်းများ ဖြစ်လာတတ်သည်။
မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) မှ အတွင်းရေးမှူး ဦးမြင့်ကျော်ကတော့ ထိုအချက်အပေါ် ယခုကဲ့သို့ ထောက်ပြသည်။
“ဒါမျိုးက နိုင်ငံတကာမှာလည်း ပီအာ (Public Relation) ကို သေချာတောင် လေ့လာပြီး ထားလေ့ရှိတာ ဆိုတော့ အဖွဲ့အစည်းတိုင်းမှာ ရှိနေမှာပဲ။ ဒါပေမဲ့ သတင်းသမားတွေမှာ သတင်းစာပညာနဲ့ ပတ်သက်ပြီး အခြေခံကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်းတွေ သိထားမယ် ဆိုရင်တော့ အဲဒါတွေကို ရှောင်နိုင်မှာပေါ့”

အောင်မျိုးထက်
Credit - The Voice
No comments:
Post a Comment