Written by - နီငြိမ်း
တန်ဆောင်မုန်းတွင်း ဆီးနှင်းတစ်လိုက်၊ မိုးတစ်ပြိုက်
မြန်မာ့တစ်ဆယ့်နှစ်လတွင် ရှစ်လမြောက်ကား တန်ဆောင်မုန်းလပြည့်နေ့ပေတည်း။
ဆီးနှင်းတစ်လိုက် မိုးတစ်ပြိုက်ဟု ဆိုသော်လည်း မိုးကလည်း မကုန်သေး၊
ဆီးနှင်းကလည်း တဖွဲဖွဲ မကျလာနိုင်သေး။ မိုးအကုန် ဆောင်းအကူး နှင်းရည်လူးသော
နေ့များသို့ ရောက်ခဲ့ပြန်လေပြီ။
“သီတင်းကျွတ်
ပွဲတော်ကြီးပြီးတော့.. တန်ဆောင်မုန်း...တန်ဆောင်တိုင်၊ ဆီမီးကမြိုင်
မသိုးအလှ မြတ်သင်္ကန်းကပ်ဖို့ ရွှေတိဂုံ ကုန်းတော်မှာ အပြိုင်အဆိုင်” ဟု
ငယ်စဉ်ကပင် နှစ်စဉ်အော်ဆိုခဲ့ကြဖူးသည်။ ဪ ကထိန်သင်္ကန်းများ
ကပ်လှူရန်အချိန်သို့ပင် ရောက်ခဲ့ပြန်လေပြီတကား။
လတကာတွင် အမြတ်ဆုံး
“မာသာနံ၊ သရဒေါ၊ သေဋ္ဌော” ဟု ရှေးဆရာများ ဝိဂြိုဟ်ပြုခဲ့ကြ၏။ မာသာနံ-
ဆီးနှင်းမြူတိမ် သူရိန်မီးခိုးမှောင်မြို့ကင်းပ၊ တန်ဆောင်လကား၊
သေဋ္ဌော-ကြည်လင် ရွှင်မြူး အလှထူး၏ဟု အဓိပ္ပာယ်ရပါသည်။
လောကနီတိ
ဆရာကလည်း ရတုကာ လာနံ- ရတုတကာတို့တွင်၊ သာရဒံ-တန်ဆောင်မုန်းလသည် မြတ်၏၊
ထူး၏ဟု ရေးသားထားခဲ့သည်။ တန်ဆောင်မုန်းလတွင် ကထိန်ဆီမီးထိန်ထိန်
ညီးနေလေသည်။ အောက်အရပ် ရန်ကုန်ထက် အညာမန္တလာနှင့် တောင်ကြီးတို့၌
ပို၍စည်ကားသည်။ မီးပုံးပျံတစ်လုံး သိန်းနှစ်ဆယ်၊ အစိတ် သုံး၍
စူဠာမုနိမြတ်ဘုရားအား ရည်မှန်းပူဇော် ကြလေသည်။
ကထိန်အစ ဘဒ္ဒ၀ဂ္ဂီညီနောင်က
ဘုရားရှင်လက်ထက်တော်က ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်သည် ဝါတွင်းကာလ ဝါဆို၊
ဝါကပ်အပြီးတွင် သာဝတ္ထိမြို့ရှိ မြတ်စွာဘုရားအား ဖူးမြော်ရန်
မိုးထဲလေထဲမှာပင် ခရီးပြင်းနှင်ခဲ့ကြသည်။ မိုးဒဏ်လေဒဏ်ကြောင့် သင်္ကန်းများ
ရွှံ့ပေကာ နွမ်းစုတ်လေသည်ကို ဘုရားရှင် မြင်တော်မူ၏။ သို့အတွက် မြတ်ဗုဒ္ဓက
ပုရိမဝါဆိုပြီးခဲ့သော ရဟန်းတိုင်း ကထိန်အလှူခံခွင့်ရှိသည်။ သပိတ်တစ်လုံး၊
သင်္ကန်းသုံးထည်ဖြင့် တင့်တယ်စွာ နေနိုင်အောင် ဝါနည်းဓမ္မကံ စီမံခဲ့ပါသည်။
ကထိန် = ကထိန်ဆိုသည်မှာ ပါဠိပျက် စကားဖြစ်ပြီး အကျိုးငါးချက်
တစ်ပြိုင်နက်ရသော အလုပ်၊ အကျိုးပေးမြဲမြံသောအလုပ်၊ သင်္ကန်းဖြတ်ခြင်း၊
ချုပ်ခြင်း၊ အရောင်ဆိုးခြင်း၊ လှူဒါန်းခြင်းဟူသော အလုပ်အားလုံးမှာ
ကထိန်အလုပ်ပင် ဖြစ်ပေသည်။
ကထိန်ခင်းခြင်း
ကထိန်ခင်းခြင်းကို
လူဒကာများ ပြုလုပ်၍ မရပါ။ ပစ္စည်းဥစ္စာ မပြည့်စုံသော ကျောင်း၊ ဆင်းရဲသော
ကျောင်းများကို ရွေးချယ်လျက် ဆရာတော်ကြီးများက ကထိန်ခင်းခွင့်ပြုသည်။
ထိုကျောင်းမျိုးတွင် ကထိန်ခင်းမှသာ မြတ်၏။ ကထိန်ခင်းမှုကား ဗုဒ္ဓဘုရား
လက်ထက်ကပင် ပေါ်ပေါက်ခဲ့သော ဓလေ့တစ်ခုဖြစ်၏။ ရှေးအခါက ပါဝေယျက
တိုင်းသားများသည် သီတင်းကျွတ်လပြည့် ပဝါရဏာပွဲများအမီ ဘုရားထံ
ခရီးပြင်းနှင် ခဲ့သည်။ မိုးတွင်းဖြစ်၍ သင်္ကန်းများ ရွှံ့စဉ်ကာ ပေကြကုန်သည်။
အပိုသင်္ကန်းမပါ၍ လဲလှယ်ရန်ပင် မရှိပါ။ သို့ကြောင့် ဘုရားက
ကထိန်အလှူခံခွင့်ပြုခဲ့၏။
ခွင့်ပြုခဲ့သည့် သင်္ကန်းသုံးထည်
(၁) ဒုကုဋ် ခေါ် နှစ်ထပ်သင်္ကန်းကြီး
(၂) ကိုယ်ဝတ်ဧကသီ
(၃) ခါးဝတ်သင်းပိုင်
ကထိန်ခင်းရန် အလှူ ရှစ်ပါး
အဆင့်ဆင့် စနစ်တကျ လုပ်ရပါသည်။
(၁)ကထိန်သင်္ကန်းအလှူခံခြင်း
(၂)ကထိန်ခံထိုက်သည့် ရဟန်းကို သံဃာအပေါင်းမှ စိစစ်ရွေးချယ်ပေးခြင်း
(၃)ကထိန်သင်္ကန်းအလှူခံရန် အရွေးခံရသူအား သိမ်အတွင်း၌ သင်္ကန်းကို ဉတ္တိဒုတိယ ကမ္မဝါဖြင့်ပေးခြင်း
(၄)တိစီဝရိတ်အဓိဋ္ဌာန်တင်၍ သင်္ကန်းဟောင်းကို ပစ္စုန္ဓိုရ်ပြုကာ စွန့်ပစ်ခြင်း
(၅)ခင်းမည့်သင်္ကန်းကို ကပ္ပဗိန္ဒုထိုးခြင်း
(၆)သင်္ကန်းအမည်ဖြင့် အဓိဋ္ဌာန်ပြုခြင်း
(၇)နှုတ်မြွက်၍ခင်းခြင်း
(၈)သာဓုအနုမောဒနာပြုခြင်း ရှစ်ပါးပေ တည်း။
ကထိန်အာနိသင်ငါးပါး
အောက်ပါအာနိသင်များရသည်။
(၁)အနာမန္တစာရ-ရဟန်းကြီးထံ ခွင့်မပန်ဘဲ ပင့်သူအိမ်သို့ သွားနိုင်ခြင်း၊
(၂)သမဒါနစာရ-အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကိုမယူဆောင်ဘဲ သွားနိုင်ခြင်း၊
(၃)ယာဝဒတ္ထစီဝရ-အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန်မပြုဘဲ သိမ်းထားနိုင်ခြင်း၊
(၄)ဂဏာဘောဇန-ဒကာဒကာမတို့က မသင့်မလျော် ဖိတ်ခေါ်သော်လည်း အာပတ်မသင့်၊
(၅)ကထိန်ခင်းသည့် ကျောင်း၌ သံဃာအား လှူသော သင်္ကန်းများကို သာဓုအနုမောဒနာပြု၍ ပိုင်ဆိုင်ခွင့်ရခြင်းတို့ ဖြစ်၏။
ကထိန်လှူကျိုး
ကထိန်သင်္ကန်းမှာ ရိုးရိုးသင်္ကန်းထက်မြတ်၏။ ထူး၏။ လှူသူသည် ယောက်ျားဖြစ်လျှင်
ဘုရားရှင်က ဧဟိဘိက္ခုခေါ်သည်နှင့် ရဟန်းဖြစ်နိုင်သည်။ မိန်းမဖြစ်လျှင်
အဖိုးအနဂ္ဃထိုက်သော ဝတ်ဝန်းပုဆိုးများရမည်။ အနှောင်အဖွဲ့မှ လွတ်ကင်းကာ
အဝတ်အစားပေါမည်။ စားသည့်အစာ ဘယ်တော့မှ အဆိပ်မသင့်။
ကထိန်လနှင့် ကျီးမနိုးပွဲ
တန်ဆောင်မုန်းလတွင် ကြတ္တိကာ နက္ခတ်ထွန်းပသည်။ ထိုနက္ခတ်မှာ
သူခိုးနက္ခတ်ဖြစ်၏။ သို့အတွက် တန်ဆောင်မုန်းလပြည့်ညတွင် သူခိုးပွဲလေးများ
နေရာအနှံ့တွေ့ရမည်။ တန်ဆောင်တိုင်လတွင် ဆေးပေါင်းစုံ၍ ဆေးပေါင်းစုံနတ်များ
မဲဇလီပင် စောင့်နတ်ထံ လာကြသည်။ သို့အတွက် မဲဇလီဖူးသုပ်၍ ဓာတ်စာအဖြစ်
စားရသည်။ ငယ်ငယ်က ကျီးမနိုးပွဲလုပ်ရင်း မဲဇလီဖူးသုပ် စားရသည်မှာ
အလွန်အရသာရှိ၏။ သမ်းသမ်းမဲမဲ အိပ်ပျော်ခဲ မဲဇလီနဲ့စားဆိုသဖြင့် မဲဇလီကား
အိပ်ဆေးတစ်မျိုးပေတည်း။
မသိုးသင်္ကန်း ကြာသင်္ကန်းကပ်ခြင်း
တန်ဆောင်မုန်းလရောက်လျှင် ရွှေတိဂုံကုန်း၌ ရက်ကန်းခတ်ပြိုင်ကြသည်။
မသိုးသင်္ကန်း၊ ကြာသင်္ကန်းများခတ်၍ ရုပ်ပွားတော်များကို ပူဇော်ကြ၏။
ကထိန်လျာသင်္ကန်းကို မိုးမလင်းမီ ပြီးအောင်ခတ်ရသည်မှာ မလွယ်ကူ။ နေ့ကူးလျှင်
သင်္ကန်းသိုးဖြစ်သွား၍ မသိုးသင်္ကန်းဖြစ်အောင် အချိန်မီကြိုးစား ခတ်ကြရသည်။
သာမညဖလအခါတော်
သာသနာတော်တွင် တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလအခါတော်နေ့” ဟုလည်း
ခေါ်ကြသည်။ ဖခင်ဗိမ္မိသာရကို သတ်ခဲ့မိသော သားတော် အဇာတသတ်သည် ဇီဝကသမားတော်၏
အကူအညီဖြင့် ဘုရားထံရောက်ရှိသွားပြီး ရဟန်းပြုရသည့် အကျိုးကျေးဇူးများကို
လျှောက်ထားရာ မြတ်စွာဘုရားက ရဟန်းပြုရသည့်အကျိုး ၁၃ မျိုးကို
ရှင်းလင်းဟောကြားခဲ့၏။
ဤတန်ဆောင်မုန်းလတွင် ကျီးတာရာနှင့်
ကြတ္တိကာထွန်းသည်။ မြောက်ပြန်လေခ တန်ဆောင်တိုင်လ အကြောင်းကို
မဟာအတုလမင်းကြီး၏ လွမ်းချင်းလေးဖြင့် နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ရပေသည်။
မြောက်လေငယ်သွင်းပါလို့
မြူနှင်းငယ်စိုစို
မြင်တိုင်းငယ်ပျိုသည်
ရွှေကျီးညိုတာရာနှင့်
ကြတ္တိကာထွန်းတဲ့လကိုလေး။
တန်ဆောင်ငယ်မာသ ၁၂ လတွင်
ချမ်းမြအေးရင် ဗြိစ္ဆာခွင်သို့
ရက်ငင်ပြောင်းခွာ ခဝဲဝါလည်း
ခိုင်လွှာဝတ်မှုန် ရနံ့သာထုံတော့တယ်
ဘုန်းဂုဏ်ကြော့သမ္ဘာန်မှာ
လှူကထိန်သဘင်ခင်းလို့
ကျင်းကြတယ်လေး။
ကျမ်းကိုး-
- သာသနာ့ရောင်ခြည်အထူးထုတ်များ
- သုတပဒေသာစာအုပ် (စာပေဗိမာန်)
- စာပေ၀တ်ဆံ (ဒဂုံနတ်ရှင်)
Credit - Eleven Media Group
No comments:
Post a Comment