အဲဒီဆယ်ချက်ထဲမှာ ထိပ်ဆုံးတစ်နံပါတ်အဖြစ် သတ်မှတ်ထားတာက “စိတ်ကောင်းရှိဖို့ ပထမ” ဆိုတဲ့ အချက်ပဲ ဖြစ်တယ်။ ကျန်တဲ့ အချက်တွေထဲမှာတော့ ကျင့်ဝတ်ဝိနည်း၊ ကျန်းမာ၊ သန့်ရှင်းရေး၊ ဝတ်စား၊ နေထိုင်သွားလာ၊ ပြောဆိုတတ်ဖို့၊ စည်းကမ်းလိုက်နာဖို့နဲ့ စာတတ်ဖို့ဆိုပြီး အစဉ်လိုက် ရှိတယ်။
စာသင်သားတွေ ဖြစ်တဲ့အတွက် စာတတ်ဖို့က ဘာလို့ နောက်ဆုံးမှ ရှိနေရတာလဲလို့ မေးစရာရှိမယ်။ စာဘယ်လောက်တတ်တတ် စိတ်ကောင်းမရှိရင် ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့ တစ်ကိုယ်ကောင်းသမား ဖြစ်ဖို့ ရာနှုန်းများတာကို ဆရာတော်ကြီးက ကြိုသိနေလို့ပေါ့။
ကျွန်တော်တို့တစ်တွေက ဗဟိုချုပ်ကိုင်တဲ့စနစ်လို့ ယဉ်ယဉ်ကျေးကျေး ပြောနိုင်ပြီး အာဏာရှင်စနစ်လို့ တည့်တည့်ပြောတဲ့ အခြေအနေအောက်မှာ နေခဲ့ကြတာဆိုတော့ အမိန့်နာခံတဲ့သူ၊ ပြောတဲ့အတိုင်း လုပ်တဲ့သူကို အာဏာရှင်တွေက ပိုကြိုက်တာ သဘာဝပဲ။
အာဏာရှင်တွေ သူတို့လုပ်ချင်တဲ့ လုပ်ငန်းတွေ၊ စီမံကိန်းတွေကို သူတို့အလိုကျ ကြံစည်ဖော်ထုတ်ဖို့၊ အကောင်အထည် ဖော်ဖို့ကျတော့ ပညာရှင်တချို့ လိုတယ်။ အဲဒီပညာရှင်တွေက တော်ဖို့ပဲ လိုတယ်၊ ကောင်းဖို့ မလိုဘူး။
ဆိုလိုတာက ပညာရပ်ပိုင်းဆိုင်ရာမှာ တော်နေရင်ပြီးရော၊ စိတ်ကောင်းရှိစရာ မလိုဘူး၊ အာဏာရှင်အလိုကျ တွေးခေါ်၊ ကြံစည်၊ လုပ်ကိုင်ပေးရင်ရပြီ ဆိုတဲ့ သဘောတရားပေါ့။ အဲဒီသဘောတရားက မြန်မာလူ့အဖွဲ့အစည်းမှာ နှစ်တော်တော်ကြာကြာ ကျင့်သုံးခဲ့တော့ နေရာတိုင်းမှာ အဲဒီသဘောတရားရဲ့ သက်ရောက်မှု အနည်းနဲ့အများ ဆိုသလို ရှိနေတယ်။
တချို့နေရာမှာကျ လူတော်တွေ အရေးတကြီး လိုအပ်နေတဲ့အခါ လူကောင်းဖြစ်လား၊ မဖြစ်လား မသိနိုင်ဘဲ ဆွဲခေါ်၊ ဆွဲသုံးရတဲ့ အခါမျိုးလည်းရှိတယ်။ ကြာကြာဝါးကြည့်မှ ခါးမှန်းသိ ဆိုသလို အချိန်ကြာကြာ လက်တွဲလုပ်ကြည့်မှ “တော်တော့ တော်တယ်၊ စိတ်ကောင်းမရှိဘူး” ဆိုတာမျိုး သိလာတတ်တယ်။
အဲဒါကြောင့်ထင်တယ် လမ်းစဉ်ပါတီခေတ်မှာ အာဏာရှင်ကြီး ဦးနေဝင်းက အရင်တစ်လျှောက်လုံး ယဉ်ပါးလာခဲ့တဲ့ “လူတော်၊ လူကောင်း” ဆိုတဲ့ အသုံးအနှုန်းကို “လူကောင်း၊ လူတော်” ဆိုပြီး ပြင်သုံးခဲ့ဟန်တူတယ်။ သူကတော့ တိုင်းပြည်အတွက်၊ ပြည်သူအတွက် လူကောင်းကို အရင်ဦးစားပေးတာထက် သူ့အကျိုးစီးပွားအတွက် အသုံးချဖို့၊ သူ့အပေါ် ကောင်းဖို့ကို စဉ်းစားတာက ခြွင်းချက်လို့ ပြောရမယ်။ အဲဒီရဲ့ အကျိုးဆက်က ပြည်သူအတွက်၊ တိုင်းပြည်အတွက် စေတနာထားတဲ့၊ စိတ်ကောင်းရှိတဲ့ လူတော်၊ လူကောင်းတွေ ချောင်အထိုးခံရပြီး သူ့အပေါ်ပဲ ကောင်းတဲ့ လူတော်နာမည်ခံတွေပဲ နေရာရခဲ့တာပဲပေါ့။
အဲဒီလို တိုင်းပြည်ကိုရော လူတွေကိုရော၊ နှစ်ပေါင်းများစွာ စနစ်တကျ အဖျက်ဆီး ခံရသလို ဖြစ်နေတဲ့ မြန်မာလူ့အဖွဲ့အစည်း တစ်ခုလုံးက အခုအချိန်မှာ အစစအရာရာ ပြန်တည်ဆောက်နေဆဲမို့ လူတော်တွေ အများကြီး လိုနေတာ မှန်ပေမယ့် လူကောင်းတွေ ဖြစ်ဖို့လည်း အရေးကြီးတယ်။
တော်ပြီး မကောင်းရင် နောက်ဆက်တွဲ ရှင်းရမယ့် ပြဿနာက တော်လို့ ရထားတဲ့ အားသာချက်တွေ အကုန်လုံး သွန်ပစ်လိုက်သလို ဖြစ်တတ်တဲ့အတွက် “စိတ်ကောင်းရှိဖို့ ပထမ” ဆိုတဲ့ အချက်ကို အမြဲသတိပြုမိကြဖို့ ပြောလိုရင်း ဖြစ်ပါတယ်။
အယ်ဒီတာ (၁၈-၁၀-၂၀၁၄)
--------------------------
The Voice Sunday Editor's Word, Vol-2/No-161 (#voiceeditorial)
Credit - The Voice Weekly

No comments:
Post a Comment