(ဆောင်းပါးရှင် - နီမင်းဆွေ)
အမိနိုင်ငံတော်ကို
ကာကွယ်ဖို့လိုအပ်တဲ့အချိန်မှာ စစ်မှုထမ်းလိုက်တယ်ဆိုရင်ပဲ
ယေဘုယျအားဖြင့်တော့ ရဲရင့်ခြင်း မည်ပါတယ်။ စစ်မှုထမ်းတာချင်း အတူတူ တာဝန်ကျေ
ထမ်းဆောင်သူတွေရှိသလို အသက်ကို ပဓာနမထားဘဲ ရှေ့တန်းမှာ
တာဝန်ထမ်းဆောင်ကြတဲ့ စစ်သည်တော်တွေလည်း ရှိကြပါတယ်။ ဒါ့ကြောင့်လည်း
ရှေ့တန်းစစ်မျက်နှာမှာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်သူတွေကို နိုင်ငံတိုင်း
နိုင်ငံတိုင်းမှာရှိတဲ့ တပ်မတော်တွေက အဲဒီစစ်သည်တွေရဲ့ ရဲရင့်မှုအတွက်
ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ကြလေ့ရှိတာ ဖြစ်ပါတယ်။
ဟိုရှေးအရင်တုန်းကတော့ ရဲရင့်ခြင်းအပြင် စစ်သားတစ်ယောက်ရဲ့ ဂုဏ်ဒြပ်ကိုပါ
အလေးထားကြလေ့ရှိပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြပါတယ်။
နပိုလီယံကတော့ “အပင်ပန်း အဆင်းရဲခံနိုင်ခြင်းနှင့်
အငတ်မွတ်ခံနိုင်ခြင်းသည်
စစ်သားတစ်ယောက်၏ ဂုဏ်ဒြပ်ပင်ဖြစ်သည်” လို့ ဆိုခဲ့ပါတယ်။
သူ့ခေတ်သူ့အခါအနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒီစကားထက်မှန်တဲ့
အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုး မရှိနိုင်တော့ဘူးလို့တောင် ဆိုရမှာဖြစ်ပါတယ်။
အခုခေတ် အခုအခါအနေနဲ့ ကျပြန်တော့လည်း အဲဒီစကားကို မှန်တယ်လို့ ဘယ်လိုလုပ်
ပြောလို့ရနိုင်ပါတော့မလဲ။ အခုခေတ် စစ်သားတွေအနေနဲ့ ခေတ်မီနည်းပညာတွေနဲ့
ကွန်ပျူတာကျွမ်းဖို့လည်း လိုသေးတာမဟုတ်လား။ ဒါမှမဟုတ်ရင်တော့
မောင်းသူမဲ့လေယာဉ်တွေကို ဘယ်လိုလုပ်ပြီး ကိုင်တွယ်ထိန်းချုပ်လို့
ရနိုင်ပါ့မလဲ။ ဒါတွေကိုတွေးမိရင်း နောင်တစ်ခေတ်မှာ ဘွဲ့ထူးဂုဏ်ထူးတွေကို
ဘယ်လိုလုပ်ပေးကြလေမလဲလို့တောင် စဉ်းစားမိပါတယ်။ အခုအချိန်ထိတော့ အဲဒီပြဿနာ
မရှိသေးပါဘူး။ စစ်ပွဲတွေ သိပ်မရှိတော့တဲ့ကာလမို့ ဘွဲ့ထူးဂုဏ်ထူးတွေ
သိပ်အများကြီးပေးနေစရာ မလိုတော့တာကိုတော့ သတိထားမိပါတယ်။ အဲဒါ ကောင်းသလား
မကောင်းဘူးလား ဆိုတာကိုလည်း ဆက်တွေးမနေချင်တော့ပါဘူး။
ဒုတိယကမ္ဘာစစ်
အတွင်းတုန်းက ဂျာမန်တပ်မတော်ထဲမှာတော့ (Iron Cross) ဆိုတဲ့
ဘွဲ့ထူးဂုဏ်ထူးကို လိုချင်သူတွေ များလှပါတယ်။ ဒီဘွဲ့ထူးဂုဏ်ထူးမှာ
ပထမတန်းစားနဲ့ ဒုတိယတန်းစားရယ်လို့ နှစ်မျိုးရှိပြီး စစ်ပွဲမှာ
အထောက်အကူပေးခဲ့တဲ့ အရပ်သား လေယာဉ်မောင်းတွေကိုလည်း ဒီဘွဲ့ကို
ချီးမြှင့်ပေးခဲ့တာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း ဘာပဲပြောပြော ရံဖန်ရံခါမှာ
ဒီဂျာမန်ဘွဲ့ထူး ဂုဏ်ထူးတွေမှာ မတော်လောဘတွေ မရိုးသားမှုတွေ ကပ်ငြိနေတာကို
သတိထားလာမိကြပါတယ်။ ဒီအကြောင်းပေါ်လွင်အောင် ရိုက်ကူးထားတဲ့
ရုပ်ရှင်ဇာတ်ကားတစ်ကားဟာ ၁၉၇၇ ခုနှစ်မှာ ပေါ်ထွန်းခဲ့ပြီး ဇာတ်ကားနာမည်ကတော့
(Cross of Iron) ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာ
တပ်ကြပ်စတိုင်လာဦးစီးတဲ့ ဂျာမန်တပ်စုတစ်စုဟာ အရှေ့ဘက်စစ်မျက်နှာမှာ
ရုရှားတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေရပါတယ်။ အဲဒီအချိန်မှာ အသက် ၁၃
နှစ်အရွယ် ရုရှားကလေးစစ်သားလေး တစ်ယောက်ကို စတိုင်လာတို့ ဖမ်းမိပါတယ်။
နောက်မကြာခင်မှာ ဂျာမန်မင်းမျိုးစိုးနွယ်က ဆင်းသက်လာတဲ့
ဗိုလ်ကြီးစထရန်စကီးဆိုသူဟာ စတိုင်လာတို့ နေရာယူထားတဲ့ စစ်မြေပြင်ကို
ရောက်လာပါတယ်။ အချိန်ကတော့ ၁၉၄၃ ခုနှစ်ထဲမှာပါ။ စထရန်စကီးက သူဟာ
ဂျာမန်တွေသိမ်းပိုက်ထားပြီးဖြစ်လို့ ကျည်လွတ်မြေဖြစ်နေတဲ့
ပြင်သစ်နိုင်ငံထဲမှာ ဆက်နေချင်ရင် နေလို့ရပေမဲ့ ဂျာမန်တပ်မတော်က
ချီးမြှင့်ပေးအပ်တဲ့ ဘွဲ့ထူးဂုဏ်ထူးဖြစ်တဲ့ (Iron Cross) ကိုလိုချင်လို့
ဒီနေရာကို ဆန္ဒပြုပြီး တောင်းပြောင်းလာတာလို့ သူ့ရဲ့တပ်ရင်းမှူး
ဗိုလ်မှူးကြီးဘရန့်ကို ပြောပါတယ်။ ဗိုလ်ကြီးစထရန်စကီးဟာ ခုနကဖမ်းမိတဲ့
ရုရှားကလေးစစ်သားကို စတိုင်လာကိုယ်တိုင်ပစ်သတ်ဖို့ အမိန့်ပေးပါတယ်။ ဒါပေမဲ့
စတိုင်လာဟာ အဲဒီအမိန့်ကို မနာခံခဲ့ပါဘူး။ ကလေးကိုဖက်ပြီး ခပ်တည်တည်နဲ့
အိပ်ဆောင်တွေဘက် ထွက်သွားခဲ့တာပါ။ ဖမ်းမိတဲ့ကလေးကို ပစ်သတ်တဲ့အလုပ်က
စစ်သားကောင်းတို့လုပ်အပ်တဲ့ အလုပ်လို့ စတိုင်လာ ခံယူမထားတဲ့အတွက်
အဲဒီအမိန့်ကို မနာခံခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဗိုလ်ကြီးစထရန်စကီးက
စတိုင်လာကို တပ်ကြပ်ကြီးအဆင့်အထိ ရာထူးတိုးပေးလိုက်ကြောင်း ပြောတဲ့အခါမှာ
စတိုင်လာက အေးတိအေးစက်လုပ်နေလို့ အံ့ဩနားမလည် ဖြစ်ခဲ့ရပါတယ်။
စတိုင်လာရဲ့လုပ်ရပ်ကို စထရန်စကီး ဘယ်နားလည်နိုင်ပါ့မလဲ။ သူကတော့
စစ်သားတိုင်းစစ်သားတိုင်း ရာထူးတက်ချင်လို့ စစ်တိုက်နေကြတာပဲလို့
ထင်နေတဲ့လူကိုး။
အဲဒီအချိန်မှာ မျှော်လင့်ထားတဲ့အတိုင်း ရုရှားတွေက
တန်ပြန်ထိုးစစ်ဆင်လာပါတယ်။ စတိုင်လာက ဖမ်းမိထားတဲ့ ရုရှားကလေးစစ်သားလေး
အသက်ချမ်းသာရာရစေဖို့ သူ့ကိုရုရှားတပ်တွေဘက် ပြန်ပြေးသွားနိုင်အောင်
လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီကလေးစစ်သားလေးဟာ ရုရှားတပ်တွေရဲ့
လူမှားပစ်တာကို ခံလိုက်ရပြီး သေဆုံးသွားပါတယ်။ ဒီအချိန်မှာ
ရုရှားတပ်တွေရဲ့ထိုးစစ်က ပြင်းထန်လာလို့ ဗိုလ်ကြီးစထရန်စကီးဟာ
ဘန်ကာထဲဝင်ပြီး ကြောက်လို့ပုန်းနေပါတယ်။ အဲဒီအချိန်မှာ “ဗိုလ်မေယာ” ဆိုတဲ့
တပ်ခွဲအရာရှိဟာ တပ်ခွဲကိုဦးဆောင်ပြီး ရုရှားတွေကို
တန်ပြန်တိုက်စစ်ဆင်ရင်းနဲ့ ကျဆုံးသွားပါတယ်။ စတိုင်လာလည်း
ဂျာမန်စစ်သားတစ်ယောက်ကို ကယ်တင်ဖို့ကြိုးစားရင်း ဒဏ်ရာရသွားလို့
နောက်တန်းကိုပြန်ပို့ခံရပြီး ဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံပေါ်မှာလည်း
ရှေ့တန်းမှာကျဆုံးသွားတဲ့ ဗိုလ်မေယာရဲ့မျက်နှာနဲ့ ရုရှားစစ်သည်လေးရဲ့
မျက်နှာကိုပဲ စတိုင်လာ မြင်ယောင်နေမိပါတယ်။ စတိုင်လာဟာ
ပြန်နေကောင်းလာတဲ့အခါမှာ ဆေးခွင့်ရပေမယ့် မယူဘဲ ရှေ့တန်းကိုပြန်လာခဲ့ပါတယ်။
ရှေ့တန်းရောက်တဲ့အခါမှာ ဗိုလ်ကြီးစထရန်စကီးဟာ ပြီးခဲ့တဲ့တိုက်ပွဲတုန်းက
ရန်သူကို စွမ်းစွမ်းတမံ သူတန်ပြန်တိုက်ခိုက်ခဲ့တယ်ဆိုပြီး
ဘွဲ့ထူးဂုဏ်ထူးရဖို့ စာရွက်စာတမ်းတွေကို ကိုယ်တိုင်ပြုစုနေတာကို
တွေ့ရပါတယ်။ ဒီနေရာမှာ သူဘွဲ့ထူးဂုဏ်ထူးရဖို့ အရေးကြီးသက်သေနှစ်ယောက်
လိုနေပါတယ်။ တစ်ယောက်ကတော့ တပ်ရေးဗိုလ်ကြီး ဗိုလ်ထရီးဘစ်ဖြစ်ပြီး
ထရီးဘစ်ကို သူ့ကိုထောက်ခံပေးဖို့ စည်းရုံးပါတယ်။ မထောက်ခံရင် သူလိင်တူကို
စိတ်ဝင်စားသူ ဖြစ်တယ်ဆိုတာကို လူသိအောင် လုပ်မယ်ဆိုပြီးတော့လည်း
ခြိမ်းခြောက်ပါတယ်။ စတိုင်လာကိုကျတော့ သူ့ကိုထောက်ခံပေးရင်
စစ်ကြီးပြီးသွားတဲ့အခါ ချီးမြှောက်မယ်လို့ပြောပြီး စည်းရုံးပါတယ်။
စတိုင်လာကတော့ အဖြေပေးဖို့ စဉ်းစားဦးမယ်လို့ပဲ ပြောခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ တပ်ရင်းအနေနဲ့ လက်ရှိနေရာကဆုတ်ခွာဖို့ အထက်ဌာနချုပ်က
အမိန့်ရရှိလာပါတယ်။ စထရန်စကီးဟာ သူကိုယ်တိုင်ကတော့ ဆုတ်ခွာသွားပြီး
စတိုင်လာတို့တပ်စုကို လက်ရှိနေရာမှာပဲ ပစ်ထားခဲ့ပါတယ်။ စတိုင်လာတို့ဟာ
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆုတ်ခွာလာခဲ့ရာမှာ အရင်တုန်းက
ကိုယ်စိုးမိုးထားနိုင်ခဲ့တဲ့ ကိုယ်ရဲ့နယ်မြေကို ရန်သူရုရှားတပ်တွေ
သိမ်းပိုက်ထားပြီး ဖြစ်နေတယ်ဆိုတာကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ သူတို့ဟာ
မမျှော်လင့်ဘဲ လူဆယ်ယောက်လောက်ပါတဲ့ ရုရှားအမျိုးသမီး တပ်ဆွယ်လေးတစ်ဆွယ်ကို
လက်ရဖမ်းမိခဲ့ပါတယ်။ စတိုင်လာရဲ့တပ်စုဟာ ရန်သူရုရှားတပ်တွေရဲ့ နယ်မြေကို
ဖြတ်သန်းတဲ့အခါမှာ လိုအပ်ရင် အယောင်ဆောင်ပြီးဝတ်ဖို့
ရုရှားအမျိုးသမီးစစ်သည်တွေရဲ့ ယူနီဖောင်းတွေကို ချွတ်ယူလာခဲ့ပြီး
မိန်းမတွေကိုတော့ အခန်းတစ်ခန်းထဲမှာ သော့ခတ်ထားခဲ့ကြပါတယ်။ အဲဒီနောက်
စတိုင်လာတို့ဟာ အဲဒီနေရာကနေ ဆုတ်ခွာလာရင်း ဂျာမန်တပ်တွေ
အနားရောက်လာတဲ့အခါမှာ အချင်းချင်း လူမှားပြီးမပစ်မိစေဖို့ စက်နဲ့အဆက်အသွယ်
လုပ်ကြပါတယ်။ ဒါပေမဲ့ စထရန်စကီးက ထရီးဘစ်ကို လူမှားသယောင်ယောင်နဲ့
စတိုင်လာတို့ကိုပစ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ အဲဒီမှာ အားလုံးသေကုန်ပြီး
စတိုင်လာနဲ့ ရဲဘော်နှစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ပါတယ်။ ထရီးဘစ်က သူ့မှာ
အပြစ်မရှိဘူးလို့ ငြင်းဆိုပေမယ့် စတိုင်လာက သူ့ကိုပစ်သတ်လိုက်ပါတယ်။
နောက်ပြီးမှ စတိုင်လာက စထရန်စကီးကို လိုက်ရှာတော့တာပါပဲ။
စတိုင်လာဟာ
စထရန်စကီးကို ရှာတွေ့ပေမယ့် ပစ်မသတ်ခဲ့ပါဘူး။ သူ့ကို သေနတ်တစ်လက်ပေးပြီး
ဘွဲ့ထူးဂုဏ်ထူးဆိုတဲ့ ပန်းလေးတွေ ပွင့်တဲ့နေရာဟာ ဘယ်နေရာလဲဆိုတာ သိရအောင်
သွားကြည့်မလို့ သိချင်ရင် လိုက်ခဲ့လို့ခေါ်တဲ့အခါ စထရန်စကီးလည်း
စတိုင်လာနောက်ကလိုက်လာပြီး တိုက်ပွဲဝင်ပါတယ်။ ကျည်ကုန်သွားတဲ့ကျည်ကပ်ကို
ကျည်ကပ်အသစ်နဲ့လဲတဲ့ အလုပ်ကိုတောင် ကျွမ်းကျွမ်းကျင်ကျင် မလုပ်တတ်တဲ့
စထရန်စကီးဟာ ကျည်ကပ်ကိုအထစ်ထစ်အငေါ့ငေါ့နဲ့ လဲနေတုန်းမှာပဲ
ဇာတ်လမ်းအစမှာတုန်းက သေဆုံးသွားခဲ့တဲ့ ရုရှားကလေးစစ်သည်လေးနဲ့
အရွယ်ရောမျက်နှာပါဆင်တဲ့ တခြားရုရှားကလေး စစ်သည်တစ်ယောက်က ပစ်ချလိုက်လို့
စထရန်စကီး ဒဏ်ရာရသွားပါတယ်။ စထရန်စကီးက သူကိုကယ်ပါဦးလို့ စတိုင်လာကို
ကြောက်အားလန့်အားနဲ့ အော်ပြောနေတဲ့ စထရန်စကီးရဲ့ အဖြစ်ကိုကြည့်ပြီး
စတိုင်လာ ရယ်မောနေချိန်မှာပဲ ရုပ်ရှင်လည်း ပြီးသွားပါတယ်။
ဒီဇာတ်ကားကိုကြည့်ပြီး ဂျာမန်စစ်ဗိုလ်ချုပ်ကြီးရွန်မဲ ပြောခဲ့တဲ့
စကားတစ်ခွန်းကို သတိရမိပါတယ်။ သူပြောခဲ့တာက “ငါအသက်မသေဖို့နဲ့
ငါ့ရဲဘော်တွေမသေဖို့ အစွမ်းကုန်ကြိုးစားရင်းနဲ့ ဒီလိုအခြေအနေမျိုးကို
ရောက်လာခဲ့တာပဲ” လို့ ဖြစ်ပါတယ်။ ထင်ရှားကျော်ကြားဖို့ဆိုတာနဲ့
ဘွဲ့ထူးဂုဏ်ထူး တစ်ခုခုကို ရဖို့ဆိုတဲ့ ဝေါဟာရမျိုးဟာ ရွန်မဲရဲ့
အဘိဓာန်ထဲမှာ လုံးဝမရှိခဲ့ပါဘူး။ ဒါ့ကြောင့် ရွန်မဲဟာ
ဂျာမန်စစ်သည်အချင်းချင်းကတောင် မကဘဲ ရန်သူမဟာမိတ် စစ်သည်တွေရဲ့
လေးစားခြင်းကိုတောင် ခံခဲ့ရသူဖြစ်လို့ စစ်သမိုင်းမှာ ထင်ရှားပါတယ်။
ဘယ်နေရာမှာမဆို မွန်မြတ်တဲ့စိတ်ထားနဲ့ ကိုယ်လုပ်ရမယ့် လုပ်ငန်းတာဝန်ကို
ဘာမျှော်လင့်ချက်မှမထားဘဲ ကျေပွန်အောင်လုပ်နိုင်ဖို့ကိုပဲ
ဝါယမစိုက်ထုတ်တာဟာ အမှန်ကန်ဆုံးပါပဲ။ အများပြည်သူတွေက
ကိုယ့်ကိုကြည်ညိုလေးစား ချစ်ခင်လာဖို့ ဆိုတာကတော့ ရွန်မဲပြောခဲ့သလို
ကိုယ်မရည်ရွယ်ခဲ့ပေမယ့်လည်း ကိုယ့်စေတနာမှန်ရင် သူ့အလိုလို
အကျိုးပေးလာမှာပဲ ဖြစ်ပါတယ်။
Credit - Eleven Media Group
No comments:
Post a Comment