တောင်ငူ၊ အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး ဖြုးမြို့နယ်
အိုးဘိုကုန်းကျေးရွာမှာ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ ခန့်က
ဖြစ်ပွားခဲ့တဲ့ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူဟု ဆိုသူကို
ငါးနာရီအတွင်း ဖမ်းမိတယ်လို့ ဖြူးမြို့နယ် မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက
ပြောပါတယ်။
“မျိုးသိန်း(ခ)ငမျိုးကို အိုးဘိုကုန်းရွာ အပြင်ဘက်
လယ်ကွင်းထဲမှာ ည ၁၀ နာရီခွဲလောက်မှာ ကိုင်းခုတ်ဓားနဲ့အတူ ဖမ်းမိတာ။
လောလောဆယ်တော့ ဖြူးဆေးရုံကြီးမှာ တင်ထားတယ်” လို့ သူက ဆိုပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်ခန့်က စိတ်ကျန်းမာရေး အားနည်းမှုကြောင့် ခွဲစိတ်ကုသမှု
ခံယူထားရတဲ့ မျိုးသိန်းက တစ်ရွာတည်းနေ မိခင်နဲ့ ညီမအပါအဝင်
သံဃာတော်တစ်ပါးကို ကိုင်းခုတ်ဓားဖြင့် ခုတ်သတ်ခဲ့တာ ဖြစ်တယ်လို့
အိုးဘိုကုန်းကျေးရွာ ဒေသခံတွေ ဆီကနေ သိရပါတယ်။
အသက် ၆၇ နှစ်အရွယ်
မိခင် ဒေါ်သန့်နွဲ့နဲ့ အသက် ၂၃ နှစ်အရွယ် ညီမဒေါ်နီနီဝင်းတို့ကို အရိုးအသွား
လေးပေခန့်ရှိ ကိုင်းခုတ်ဓားနဲ့ သတ်ပြီးတော့ ရွာလယ်လမ်းမပေါ်သို့
ထွက်ပြေးပြီး ရွာလယ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် ရှေ့မုခ်ဦးမှာ
ထိုင်နေတဲ့ သက်တော် ၅၅ နှစ်အရွယ်ရှိ ဦးပညာသာမိ ကိုလည်း ထပ်မံခုတ်သတ်ခဲ့တာ
ဖြစ်တယ်လို့ ဖြူးမြို့နယ်မြို့မ ရဲတပ်ဖွဲ့ စခန်း မှတ်တမ်းတွေအရ သိရပါတယ်။
သုံးလောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်လို့ ဖြူးမြို့နယ် မြို့မရဲစခန်းက
ပြစ်မှုပုဒ်မ ၃-၂ နဲ့ အမှုဖွင့်ထားတယ်လို့ အဲဒီ ရဲတပ်ဖွဲ့စခန်းကနေ သိရပါတယ်။
Credit - The Voice Weekly
No comments:
Post a Comment