အောက်တိုဘာ
၁၇ ရက် ညဦးပိုင်းက ပခုက္ကူဒေသတစ်ဝိုက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ
ချောင်းရေကျဆင်းမှုကြောင့် လူနှစ်ဦး သေဆုံးပြီး နေအိမ် ၃၉ လုံး ပျက်စီး
ယခုလ ၁၇ ရက် ညဦးပိုင်းတွင် ပခုက္ကူ ဒေသတစ်ဝိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ ချောင်းရေကျဆင်းမှုကြောင့် လူနှစ်ဦး သေဆုံးပြီး နေအိမ် ၃၉ လုံး ပျက်စီးဆုံးခဲ့ကြောင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
သေဆုံးသူနှစ်ဦးထဲမှ ညောင်နီပင်ကျေး ရွာမှ ကိုအောင်မြင့်ဦး (၃၅)နှစ်မှာ နေအိမ်သို့ပြန်စဉ် ရွာထိပ်ချောင်းအတွင်း တောင်ကျဖြင့် မျောပါသေဆုံးသွားခြင်းဖြစ်ပြီး အိုင်ကြီးကျေး ရွာနေကိုအောင်သီဟ
(၂၁) နှစ်မှာလည်း ကျွန်းချောင်းဈေးအနီး ချောင်းအား ဆိုင်ကယ်ဖြင့် ဖြတ်ကူးစဉ် တောင်ကျရေ အရှိန်ကြောင့် ဆိုင်ကယ်ရောလူပါ ချောင်းရေနှင့်အတူ မျောပါသေဆုံး သွားခြင်းဖြစ်သည်။
တောင်ကျရေကျဆင်းမှု များပြားသည့်အတွက် ကျွန်းချောင်းကျေးရွာ အုပ်စုတွင် နေအိမ်နှစ်လုံး ရေစီးဖြင့် မျောပါပျက်စီးခဲ့ပြီး နေအိမ် ၃၇ လုံးမှာလည်း အဆောက်အအုံ အစိတ်အပိုင်းများ ပျက်စီးခဲ့ကာ အိမ်မွေးတိရစ္ဆာန် ဝက်တစ်ကောင်နှင့် ကြက် ၁၅ ကောင်လည်း မျောပါသေဆုံး ခဲ့ကြောင်းလည်း သိရသည်။
ကျွန်းချောင်းဈေးအနီးရှိ တောင်မရိုးချောင်း ချောင်းရေလျှံမှုကြောင့် ဈေးဆိုင်ခန်း အများအပြားတွင် ရောင်းချသည့် ကုန်ပစ္စည်းများ ရေစီးနှင့် မျောပါပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုး ၉၇၃ဝဝဝဝ ကျပ်ရှိကြောင်းလည်း ဒေသခံ အာဏာပိုင်များ တွက်ချက်မှုအရ သိရသည်။
ချောင်းရေကျဆင်းမှု များပြားသည့်အတွက် ပခုက္ကူနှင့် ကျွန်းချောင်းကျေးရွာကြား ကားလမ်းပိုင်းများ ပျက်စီးခဲ့သည့်အပြင် ချောင်းနံဘေးရှိ စိုက်ခင်းများလည်း ရေလျှံမှုကြောင့် သဲများဖုံးလွမ်းကာ ဆောင်းသီးနှံ အများအပြား ပျက်စီးဆုံးရှုံး ခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
“ညနေ ၆ နာရီလောက်ကတည်းက နံနက်လင်းကာနီးမှ တိတ်သွားတယ်။ ကျွန်မတို့က အိမ်ထဲချောင်းရေဝင်တာ များလာကတည်းက လွတ်တဲ့နေရာကို ပြေးကြတာ။ တစ်ညလုံး သူများအိမ်မှာပဲ အိပ်လိုက်ရတယ်။ နံနက်လင်းလို့ ကိုယ့်အိမ်ပြန်လာတော့မှ အိမ်ကမရှိတော့ဘူး။ ဘာပစ္စည်းမှလည်း မရလိုက်ဘူး။ လူမသေတာပဲ ကံကောင်းတယ် ပြောရမှာ” ချောင်းရေကျဆင်းမှုကြောင့် နေအိမ်မျောပါ ပျက်စီးခဲ့သည့် ကျွန်းချောင်းကျေးရွာမှ မဌေးဌေးလှက ဆိုသည်။
“ချောင်းရေ အဲဒီလောက်မများတာ အတော်ကြာပြီ။ ဒီနှစ်မှ ပြန်ဖြစ်တော့တာ။ ချောင်းရေတွေ ဆိုင်အောက်ရောက်တာနဲ့ ကျွန်မတို့လည်း အပေါ်တက်ပြေးကြတယ်။ ပစ္စည်းတွေကတော့ အကုန်မျောပါသွားတယ်။ လူကတော့ ဘာမှမဖြစ်လိုက်ဘူး” ဟု ကျွန်းချောင်းဈေးမှ ကိုချစ်ဆန်းဦးက ဆိုသည်။
ချောင်းရေကျဆင်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပက်သက်၍ ဒေသအာဏာပိုင်များဖက်မှ စာရင်းကောက်ခံမှုများ ပြုလုပ်နေသော်လည်း ကူညီမှုတစ်စုံတစ်ရာ မရှိသေးကြောင်းသိရပြီး ရေစီးနှင့်မျောပါ ပျောက်ဆုံးသူနှစ်ဦးမှာလည်း ရှာဖွေဆဲဖြစ်ကြောင်း သိရသည်။
ပခုက္ကူဒေသတစ်ဝိုက် ဒေသခံများမှာ မိုးဦးနှင့် မိုးလယ်ကာလများတွင် မိုးခေါင်မှုကြောင့် အဆင်မပြေမှုများစွာ ကြုံတွေ့ရသော်လည်း ယခုကဲ့သို့ မိုးနှောင်းကာလ ကုန်ဆုံးချိန်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေလျှံမှု ဖြစ်ပေါ်ကာ ပျက်စီးမှုများ ကြုံတွေ့ရပြီး ၂ဝ၁၁ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ချောင်းရေကြီးမှုတွင် လူ ၁ဝဝ ကျော် ချောင်းရေနှင့်အတူ မျောပါသေဆုံးခဲ့ဖူးသည်။
Credit - Eleven Media Group

No comments:
Post a Comment