Sunday, October 19, 2014

မွေးကင်းစကလေး သေဆုံးမှုနှင့်ပတ်သက်၍ ၀ိတိုရိယဆေးရုံ၏ သဘောထား ထုတ်ပြန်ချက်အပေါ်

မွေးကင်းစကလေး သေဆုံးမှုနှင့်ပတ်သက်၍ ၀ိတိုရိယဆေးရုံ၏ သဘောထား ထုတ်ပြန်ချက်အပေါ် ကာယကံရှင်မိသားစုက လုံးဝလက်မခံဘဲ ဥပဒေအရ ဆက်လက်လုပ်ဆောင်သွားမည်ဟုဆို
မွေးကင်းစကလေး သေဆုံးမှုနှင့် ပတ်သက်၍ ဝိတိုရိယဆေးရုံမှ သဘောထား ထုတ်ပြန်ချက်အပေါ် ကာယကံရှင် မိသားစုများက လုံးဝလက်မခံဘဲ ဥပဒေအရသာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၈ ရက်က စင်ထရယ်ဟိုတယ်တွင် မနွေးဝါဝါလတ်နှင့် မိသားစုများက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အရ သိရသည်။

ထို့ပြင် ဝိတိုရိယဆေးရုံနှင့် ပတ်သက်၍ ကာယကံရှင် မိသားစုဝင်များမှ ရေးသားတိုင်ကြားထားသည့် စာများကိုလည်း အောက်တိုဘာ ၁၆ ရက်က ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သို့လည်းကောင်း၊ အောက်တိုဘာ ၁၇ ရက်က မြန်မာနိုင်ငံ ဆေးကောင်စီသို့လည်းကောင်း ပေးပို့တိုင်ကြား ထားကြောင်းလည်း သိရသည်။
သတင်းစာရှင်းလင်းပွဲတွင် မနွေးဝါဝါလတ်မှာ ဆေးရုံသို့ သွားရောက်ခဲ့ပုံများ၊ ကလေးမွေးဖွား ခဲ့ပုံများကိုသာ ပြောကြားခဲ့ပြီး ဝိတိုရိယဆေးရုံသို့ သွားရောက်တွေ့ဆုံခဲ့မှုများ၊ သက်ဆိုင်ရာ ဆေးရုံအုပ်ချုပ်မှုအဖွဲ့နှင့် တွေ့ဆုံခဲ့သည်များနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များ၊ ဆက်လက်လုပ်ဆောင်သွားမည့် အစီအစဉ်များအားလုံးကို မနွေးဝါဝါလတ် အဒေါ်ဖြစ်သူ ဒေါ်စံပယ်လတ်မှသာ ရှင်းလင်းပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဝိတိုရိယဆေးရုံဘက်က ထုတ်ပြန်ခဲ့တဲ့ သဘောထား ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကျွန်မတို့ဘက်က လုံးဝလက်မခံပါဘူး။ ဒီအတွက် ဥပဒေအရ ဆက်လက်ဆောင်ရွက်ရန် ရှိတာတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ စီစဉ်သွားပါမယ်” ဟု မနွေးဝါဝါလတ်၏ အဒေါ်ဖြစ်သူ ဒေါ်စံပယ်လတ်က ဆိုသည်။
ထို့ပြင် မွေးကင်းစကလေး သေဆုံးမှုနှင့် ပတ်သက်၍ မနွေးဝါဝါလတ် မိသားစုမှ ဝိတိုရိယဆေးရုံသို့ ကျပ်ငွေသိန်း ၅ဝဝ တောင်းခံခဲ့မှု ရှိမရှိကို မီဒီယာများက မေးမြန်းခဲ့ရာ “ဝိတိုရိယဆေးရုံအုပ်ကြီးက ကျွန်မတူမကို မေးပါတယ်။ သမီးဘာလိုအပ်ပါသလဲ။ သူတို့ဘာလုပ်ပေးရမလဲလို့ မေးပါတယ်။ ဒါနဲ့တူမလေးက လူကြီးတွေနဲ့တော့ မတိုင်ပင်ရသေးဘူး။ သမီးခင်ပွန်းနဲ့တော့ တိုင်ပင်ထားပါတယ်လို့ ကျွန်မတူမက ပြောခဲ့တယ်။ နောက်သူက ကလေးကို အသက်လုပေးခဲ့တဲ့ ရန်ကင်းကလေး ဆေးရုံကြီးနဲ့ စေတနာအပြည့်နဲ့ ကူညီပေးခဲ့တဲ့ နာရေးကူညီမှု အသင်းကြီးကို လှူဒါန်းချင်တဲ့ အတွက်ကြောင့် သမီးလိုအပ်တာကို လုပ်ပေးမယ်ဆိုရင် လှူဒါန်းနိုင်ဖို့အတွက် သိန်း ၅ဝဝ ဆရာကြီးအနေနဲ့ စီစဉ်ပေးပါလို့ ပြောခဲ့ပါတယ်” ဟု ဒေါ်စံပယ်လတ်က ဖြေကြားခဲ့သည်။
ယင်းဖြေကြားချက်အပြီး မီဒီယာများမှ ဝိတိုရိယဘက်မှ အဆိုပါ ငွေကြေးအား ပေးအပ်ခဲ့ခြင်းရှိမရှိကို ဆက်လက်မေးမြန်းခဲ့ရာ “ဆရာကြီးက ဘုတ်ထိုင်ပြီးရင် အကြောင်းပြန်မယ်လို့ ပြန်ပြောပါတယ်။ ဆေးရုံဘက်က ဘုတ်ထိုင်ပြီးတော့ အောက်တိုဘာ ၁၄ ရက်မှာ ကျွန်မတို့ကို လှမ်းခေါ်ပါတယ်။ အမြဲတမ်းလည်း သူတို့ဘက်ကချည်းပဲ လှမ်းခေါ်ခဲ့ပြီး ကျွန်မတို့က သွားရတယ်။ ၁၄ ရက်မှာ သူတို့က သူတို့ဘက်မှာ တာဝန်လုံးဝမရှိပါ ဆိုတဲ့စကားကို ပြောဆိုခဲ့ပါတယ်။ ပိုက်ဆံကိစ္စ လုံးဝမပြောဆိုခဲ့ပါဘူး” ဟု ဒေါ်စံပယ်လတ်က ဆက်လက်ပြောကြားခဲ့သည်။
ဒေါ်နွေးဝါဝါလတ်၏ မွေးကင်းစကလေး သေဆုံးမှုနှင့်ပတ်သက်၍ ဝိတိုရိယဆေးရုံ အုပ်ချုပ်မှုအဖွဲ့မှ အောက်တိုဘာ ၁၅ ရက်က သဘောထား ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ဝိတိုရိယဆေးရုံ၌ အောင်မြင်စွာ မွေးဖွားပြီး သုံးရက်အကြာတွင် ကွယ်လွန်သွားသော ရင်သွေးငယ်အတွက် ဒေါ်နွေးဝါဝါလတ် မိသားစုတို့နှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း၊ ဝိတိုရိယဆေးရုံ၌ ဒေါ်နွေးဝါဝါလတ်၏ ရင်သွေးငယ်ကို အောက်တိုဘာ ၃ ရက်တွင် ပုံမှန်မွေးရက်မတိုင်မီ ငါးပတ်ခန့် စောစီးစွာ မွေးဖွားခဲ့သော်လည်း အထူးကုဆရာဝန်ကြီး၏ လမ်းညွှန်ချက်အတိုင်း ဆေးရုံမှ အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း၊ မွေးဖွားပြီးနောက် ကလေးအထူးကု ဆရာဝန်ကြီး၏ လမ်းညွှန်ချက်အတိုင်း ရန်ကင်းကလေး အထူးကုဆေးရုံသို့ စနစ်တကျ ကောင်းမွန်စွာ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် ရန်ကင်းကလေး အထူးကုဆေးရုံကြီးတွင် ယင်းရင်သွေးငယ်အား အထူးကြပ်မတ် ကုသဆောင်၌ သုံးရက်တိုင် ပြုစုစောင့်ရှောက် ကုသပေးခဲ့သော်လည်း ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
အထက်ဖော်ပြပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဒေါ်နွေးဝါဝါလတ်၏ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ရေးသားပြောကြားချက်များ ပေါ်ထွက်ခဲ့ကြောင်း၊ ကာယကံရှင် မိသားစုမှ မွေးဖွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ အဖြစ်မှန်ကို သိရှိလိုကြောင်း ဝိတိုရိယဆေးရုံသို့ အောက်တိုဘာ ၉ ရက်တွင် ဆက်သွယ်တောင်းဆိုခဲ့ကြောင်း၊ ဝိတိုရိယဆေးရုံမှလည်း ဒေါ်နွေးဝါဝါလတ် မိသားစု၏ ဆန္ဒကို အလေးထားသောအားဖြင့် ဘာသာရပ်အလိုက် အထူးကျွမ်းကျင်သော အထူးကုဆရာဝန်ကြီးများနှင် ဥပဒေရေးရာ ဆေးပညာကျွမ်းကျင်သူ ပညာရှင်သီးခြား ပြင်ပအဖွဲ့အစည်းဖြင့် အကြိမ်ကြိမ် စုံစမ်းစိစစ် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ထိုစစ်ဆေး တွေ့ရှိချက်များကို သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ဒေါ်နွေးဝါဝါလတ် မိသားစုအား အောက်တိုဘာ ၁၄ ရက်တွင် ဆေးပညာ ရှုထောင့်အရ ဆရာဝန်ကျင့်ဝတ်၊ ဆေးရုံကျင့်ဝတ်များဖြင့် ခိုင်လုံတိကျစွာ ရှင်းပြခဲ့ပြီးဖြစ်ကြောင်းနှင့် သို့ဖြစ်ပါ၍ ဒေါ်နွေးဝါဝါလတ် မိသားစုအား ရှင်းလင်းတင်ပြပြီး ဖြစ်သကဲ့သို့ မိသားစု၏ ခံစားချက်ကို နားလည်သောအားဖြင့် ဝိတိုရိယဆေးရုံမှ ဝမ်းနည်းကြေကွဲစွာဖြင့် ဤရှင်းလင်းချက်အား ထုတ်ပြန်အပ်ပါကြောင်း ရေးသား ဖော်ပြထားသည်။

Credit - Eleven Media Group

No comments:

Post a Comment