Sunday, October 19, 2014

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးမှု ညီလာခံ မန္တလေးတွင် ကျင်းပမည်

မန္တလေး၊ အောက်တိုဘာ ၁၅

မြန်မာနိုင်ငံတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင် ကလေးငယ်များ ယဉ်ကျေးလိမ္မာ သင်တန်းပို့ချ ပေးနေသော အဖွဲ့အစည်းများ တွေ့ဆုံမည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးနှင့် လူမှုကူညီရေးအဖွဲ့ ညီလာခံကို ဒီဇင်ဘာလ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ မန္တလေးမြို့တော် ရေတံခွန်တောင် သစ္စဝေဒဂူ ကျောင်းတိုက်တွင် ကျင်းပမည် ဖြစ်ကြောင်း သစ္စဝေဒဂူ ဆရာတော် အရှင်ခေမာစာရက မိန့်ကြားသည်။ အဆိုပါ ညီလာခံသို့ ရဟန်းသံဃာတော်များနှင့် အသင်းအဖွဲ့များမှ လူပုဂ္ဂိုလ် သုံးထောင်ကျော် တက်ရောက်မည် ဖြစ်ကြောင်း ညီလာခံ
ကျင်းပရေး ကော်မတီဝင်များက ပြောကြားသည်။ “ယဉ်ကျေးလိမ္မာသင်တန်း တိုးတက် ပြန့်ပွားဖို့၊ ဓမ္မစကူးလ်ကျောင်းတွေ ခိုင်မြဲဖို့နဲ့ သင်တန်းဆရာ၊ ဆရာမတွေ မွေးထုတ်ပေးနိုင်ဖို့ အဓိကထားပြီး ဆွေးနွေးကြမယ်” ဟု သစ္စဝေဒဂူ ဆရာတော်က ပြောကြားသည်။ ယင်းညီလာခံသို့ နိုင်ငံတော်သံဃ မဟာနာယက ဥက္ကဋ္ဌ ဆရာတော် အပါအဝင် အဓိပတိ ဆရာတော်ကြီးများ ကြွရောက်မည် ဖြစ်ပြီး လူမှုကူညီရေး နယ်ပယ်မှ အဖွဲ့အစည်းပေါင်း၂၀၀ ကျော် ပါဝင်ဆွေးနွေးကြမည်ဟု ၎င်းက မိန့်ဆိုသည်။ ညီလာခံ ငါးရက်အတွင်း သံဃာ့ အဖွဲ့အစည်းများနှင့် အစိုးရ လုံခြုံရေးများက တာဝန်ယူ စောင့်ရှောက်ရန် စီစဉ်ထားပြီး ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင်ထားမှု ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ညီလာခံ ကျင်းပရေး ဆပ်ကော်မတီဝင်တစ်ဦးက ပြောကြားသည်။ မန္တလေးမြို့တော်တွင် ကျင်းပမည့် ယင်းညီလာခံမှာ တတိယ အကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့ကို မိုးကုတ်မြို့နှင့် ဟိုပုံးမြို့တို့တွင် ကျင်းပခဲ့ပြီး ဖြစ်ကြောင်း သစ္စဝေဒဂူ ဆရာတော်က ပြောကြားသည်။

Credit - The Voice

No comments:

Post a Comment