Sunday, October 19, 2014

ဝေဖန်သံများနှင့် ရုပ်သံမီဒီယာဥပဒေ


Sky Net ရုပ်သံလိုင်းတပ်ဆင်ထားသည့် လူနေတိုက်ခန်းအချို့ (ဓာတ်ပုံ - ကျော်ဇင်သန်း)

 
အစိုးရမီဒီယာမှလွဲ၍ သတင်းစာနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းလုပ်ငန်းများကို ပူးတွဲလုပ်ကိုင်ခွင့်မပြုသည့်အပြင် ၀န်ကြီးဌာန ငါးခုနှင့် ဖွဲ့စည်းမည့် ရုပ်မြင်သံကြားအာဏာပိုင်အဖွဲ့ ဖွဲ့စည်းခြင်းပါဝင်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က အတည်ပြုလိုက်သည့်အပေါ် မီဒီယာလုပ်ငန်းအသိုင်းအ၀ိုင်းက ဝေဖန်ပြောကြားမှုများ ထွက်ပေါ်လာသည်။

ဥပဒေအရ ရေဒီယိုနှင့် ရုပ် မြင်သံကြားလုပ်ကိုင်ခွင့် လိုင်စင် ရုပ်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်း၊ လိုင်စင်ချပေးခြင်း၊ လှိုင်းနှုန်းခွဲဝေသတ်မှတ်ခြင်း၊ ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးခြင်းတို့အတွက် အဓိက အဆုံးအဖြတ်ပေးမည့် ယင်းအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးသတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ၀န်ကြီး၊ ဒုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့ဖြင့် ဖွဲ့စည်းရမည် ဖြစ်သည်။
‘‘ဥပဒေရဲ့ အဓိကအားနည်း ချက်ကတော့ ရုပ်မြင်သံကြားအာဏာပိုင်အဖွဲ့က မလွတ်လပ်ဘူး။ အစိုးရရဲ့ ပါဝင်စွက်ဖက်မှုတွေရှိ နေတယ်။ သတင်းစာမှာက ရုပ်သံလို လှိုင်းနှုန်းအတားအဆီးမရှိဘူး။  အခုရုပ်သံရေဒီယိုကျတော့ Fre-quency ခွဲဝေတာတို့လို နည်း ပညာပိုင်းတွေပါလာပြီ။ ဒီအာဏာပိုင်အဖွဲ့မှာ ပြင်ပအရပ်သား ကိုယ်စားလှယ် နှစ်ယောက်ပဲပါ တယ်။ တကယ်တတ်ကျွမ်းနားလည်သူ မပါဘူး။ ပြီးတော့ လိုင်စင်က ဘယ်သူ့ကိုပေးမှာလဲ မရှင်းလင်းဘူး။ ရှိပြီးသား Sky Net လို Forever တို့ကို လှိုင်းတွေ ဘယ်လို ပြန်ခွဲပေးမှာလဲ ဘာမှကိုမပါဘူး။ ဥပဒေကိုက မရှင်းလင်းတဲ့အပြင် ဥပဒေပြုတဲ့ ပုဂ္ဂိုလ်တွေက ဥပဒေကို နားလည်ပုံမရဘူး’’ဟု DVB မာလ်တီမီဒီယာဂရု(ပ်)မှ အယ်ဒီတာဦးတိုးဇော်လတ်က ပြောကြားသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲသော ယင်းဥပဒေကို အမျိုးသားလွှတ်တော်တွင် အောက်တို ဘာ ၁၄ ရက်က ကန့်ကွက်ဆွေးနွေးသူမရှိ အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ပုဂ္ဂလိကမီဒီယာလက်ဝါး ကြီးအုပ်မှုမဖြစ်စေရန် ယူနက်စကိုအဖွဲ့၏ စံသတ်မှတ်ချက်များကို ယူ၍ Crossownership (သတင်းစာနှင့် ရုပ်မြင်သံကြား ပူးတွဲလုပ်ကိုင်ခွင့်)ကို ခွင့်မပြုခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက ဆိုသည်။
သို့သော် နိုင်ငံပိုင်ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှာ အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေအရ ပူးတွဲလုပ်ကိုင်ခွင့်ရှိသည်ဟု အဆိုပါဥပဒေတွင် ဖော်ပြထားသည်။
Crossownership ကို အစိုးရအပြင် တပ်မတော်ကလည်း လုပ်ကိုင်နေပြီး တပ်မတော်ပိုင်မြ၀တီရုပ်မြင်သံကြား၊ မြ၀တီ Set Top Box ဖျော်ဖြေရေးရုပ်သံလိုင်းများနှင့် သဇင်အက်ဖ်အမ်ရေဒီယို တို့ ဖြစ်သည်။
ရုပ်မြင်သံကြားထုတ်လွှင့်လိုသူ၊ အသံလွှင့်လုပ်ငန်းလုပ်ကိုင်လိုသူများအား လိုင်စင်ထုတ်ပေး ခြင်း၊ ရုပ်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်း၊ လှိုင်းနှုန်းများ ခွဲဝေသတ်မှတ်ချထားပေးခြင်း လုပ်ငန်းများ အတွက် ရုပ်မြင်သံကြားအာဏာပိုင်အဖွဲ့ထံ သဘောထားမှတ်ချက်ပေးရမည့် ကောင်စီကို အစိုး ရနှင့် လွှတ်တော်နှစ်ရပ်က ကိုးဦးစီ ရွေးချယ်ပေးရမည် ဖြစ်သည်။
ယင်းကောင်စီတွင် အစိုးရ၀န်ထမ်းများ ပါဝင်ခွင့်မရှိဟု ဥပဒေတွင် ဖော်ပြထားသော်လည်း ကောင်စီတွင် ရွေးချယ်ခန့်အပ်ခံရမည့်သူများမှာ အငြိမ်းစားအစိုးရ၀န်ထမ်းများဖြစ်လာနိုင်ကြောင်း ကမာရွတ်မီဒီယာတည်ထောင်သူ ဦးနေသန်မောင်က ပြောသည်။
‘‘အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကို အားလုံးက အကြီးအကျယ်ကန့်ကွက်နေလို့ ပြန်ကြားရေးက ဒီဥပဒေကို တက်သုတ်ရိုက်တင်လာတာ။ လက်ရှိ မီဒီယာအသိုင်းအ၀ိုင်းမှာ ပုဂ္ဂလိကပိုင်တွေက ပရင့်မီဒီယာတွေ များတယ်။ ရေဒီယို၊ရုပ်မြင်သံကြားထုတ်လွှင့်သူတွေကတော့ ပြန် ကြားရေးနဲ့ အကုန်ပုလင်းတူဘူး ဆို့တွေဆိုတော့ ပါးစပ်ပိတ်နေကြ တယ်။ အဓိကက ပြန်ကြားရေးက ညွှန်ချုပ်တို့၊ ၀န်ကြီးတို့ အငြိမ်းစားယူပြီးရင် အဆင်သင့်သွားထိုင်လို့ ရမယ့် နေရာတစ်ခုဖန်တီးလိုက် တာပဲ ဖြစ်တယ်’’ဟု ကမာရွတ် မီဒီယာ အကြီးအကဲ ဦးနေသန်မောင်က ဆိုသည်။
ရုပ်သံအစီအစဉ်များတွင် မှားယွင်းထုတ်လွှင့်မှုခံရပါက နစ်နာသူက ရုပ်သံကောင်စီထံ တိုင်ကြားနိုင်သည်ဟုပါရှိရာ လက်ရှိ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှာမူ ပုံနှိပ်မီဒီယာများအတွက်သာ သီးသန့်သဖွယ်ဖြစ်နေသည်။ မီဒီယာဥပဒေအမျိုးမျိုး အောက်တွင် ကောင်စီများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာမည့် အရေးကို ယခင်ကတည်းက ကန့်ကွက်ကြောင်း အစဉ်ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောသည်။
လက်ရှိတွင် သတင်းမီဒီယာ ဥပဒေအရ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ၊ ပြန်ကြားရေးက ရေးဆွဲ သည့် အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေအရ အများပြည်သူ ၀န်ဆောင်မှု မီဒီယာကောင်စီနှင့် ရုပ်မြင်သံကြားနှင့် အသံလွှင့် ကောင်စီဟူ၍ သုံးခုရှိနေပြီ ဖြစ် သည်။
‘‘Crossownership ကို ခွင့် မပြုတာကတော့ မူအရ မှန်တယ် လို့ ကျွန်တော်ယူဆပါတယ်။ ဒါပေမဲ့ တချို့ပုဂ္ဂလိက ရုပ်သံတွေက သတင်းစာထုတ်ချင်ရင် တခြားလူ ကို နာမည်ခံခိုင်းပြီး သူက ရင်းနှီး မြှုပ်နှံမှုလုပ်လို့ရနေတာပဲ။ တရား ၀င်တော့ နာမည်ခံလို့မရဘူးပေါ့။ နောက်ပြီး ကောင်စီရဲ့ အခန်း ကဏ္ဍက ဒီဥပဒေမှာ အသက်လို ဖြစ်နေတယ်။ သူအရည်အချင်းရှိ မှ ဒီဥပဒေက အားကောင်းအ သက်ဝင်မှာ ဖြစ်တယ်။ ဒါကြောင့် ကောင်စီကို ပွင့်လင်းမြင်သာမှုရှိ ရှိနဲ့ ရွေးချယ်တာဝန်ပေးသင့်တယ်’’ ဟု အစိုးရနှင့် ဖက်စပ်လုပ် နေသည့် ရုပ်သံလွှင့်မီဒီယာတစ်ခု မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းဥပဒေကို အတည်ပြု လိုက်ပါက ဥပဒေမရှိမီက လုပ်ကိုင်နေသော Sky Net Forever Group တို့ လိုင်စင်ပြန်လည် လျှောက်ထားရမည် ဖြစ်သည်။
အဆိုပါဥပဒေကို ပြည်သူ့ လွှတ်တော်တွင် ဆက်လက်ဆွေး နွေးမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်မရောက်မီ ရုပ်သံလွှင့်လုပ်ငန်းကျွမ်းကျင်နှံ့စပ်သူပညာရှင် များ၊ လုပ်ငန်းရှင်များနှင့် ပြည်ပ အဖွဲ့အစည်းများပါဝင်သော အလုပ်ရုံဆွေးနွေးပွဲများကို ပြုလုပ် သင့်ကြောင်း မီဒီယာအသိုင်းအ၀ိုင်းက တိုက်တွန်းထားသည်။

Credit - 7DAY DAILY

No comments:

Post a Comment