Sunday, November 23, 2014

လိုင်ဇာဗိုလ်လောင်းသင်တန်း ပစ်ခတ်ခံရမှုဖြစ်စဉ်ကြောင့် ကချင်ပြည်နယ်ဝန်ကြီးများကို ခရီးရှည်မထွက်ရန် ပြည်နယ်ဝန်ကြီးချုပ် သတိပေး

Written by: ထွန်းလင်းအောင်
လက်နက်ကြီးပစ်ခတ်ခံရ၍ သေဆုံးခဲ့ရသူများအတွက် မြစ်ကြီးနားမြို့ရှိ မနောကွင်းတွင် ကျင်းပသည့်ဆုတောင်းပွဲသို့ လာရောက်ကြသူများကို တွေ့ရစဉ်

နိုဝင်ဘာ ၁၉ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ ၂၃ ဦး သေဆုံးပြီး ၂ဝ ဒဏ်ရာရရှိခဲ့သည့် အဖြစ်အပျက်များကြောင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက နိုဝင်ဘာ ၂ဝ ရက်တွင် ပြည်နယ်အစိုးရရုံးတွင်ကျင်းပသော ကက်ဘိနက်အစည်းအဝေးတွင် ဝန်ကြီးများ ခရီးရှည်မထွက်ရန် သတိပေးခဲ့ကြောင်း သိရသည်။

ဖားကန့်မှော်ဆီစာသို့ ရှမ်းနှစ်သစ်ကူးပွဲတော် သွားရောက်ရန်ရှိသည့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ပြုံးရည်က “ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေလုံခြုံရေးကြောင့် မသွားသင့်ဘူးလို့ အားလုံးကို သတိပေးတာပါ။ စာထုတ်ပြန်တာတော့ မဟုတ်ပါဘူး။ နှစ်သစ်ကူးလည်း ဘယ်ပွဲမှမသွားဖြစ်တော့ပါဘူး။ အခြေအနေ ပြန်ကောင်းလာမှ ခရီးသွားဖြစ်တော့မှာပါ”ဟု ဆိုသည်။

KIA ဗိုလ်လောင်းသင်တန်းကျောင်း ပစ်ခတ်ခံရသည့် အဖြစ်အပျက်များကြောင့်  ပြည်နယ်အတွင်းရှိ လက်လုပ်လက်စားများနှင့် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသူများမှာ ရပ်ဝေးတွင် လုပ်ငန်းလုပ်ကိုင်ရန် အခက်တွေ့နေကြောင်း သိရသည်။ အဓိကအားဖြင့် လိုင်ဇာလမ်းတစ်လျှောက်နှင့် ဗန်းမော်လမ်းတစ်လျှောက်ရှိ တရုတ်ငှက်ပျောခြံနှင့် ရော်ဘာခြံများတွင် လုပ်ငန်းလုပ်ကိုင်နေသော ဒုက္ခသည်စခန်းမှ လုပ်သားများနှင့် ဒေသတွင်းပြောင်းရွှေ့အလုပ်သမားများမှာ တပ်မတော်နှင့် ကေအိုင်အေတို့ ထပ်မံတိုက်ပွဲများ ဖြစ်ပွားမည်ကိုစိုးရိမ်ကာ လုပ်ငန်းခွင်ရွှေ့ပြောင်းခြင်း၊ ဒုက္ခသည်စခန်းများသို့ ပြန်လာခြင်းများရှိနေသည်။

မြစ်ကြီးနား ဝန်းသိုဒုက္ခသည်စခန်းမှ ဒေါ်သောင်းရီက “တဘတ်ချောင်းဘေး ရော်ဘာခြံမှာ အငှားသွားလုပ်နေတာ။ လက်နက်ကြီးတွေနဲ့ပစ်လို့ ကေအိုင်အေတွေ သေတယ်ကြားလို့ပြန်လာကြတာ။ ဖြစ်ရင်ပြေးစရာမရှိဘူးလေ။ ရွာတွေလည်း စစ်ပြေးတွေဖြစ်နေတော့ နှစ်ဖက်ဖြစ်ကြရင် ကြားညပ်နေမှာကြောင့် အမြန်ထွက်ခဲ့တာ။ ဆိုင်ကယ်နှင့်ပြန်လာတဲ့လူတွေလည်း အများကြီးတွေ့ပါတယ်။ ကလေးကျောင်းစရိတ်အတွက် ငွေရှာရတာလေ။ ဘယ်မသွားရ၊ ဘယ်မလာရဆိုပြီး ပြန်ဖြစ်ရင်ဒုက္ခပဲ” ဟု ပြောကြားသည်။

ကေအိုင်အေနည်းပညာအကြံပေးအဖွဲ့ရုံးမှ ပြောကြားချက်အရ နိုဝင်ဘာ ၁၆ ရက် အထိသာ တပ်မတော်နှင့်ကေအိုင်အေတို့ ထိတွေ့မှုဖြစ်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် နောက်ထပ်ထိတွေ့မှုမဖြစ်ကြောင်း သိရသည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အဆင့်မြင့်လုံခြုံရေး အရာရှိတစ်ဦးကလည်း လတ်တလောတွင် မည်သည့် ထိပ်တိုက်တိုးမှုမရှိဘဲ ဒေသအနှံ့တည်ငြိမ်နေကြောင်း The Daily Eleven  သတင်းစာသို့ ပြောကြားသည်။ 


Credit - Eleven Media Group

No comments:

Post a Comment