Friday, November 28, 2014

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ အဆိုအမိန့်နှင့်လမ်းညွှန်ချက်

– လှမြင့် (ရန်ကုန်တက္ကသိုလ်)
သတင်းစာသည် လူမှုဘ၀ကို ကြေးမုံကဲ့သို့ ထင်ဟပ်၍ အကျင့်ပျက်မှုများကို ဖွင့်ချ၊ အစိုးရ ကို ဝေဖန်၊ လူ့အဖွဲ့အစည်းကို ဆေးကြောရန် တာဝန်ရှိ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မျက်မှောက်ခေတ် စာနယ်ဇင်းလောက၏ မီးရှူးတန်ဆောင်ဖြစ်သော၊ လမ်းပြ ကြယ်ဖြစ်သော၊ ခေတ်အဆက် ဆက်တွင် အများပြည်သူတို့ ၏ဘက်မှ တစိုက်မတ်မတ် ရပ်တည်ခဲ့သော၊ အမှန်တရားဘက်တော် သားသတင်း စာဆရာကြီးဖြစ်သော ဟံသာဝတီဦးဝင်းတင် (ခရစ်နှစ်-၁၉၃၀-၂၀၁၄ ခုနှစ်)သည် မြန်မာ့သတင်းစာလော ကသို့ ၁၉၄၉ ခုနှစ်တွင် သံတော်ဆင့်သတင်းစာ တိုက်မှထုတ်ဝေခဲ့သော အကျိုးဆောင် ဂျာနယ်၌လက်ထောက် အယ်ဒီတာ အဖြစ်လုပ်
ကိုင်ဆောင်ရွက်မှုဖြင့် စတင်အခြေချခဲ့သည်။ ထို့နောက် စာပေဗိမာန် မဂ္ဂဇင်း အေဖက်ပီ (AFP) ပြင်သစ်နိုင်ငံခြားသတင်း ဌာန၊ ကြေးမုံ သတင်းစာ၊ ဟံသာဝတီ သတင်းစာ (ရန်ကုန်)၊ ဟံသာဝတီ သတင်းစာ(မန္တလေး) များတွင် ၁၉၇၈ခုနှစ် အချိန်အထိ အယ်ဒီတာ၊ အမှုဆောင်အယ်ဒီတာ၊ အယ်ဒီတာချုပ် တာဝန်များကို လုပ်ကိုင်ေ ဆာင်ရွက်ခဲ့သည်။…
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ၁၉၇၅ခုနှစ်တွင် ဟံသာဝတီသတင်းစာ (မန္တလေး)၏ အယ်ဒီ တာချုပ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်ကာလ၌ ပြန်ကြားရေး ၀န်ကြီးဌာန၊ စာပေဗိမာန်မှ ဦးဆောင် ကျင်းပ ပြုလုပ်ခဲ့သည့် စာနယ်ဇင်းသမိုင်းဟောပြောပွဲကြီးတွင် “သတင်းစာသမားမှစာဖတ်သူသို့” စာတမ်း ရှည်ကြီး တစ်စောင်ကို တင်သွင်း ဖတ်ကြားခဲ့သည်။ ယင်းသုတေသနစာ တမ်းရှည်ကြီး တွင် သတင်းစာဆရာကြီး ဟံသာ ၀တီဦးဝင်းတင်သည် သတင်းစာ၏ အနှစ်သာရ၊ သတင်းစာသမား များ၏ ဂုဏ်ရည်၊ လေးစားထိုက် သော ကမ္ဘာ နှင့် မြန်မာသတင်းစာဆရာကြီး များ၏ အဆိုအမိန့်များ၊ သတင်းစာနှင့် သတင်းစာသမားများ၏ခံယူချက်၊ သတင်း စာသမားတို့၏ စာဖတ်သူတို့အား မှန်ကန် တိကျစွာဖြင့် အသိဉာဏ်ပွင့်လင်းစေရန် ကြိုးပမ်း ဆောင်ရွက်မှု များ စသည့် အတုယူဖွယ် မှတ်သားဖွယ်ရာများဆောင်ရန်၊ ရှောင်ရန်စသည်များကို မိမိ၏ကိုယ်တွေ့ စာတွေ့ မျက်မြင် အတွေ့အကြုံ၊ ဗဟုသုတ များပေါင်းစပ်လျက် လမ်းညွှန်ဖော်ထုတ် တင်ပြခဲ့သည်။
သတင်းစာဆရာကြီး ဟံသာဝတီဦး ၀င်းတင်၏ သတင်းစာသမားမှ စာဖတ်သူသို့ စာတမ်းရှည်ကြီး၏ နိဒါန်း တွင်သတင်း စာတို့၏ ဂုဏ်ရည်နှင့်အနှစ်သာရတို့ကို-
““သတင်းစာဟူသည် အသိဉာဏ်ပွင့်လင်းမှုများ စီးဆင်းရာ သန့်စင်ကြည်လင် သောမြစ်ကြီးပမာဖြစ်သည်””ဟု ကမ္ဘာကျော် သမိုင်းပါရဂူကြီးပါမောက္ခ တွိုင်းဗီး (Prof: A Toynbee) ကဖော်ထုတ်ရေးသား ကာထိုမြစ်သန့် စင် ကြီးနှင့်တူသော သတင်းစာကို ညစ်ညမ်းစေသူများအား ရှုတ်ချခဲ့သည်။ အမှန်တရားကိုပေါ်လွင် ထင်ရှားစေ သောသတင်းများ၊ အသိဉာဏ်ကို ပွင့်လင်းစေသော ပညာပေးဆွေးနွေးချက်များ၊ ထင်မြင်ချက်များကို ဖန်တီး ထုတ်ဖော်သော ဝေဖန်သုံးသပ်ချက်များ၊ ကိစ္စမြားမြောင် လူတို့ဘောင်၏ ထောင်သောင်းသိန်း သန်း ပြဿနာ အခန်းခန်းကို ပြက်ပြက် ထင်ထင် သိမြင်စေသော ရှင်းလင်းစေဖို့ ကြိုးပမ်းမှုများ၊ ဆိုးကောင်း ရောရာဘ၀ သတင်းစာတို့မှ အဆိုးနှင့် အကောင်းတို့ကို လမ်းညွှန်ရေး ဖွဲ့ဖော်ပြမှုများဖြင့်သတင်းစာ ဟူသော မြစ်သန့်စင် ကြီးသည် တသွင်သွင်စီးဆင်း နေရမည်။ ထို့ကြောင့်သတင်းစာသမား သည် ကောင်းရာ သင့်ရာသတင်းများ၊ ထင်မြင် ယူဆချက်များကို ထိုမြစ်ကြီးမှတစ်ဆင့် စာဖတ်သူတို့ထံ ပို့ဆောင်ပေးသူတို့ ဖြစ် ကြသည်ဟူ၍ နိဒါန်းပျိုးတင်ပြခဲ့သည်။
ဆက်လက်၍ သတင်းစာသမားဟု ဆိုရာတွင်အယ်ဒီတာအဖွဲ့၊ သတင်းထောက်၊ ဆောင်းပါးရှင်၊ စာပြင်ဆရာ စသူတို့ ပါဝင်ကြသည်။ သတင်းစာသမားသည် သတင်း နှင့် ထင်မြင်ချက်များကို စာဖတ်သူ ထံသို့ ပို့ဆောင်ရာ၌ တစ်ဦးတစ်ယောက်တည်း လုပ်ကိုင်၍မရပါ။ သတင်းစာ၏ မူဝါဒ သဘောထားများကို ထင်ဟပ်သည့် ခေါင်း ကြီး ပိုင်းရေးသူ၊ ကမ္ဘာနှင့် အ၀န်းနေ့ စဉ်ဖြစ် ပျက်နေသည့်သတင်းများကို စုဆောင်းရေး သားတည်းဖြတ်သူ၊ ဓာတ်ပုံ ဖြင့်မှတ်တမ်းတင်သူ၊ ဖြစ်ပျက်နေသည့် သတင်းများကို ဒီသဘောက ဒီသနစ်၊ ဒီအဖြစ်ကဒီသရုပ်၊ ဒီပြယုဂ်က ဒီအဓိပ္ပာယ်စသည်ဖြင့် ဝေဖန်ဆန်းစစ်သဘောအနှစ်ချပြရသည့် ဆောင်းပါးများရေးသားသူ၊ သာမန်ပြည်သူ တို့ထံမှ ဆန္ဒသဘောထားများ၊ ထင်မြင်ယူဆချက်များဖြစ်သည့် အယ်ဒီတာထံပေးစာ များ ရွေးချယ်ဖော်ပြသူ၊ လူ့ ဘောင်အဖွဲ့အစည်း၏ အမြီး အမောက်မတည့်မှုများကို သရုပ်ဖော် ကာ ဝေဖန်ရေး သားဆေးခါးကြီးကို ဟာ သသကြား အချိုဖုံးသောကာတွန်း၊ ရုပ်ပြောင်တို့ဖြင့် သတင်းစာကိုအပြုံးတန် ဆာဆင်သူ တို့ဖြင့် လုပ်ကိုင် ဆောင်ရွက်ရသောကြောင့် သတင်းစာလောကကို“ပျော် တပြုံးပြုံး မိသားစုကြီး”ဟူ၍တင်စားခေါ်ဆို ခဲ့ကြသည်။
သတင်းစာသမားနှင့်သတင်းစာတို့၏ ဂုဏ်ရည်နှင့်ဝိသေသများကိုလည်း-
““သတင်းစာသမားများသည် စုပေါင်း ၀ါဒဖြန့်ချိသူများ၊ စုပေါင်းလှုံ့ဆော်သူများ သာမဟုတ်၊ စုပေါင်းစည်းရုံး ဦး ဆောင်သူ များလည်းဖြစ်သည်။ (ဗီယိုင်လီနင်၏ အဆိုအမိန့်)။ သတင်းစာသည်နေ့စဉ်သင်ကြား လမ်းညွှန်သူ လည်းဖြစ်၊ နေ့စဉ်ဟစ်တိုင်လည်းဖြစ်သည်။ (အမေရိကန် သတင်းစာ ဆရာကြီးဂျိုးဇက်ပူလစ်ဇာ၏ အဆိုအမိန့်)။ သတင်းစာသည် လူမှုဘ၀ကို ကြေးမုံကဲ့သို့ ထင်ဟပ်၍အကျင့်ပျက်မှုများကို ဖွင့်ချ၊ အစိုးရကိုဝေဖန်၊ လူ့အဖွဲ့ အစည်းကို ဆေးကြောရန်တာဝန်ရှိသူဖြစ်သည် (သတင်းစာ ဆရာဟာမင်အားလ်စတိုင်း၏ အဆိုအမိန့်)။ သတင်းစာသည် အသိဉာဏ်ဖွံ့ဖြိုးစည်ပင်ရေး လက်နက်ကိရိယာဖြစ်သည်။ ငွေရှင် ကြေးရှင် ထုတ်ဝေ သူများ၊ ကြော်ငြာရှင်များ၏ ကစားဆရာအရုပ်မဟုတ်၊ လက်ကိုင်တုတ်လည်း မဟုတ်ပေ (သတင်းစာဆောင်းပါး ရှင် ဝေါ်လတာလစ်ပမင်း၏ အဆိုအမိန့်)””များ ဖြင့်လည်းကောင်း၊
သတင်းစာတစ်စောင်ကို စာဖတ်သူ ထံသို့အရောက်ပို့ဆောင်ရန် သတင်းထောက်သည် အဓိကကျသော သတင်းစာသမား တစ်ဦးဖြစ်ကြောင်းကိုလည်း-
““စားတော်ကဲသည် ငါးအမဲ မရှိသော် ဟင်းလျာကောင်းကိုချက်ပြုတ်ရန် မည်သို့ မျှမစွမ်းဆောင်နိုင်သကဲ့သို့ အယ်ဒီတာ သည်လည်း သတင်းထောက်များထံမှ သတင်းကောင်းမရလျှင် ဘာမျှမတတ်နိုင်။ လက်မှိုင်ချ ရပါတော့သည်””ဟူသော မြန်မာသတင်းစာဆရာကြီး မိုးကြိုးဦးအုန်းခင်၏ အဆိုအမိန့်ဖြင့်လည်းကောင်း၊
သတင်းထဲတွင် ထင်မြင်ချက် မထည့်ရေးကို သတင်းရေးသားထုတ်လုပ်မှုတွင် ထားရမည့်အခြေခံမူအဖြစ် သဘောထား ကြောင်းကို သတင်းစာဆရာကြီး ဦးစော ဦး၏ တာဝန်ရှိရှိ၊ သမာဓိနှင့်၊ ဂတိမလိုက်၊ မှောင်မ တိုက်သား၊ အကြိုက်အကျိုး၊ ဤနှစ်မျိုးတွင်၊ အကျိုးဖြစ်မှု၊ ရည်သန်ပြု၍ ပြည်သူ့ကိစ်္စ၊ အဓိကထား၊ သတင်း သားကို၊ သီးခြားဖော်စေ၊ ထင်မြင်ချက်နှင့် ခွဲခြားလေဟူသော အဆိုအမိန့်ကို ကိုးကား၍ လည်းကောင်း ဖော် ထုတ်တင်ပြခဲ့သည်။
သတင်းစာသမားမှ စာဖတ်သူသို့ သတင်းစာအဖြစ် ဆက်သွယ်ပို့ဆောင်ရာတွင် အယ်ဒီတာအဖွဲ့သည်လည်း အရေးပါသော သတင်းစာသမားဖြစ်ကြောင်းကို-
““အယ်ဒီတာသည် သူတစ်ပါးရေးသား သောများစွာသော စာအမှိုက်ပုံးကြီးထဲမှ မိမိဉာဏ်ကို အသုံးပြုကာ ရှေ့ အကျိုး နောက်အကျိုးကို ဆင်ခြင်လျက်တော်၏ မတော်၏၊ သင့်၏မသင့်၏ ချင့်ကာကြည့်ပြီးလျှင် ဤစာကို . . ထိုစာကို ထိုစာမှာ တွဲ၊ ထိုစာစုကို ထိုသူ့ထံပြန်ပို့၊ ရာဇ၀တ်မှု အရေးတို့ကိုဖယ်ရှား၊ ဘယ်စာများက အဘယ် လူစုအတွက် ဘယ်လိုအကျိုးများပြီး ဘယ်လိုစာမျိုးကိုသတင်းစာ ဖတ်သူတို့ သဘောကျမည်ဟု ထင်မြင်ရသူဖြစ် သည်။ ဟူသော ဆရာကြီးပီမိုးနင်း၏ အဆိုအမိန့် နှင့်တည်းဖြတ်တဲ့အလုပ်ဟာ သတင်းစာရဲ့ တကယ့်အဆီ အနှစ်ကြီးပဲဟူသော သတင်းစာဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်၏ လမ်းညွှန်ချက်များနှင့်အတူ သတင်းစာ ဆရာကောင်းသည် အရေးကြီးသော သတင်းများကို ပြည်သူတို့စိတ်ဝင်စား အောင်ပြု၍ ထိုစိတ်ဝင်စားမှုကို အင်အားအဖြစ်အသုံး ပြုကာ တိုင်းပြည်တွင် လိုအပ်နေသော ပြု ပြင်ရေးနှင့်ကြီးပွားတိုး တက်ရေးတို့ အတွက် ဆောင်ရွက်နိုင်စွမ်းရှိသော ပုဂိ္ဂုလ်ဖြစ်လေသည်””ဟူသော သတင်းစာဆရာကြီး ဇ၀န ၏ အဆိုအမိန့် အတွေး အမြင်များကို မှတ်သားနာယူဖွယ် မိန့်ဆိုလမ်းညွှန်ခဲ့သည်။
သတင်းစာဆရာကြီးဟံသာဝတီ ဦးဝင်းတင်၏ သတင်းစာသမားမှ စာဖတ် သူသို့ စာတမ်းရှည်ကြီး၏ နိဂုံးတွင်-
““သတင်းစာသမားသည် အသိဉာဏ်ပွင့်လင်းမှုများ စီးဆင်းရာ သန့်စင်ကြည် လင်သော မြစ်ကြီးအတွင်း၌ စုန် ဆန်ကူးခတ်ကာ ထိုမြစ်ကြီးကို အမှီပြုလျက် အသိဉာဏ်ပွင့်လင်းမှုရှာကြံနေကြကုန်သည့် စာဖတ်သူများ အတွက် သတင်းနှင့်ထင်မြင် ယူဆချက်များကို ဖလှယ်ပို့ဆောင်ရသူဖြစ် ပါသည်။
အတွေးအခေါ်ဟောင်း၊ အယူအဆဟောင်းများကို ရေးသားဖော်ပြခြင်းဖြင့် ထိုသန့်စင်သော မြစ်ကြီး အားညစ် ညမ်းခြင်း မရှိစေရန် အလို့ငှာ လည်းကောင်း၊ မူဝါဒဘောင်ကို ကျော်ကာစွက်ဖက်မှု၊ ချုပ်ချယ်မှု၊ ဟန့်တားမှုများ ပြု လုပ်ခြင်းဖြင့် ထိုသန့်စင်သော မြစ်ကြီးအား သောင်ထွန်း တိမ်ကော ခြင်းမရှိစေရန် အလို့ငှာလည်းကောင်း၊ သတင်းစာထဲ ရောက်ရမည့် သတင်းနှင့် ထင်မြင်ယူဆချက်များက အမှိုက်ခြင်းထဲ ရောက်၊ အမှိုက်ခြင်းထဲ ရောက် ရမည့် သတင်းနှင့် ထင်မြင်ယူဆချက်များက သတင်းစာထဲရောက်ကာ သတင်းစာသည် ဒုတိယ အမှိုက် ခြင်း ပမာ ဖြစ်ရခြင်းဖြင့် ထိုသန့်စင်သောမြစ်ကြီးအား ရေစီးရေလာ မသာမယာမဖြစ်စေရန် အလို့ငှာလည်း ကောင်း၊ သတင်းစာ သမားများကရော၊ စာဖတ်သူ ပရိသတ်များက ပါမပြတ်သောသတိ၊ မတွန့်သောသတိ္တ၊ မလျော့သော လုံ့လဖြင့် ကာကွယ်စောင့် ရှောက်သွားရပါလိမ့်မည်”” ဟူ၍ နှိုးဆော်တိုက်တွန်း သတိပေးခဲ့သည်။
မျက်မှောက်ခေတ် မြန်မာ့သတင်းစာ လောကနှင့်နယ်ပယ်၏ မီးရှူးတန်ဆောင်သဖွယ်၊ လမ်းပြကြယ် သဖွယ်ဖြစ် သော ပြည်သူ့ ဘက်တော်သားအဖြစ် အမှန်တရားလက်ကိုင်ထား၍ မားမားမတ်မတ်ရပ် တည်ခဲ့သော သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် ဟံသာဝတီသတင်း စာတိုက် (မန္တလေး)၏ အယ်ဒီတာချုပ် တာဝန်ဖြင့် တာဝန်ထမ်းဆောင်နေစဉ် မ.ဆ. လ အစိုးရက ပြန်ကြားရေးဒုဝန်ကြီးအဖြစ် ရာထူးပေးကမ်းလှမ်း ခဲ့သော်လည်း သတင်း စာဆရာအဖြစ် သာ မွေ့လျော်သောကြောင့် ငြင်းပယ်ခဲ့သည်။ ၁၉၇၈ခုနှစ်တွင် ဟံသာဝတီ သတင်းစာ (မန္တလေး)၏ စနေစာပေ၀ိုင်းမှ မဆလပါတီလမ်းစဉ်ကို ဝေဖန်သည့် စာတမ်းတစ်စောင် တင်သွင်း ဖတ်ကြား မှုဖြင့် မဆလအစိုးရက ဟံသာဝတီသတင်းစာတိုက် (မန္တလေး)ကို ပိတ်ပစ်ခဲ့သည်။ အယ်ဒီတာချုပ် ဦးဝင်းတင်ကိုလည်း ရာထူးမှ ထုတ်ပယ်ပစ်ခဲ့သည်။ ထို့နောက်မဆလ အစိုးရက သတင်းစာဆရာအဖြစ် အသက် မွေးဝမ်း ကျောင်းမပြုလုပ်နိုင်ရန် နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ဟန့်တား ပိတ်ပင်တားဆီးခဲ့သည်။ သတင်း စာဆရာကြီး ဦးဝင်းတင်၏ ကလောင်နှင့် စာမူစာအုပ်များကို အမှောင်ချခဲ့သည်။
ယင်းသို့ သတင်းစာသမားနှင့် သတင်း စာလောက၏အမှောင်ချထားခြင်း ခံခဲ့ရ သော၁၉၇၈ခုနှစ်မှ သည် ၁၉၈၈ ခုနှစ် ၁၀နှစ် တာကာလ ဘ၀ဒုက္ခအတွေ့အကြုံများကို ဆရာကြီးဟံသာဝတီ ဦးဝင်းတင် ကိုယ်တိုင် ဤသို့ ရင် ဖွင့်ပြောဆိုခဲ့ကာ သမိုင်းမှတ်တမ်း တင်ခဲ့သည်။
““ကျွန်တော့်ရဲ့ သတင်းစာဆရာဘ၀ကို အာဏာပိုင်အစိုးရလို့ ပြောလို့ရမယ့် မဆလ(မြန်မာ့ဆိုရှယ်လစ် လမ်း စဉ်ပါတီ) လက်ထက်မှာ ဥခွံကျွတ်ပြီး အလုပ်မရှိ၊ အကိုင် မရှိ။စာရေးဖို့နေရာရှားပါးသွားတဲ့အခါ ဥခွံ ကျွတ်တဲ့ခရု ဖြစ်သွားတယ်။ ဥခွံကျွတ်တဲ့ ခရုဆိုကတည်းက ကျွန်တော် လွတ်လွတ်လပ် လပ်ကြီးလှုပ်ရှား သွားလာ နိုင်တာ လည်းမရှိဘူး။ တစ်ခါ ခရုရယ်လို့လည်း ပြောနိုင်တဲ့ အနေအထားမရှိဘူး။ ပက်ကျိလို အနေ အထား မျိုးဖြစ်နေ တယ်။ ဒီလိုအနေအထား ကိုနေခဲ့ရတယ်။ အဲဒီလို ကာလမှာ ၁၀နှစ် တိတိဖြတ်သန်းခဲ့ရတယ်။ အခက်အခဲတွေ အများကြီးဖြစ်ခဲ့တယ်။

ကျမ်းကိုး
၁။ သတင်းစာသမားမှ စာဖတ်သူသို့ (ဦးဝင်းတင်)(စာနယ်ဇင်းသမိုင်းစာတမ်း များဒုတိယတွဲ)(၁၉၇၈ခုနှစ်၊ စာပေဗိမာန်)
၂။ သတင်းစာလောကနှင့် နိုင်ငံရေး ဇာတ်ခုံ(သို့မဟုတ်) ဟံသာဝတီဦးဝင်းတင် ၏ အတ္ထုပ္ပတိ္တတစ်ထုံ့တစ်ပိုင်း (အယ်ဒီတာ ၊ မြန်မာ့သံတော်ဆင့်အပတ်စဉ်သတင်း)
(အတွဲ-၃၊အမှတ်-၇) (ဧပြီ ၂၆ မေ-၂-၂၀၁၄ခုနှစ်)

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

 

  

No comments:

Post a Comment