Thursday, November 27, 2014

များစွာကား ဆင်းရဲ၏။ သို့သော် များစွာ ပျော်၏

၁၉၅၈ ခုနှစ်။ ၅၈ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗဟန်းမြို့နယ်ရှိ မြန်မာ့အလင်းသတင်းစာတိုက်ရှေ့ ခြံဝင်းထဲမှာ ရေချိုတွင်းနှစ်တွင်း ရှိသည်။ အကျယ်ငါးပေပတ်လည်ကို မြေပေါ်အမြင့်ဆုံး သုံးပေခွဲထိ အုတ်စီထားသည်။ ရေသည် ရာသီမရွေးကြည်၏။ ချို၏။ ပကတိအေး၏။ ရေနွေးကြမ်းတည်သောက်လျှင် လက်ဖက်ရည်အရည်အသွေးအရ အရသာရှိ၏။


အသက် ၂ဝ မပြည့်တတ်သေးသော အလုပ်သင်သတင်းထောက်ကလေး မောင်အောင်သန်းသည် ဒုတိယရေချိုတွင်းအနီးမှာ ရေနွေးကရားကို မစင်စင်အောင် ဆေးကြောသုတ်သင်လျက်ရှိ၏။ ရေနွေးကရားထဲက လက်ကျန်ရေနွေးဖက်တို့ကို တစိုးတစိမျှ မကျန်အောင် ဆေးကြောရင်း ကျွန်တော် မောင်အောင်သန်းသည် အတွေးနယ်နက်ကာ စဉ်းစားလျက်ရှိ၏။

အယ်ဒီတာချုပ် ဦးစိုးမောင် (သာဂရငစိုး) မိမိအခေါ် ဆရာစိုးသည် ဘာကြောင့် အလုပ်သင်သတင်းထောက်ကို စ စချင်း သတင်းထောက်ပညာ မသင်ပေးဘဲ ရေနွေးအိုးတည်ခိုင်းနေရပါသနည်း။ သာမန်အားဖြင့် အဓိပ္ပာယ်မရှိ။ ပြားဝပ်ကျိုးနွံအောင် ခိုင်းစေခြင်းဖြစ်လေသလောဟု အထင်မှားမိ၏။ စင်စစ်ဖြစ်စဉ်က ဤသို့မဟုတ်ချေ။

ရေနွေးအိုးကိုဆေးလျက် ရေဖြည့်လာပြီးသည့်အခါ ဆရာစိုးသည် ရေနွေးအိုးအဖုံးကို ဖွင့်ကြည့်၏။ သေသေချာချာစောင်းငဲ့လျက် နှစ်ကြိမ်သုံးကြိမ် ကြည့်၏။ ပျော့ပျောင်းနူးညံ့သော ဆရာစိုးမျက်နှာပေါ်တွင် ကြည်လင်ရွှင်ပျသောအပြုံးသည် မိုးဆမ်းပန်း လို လန်းစင်ရွှင်ပျလာ၏။

“မောင်အောင်သန်းကို ဆရာ ဘာလို့ခိုင်းသလဲဆိုတာ ရိပ်မိပြီ မဟုတ်လား”

ကျွန်တော်သည် လေးစားစွာဖြင့် ခေါင်းညိတ်၏။

“ကျွန်တော် ဘယ်လောက်တိကျတယ်။ သေးငယ်တဲ့အလုပ်လည်း တိတိကျကျ ဂရုစိုက်၊ မစိုက် စစ်ဆေးတာလို့ ကျွန်တော်နားလည်ပါတယ် ဆရာ” ချစ်ဖွယ်ကောင်းသော ထားဝယ်အမျိုးသားကြီး ဆရာစိုးသည် ခေါင်းတဆတ်ဆတ် ညိတ်၏။ ကျေနပ်ဝမ်းမြောက်စွာပင် ပီတိဖြစ်လျက်ရှိ၏။

“သတင်းစာသမား သတင်းထောက်လုပ်မယ်ဆိုရင် အခြေခံတိကျတယ်၊ သပ်ရပ်သေချာရတယ်။ နို့မို့ဆိုရင် သတင်းစာဆရာကောင်း မဖြစ်နိုင်ဘူး”

ဆရာစိုးက တစ်ခါပဲပြော၏။ ထိုနေ့ကစ၍ ကျွန်တော်သည် ဘယ်သူမှခိုင်းစရာမလိုဘဲ ရေနွေးအိုးကို အယ်ဒီတာဌာနအတွက် မပြတ်တည်ပေး၏။ ထိုရေနွေးအိုးက ထွက်ရှိလာသော အဖန်အခါးရည် မကျတကျကို သတင်းစာတိုက်သို့ ရုတ်တရက်ရောက်ရှိလာသော နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုလည်း သုံးဆောင်၏။ စာပေပညာရှင် ညီနောင်နှစ်ဦးဖြစ်သော ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့လည်း ခံတွင်းတွေ့၏။ ဆရာစိုး၏ ငယ်သူငယ်ချင်း ကျောင်းနေဖက် နိုင်ငံတော်ဝန်ကြီးချုပ် ခြောက်လဖြစ်ဖူးသော ကာကွယ်ရေးဝန်ကြီး ဦးဗဆွေ(ထားဝယ်)လည်း မြည်းစမ်းဖူး၏။ ထိုမျှမက ဆရာဒဂုန်တာရာ၊ ဦးလေးလှ(လူထုဦးလှ)၊ ဦးလေး ဦးသိန်းဖေမြင့်၊ ဆရာဇဝန၊ စာရေးဆရာကြီးဓူဝံ (မြန်မာ့အလင်းဦးသန်းတင့်)၊ ဆရာပါရဂူ၊ ဆရာသာဓုနှင့် ဆရာနန်းညွန့်ဆွေတို့လည်း ကျွန်တော် တည်သောရေနွေးကို တစ်ငုံ တစ်ပန်းကန်တစ်ခွက် သောက်ဖူးသူများ ဖြစ်ကြ၏။ ဆရာသာဓုဆိုလျှင် ကျွန်တော့်ခေါင်းကို ခွေးကလေးတစ်ကောင်ပမာ ပွတ်သပ်ခြေမွပြီးသော ဘဝတိုင်းဘဝတိုင်း မြန်မာ့အလင်း အောင်သန်းရဲ့ လက်ဖက်ရည် အဖန်အခါးကို သောက်သုံးရပါလို၏ဟုပင် ဆုတောင်း၏။ ကျွန်တော်သည် လွန်စွာဆင်းရဲသည့်ကြားက လွန်စွာပျော်နေမိ၏။

ကျွန်တော်၏ ဤမြန်မာ့အလင်းသတင်းစာတိုက်က အလုပ်သင်သတင်းထောက်ဘဝသည် ဤသို့ဖြစ်၏။ အလုပ်သင်သတင်းထောက် သုံးလပတ်လုံး တိုက်က ထောက်ပံ့ကြေး တစ်ပြားမှမရပါ။ ပြန်ကြားရေးဌာနက Hand-out အဖြစ် သတင်းနှင့် ဓာတ်ပုံတွေ တိုက်ကို ပို့ပေး၏။ ယင်းဓာတ်ပုံတွေထဲမှာ Seal တံဆိပ်တုံး မရိုက်သေးသည့်ဓာတ်ပုံပါလာလျှင် ကျွန်တော့်ကို ဓာတ်ပုံကျောဘက်မှာ လက်မှတ်ထိုးခိုင်း၏။ တစ်ပုံ ငါးကျပ်နှုန်းဖြင့် စာရေးဆရာကြီး ဦးသာခွေးက ငွေထုတ်ပေး၏။ ဤနည်းဖြင့် လစဉ် ၄၅ ကျပ်၊ ၅ဝ။ ဤသို့ စရိတ်ရအောင် ဆရာစိုးနှင့် ညအယ်ဒီတာ ဆရာရွှေပိန်သောင်း (ဦးသောင်းညွန့်)တို့က စီစဉ်ပေး၏။

ထိုစဉ်က မိခင်သည် အကြီးအကျယ်နာမကျန်းဖြစ်နေ၏။ ဖခင်ရသော ၁၂၆ ကျပ် ၇၅ ပြား လစာသည် မိမိတို့မိသားစု ခုနစ်ဦးတွက် လုံးဝမပို။ ယင်းကြောင့် မိမိရသော ၄၅ ကျပ်ကို အိမ်အတွက် ထောက်ပံ့ရ၏။ မြေနီကုန်းရှိ မိမိနေအိမ်က မြန်မာ့အလင်းသတင်းစာတိုက်ကို ကုန်းကြောင်းလျှောက်ရ၏။ မြန်မာ့အလင်းက ကားကြုံရှိလျှင် မြို့ထဲရှိ သတင်းထောက်အသင်း (BRA) သို့ ရောက်ရ၏။ ကားမကြုံလျှင်တော့ လျှောက်ပေတော့ မောင်အောင်သန်း။

BRA သည် ကျွန်တော်၏ ဘူမိနက်သန်ဖြစ်၏။ တနင်္ဂနွေတစ်ပတ်တွင် ခြောက်ရက် ရောက်ရ၏။ နေ့စဉ်နံနက် ၁၁ နာရီက ညနေ ၄ နာရီထိ BRA မှာ စတည်းချ၏။ BRA တွင် တနင်္ဂနွေနေ့တစ်ပတ် နေ့စဉ်သတင်းစာရှင်းလင်းပွဲ ရှိ၏။ နစ်နာသူ အလုပ်သမား၊ လယ်သမား၊ မကျေနပ်သောနိုင်ငံရေးသမားများတို့ လာရောက်ရှင်းလင်းကြခြင်းပင်။ လက်ဖက်ရည်နှင့် မုန့်တိုက်ကျွေးနိုင်သူများရှိသလို ပုဂ္ဂလိက နွမ်းပါးသူများခမျာ ဘာမျှ ဧည့်မခံနိုင်ရှာကြပါ။ တချို့ဆိုလျှင် မိမိတို့ နစ်နာချက်များကို စာဖြင့်ပင်လျှင် အဆင်ပြေအောင် မရေးတတ်ပါ။ ထိုအခါ မိမိက အဆင်ပြေအောင် ရေးပေးရ၏။ နေ့တိုင်းလိုလို မိမိနစ်နာချက်ကို အဆင်ပြေအောင် မရေးတတ်သူများရှိ၏။ မိမိကလည်း ပုံမှန်ရေးပေး၏။BRA က စာရေးကြီး ဦးသောင်းလွင်ကလည်း တတ်စွမ်းသမျှ လက်နှိပ်စက်ရိုက်ပေး၏။ ယင်းကြောင့်  BRA (Burma Reporter Association) မြန်မာနိုင်ငံ သတင်းထောက်များအသင်းသည် ဒုက္ခရောက်နေသူများကို နိုင်ငံတော်အစိုးရမင်းများ သိရှိပြီးသကာလ အရေးယူဆောင်ရွက်ပေးနိုင်အောင် ပံ့ပိုးကူညီပေးသော ပရဟိတကုသိုလ်ဖြစ် အဖွဲ့အစည်းတစ်ခုဟု ဆိုရပါလျှင် ယင်းသည် မှန်သောစကား ဖြစ်ပေသည်။

တစ်ခါ အလုပ်သမားတစ်ယောက်ခမျာ တော်တော်ဒုက္ခရောက်လာ၏။ အလုပ်ရှင်ဆီက လစာမရ၍ ငတ်ရတော့မည့်အခြေအနေ ရောက်နေ၏။ ခြောက်ထပ်ရုံးကြီးက မိမိနှင့်ခင်သော အလုပ်သမားညွှန်မှူးဆီသို့ ကျွန်တော် စာရေးပေးလိုက်၏။
တိုက်ဆိုင်ကံကောင်းသည်မှာ ညွှန်မှူးက ချက်ချင်းပင် အလုပ်ရှင်ကို ဖုန်းဆက်ခေါ်ယူပြီး ညှိနှိုင်းပေးလိုက်ရာ ၂၄ နာရီအတွင်း ပြေလည်သွား၏။ အလုပ်ရှင်ပေးသောငွေဖြင့် ထိုအလုပ်သမားသည် ကျွန်တော့်အတွက် မုန့်များဝယ်လာပြီးသော် ကိုကျော့် လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်တိုက်၏။ ကျွန်တော်သည် လွန်စွာပင်ကြည်နူးမြူးပျော်ရ၏။ ကျွန်တော်သည် ဤနည်းအားဖြင့် ဒုက္ခရောက်လာသူ နွမ်းပါးသူတို့ကို တတ်နိုင်သည့်နည်းဖြင့် ကူညီ၏။ မိခင်နှင့်အကြောင်းမပါမီ မန္တလေးဘုရားကြီးတိုက်တွင် သံဃာတော်တစ်ပါးဖြစ်ခဲ့ဖူးသည့် ဖခင်က ရောက်ရာဘဝမှာ ကိုယ့်ထက် ဒုက္ခရောက်နေသူကို ကူညီရမယ်။ နည်းနည်းဖြစ်ဖြစ်။ အဲသလို ကုသိုလ်ရအောင်ယူပါဟူသော ဩဝါဒကို မိမိသည် သတင်းသမားတစ်ဦးအနေဖြင့် တကယ်ပင် စွမ်းဆောင် တည်ဆောက်နိုင်ခဲ့၏။

ယင်းမှာ မိမိရောက်ရှိနေသောဘဝကို အမှန်ပင် ဆန်းစစ်သိမြင်လာ၏။ “ဟာ ငါ ယခုရောက်ရှိနေသည့် သတင်းစာသမားအလုပ်ဟာ တကယ်မွန်မြတ်တဲ့အလုပ်ပါလား။ ဒုက္ခရောက်နေသူတွေကို တတ်နိုင်တဲ့နည်းနဲ့ ကူညီပေးနိုင်တဲ့ဘဝပါလား။ ဘဝ ဘဝဆိုတာတွေသာရှိခဲ့ရင် ဘဝဆက်တိုင်း ဘဝဆက်တိုင်း သတင်းစာဆရာ၊ စာရေး ဆရာဘဝမှာ မွေ့လျော်ပျော်နိုင်သူဖြစ်ရပါလို၏”ဟု စိတ်ထဲက ပျော်ရွှင်ကြည်နူးစွာပင် ဆုတောင်းမိလိုက်လေသည်။

BRA ကနေ၍ မြန်မာ့အလင်းသတင်းစာတိုက်ဆီသို့ တိရစ္ဆာန်ရုံဘေးကဖြတ်လျက် ကုန်းကြောင်းလျှောက်လာစဉ် ထိုကာလကများစွာ ဆင်းရဲနေသော မိမိဘဝကိုပင် မေ့လျော့ကာ ထိုတဒင်္ဂမှာ များစွာပျော်ရွှင်ကြည်နူးလျက် မချွန်စဖူး လေကလေးတမြမြပင် ချွန်လာနေမိတော့သည်။


Credit - Eleven Media Group

No comments:

Post a Comment