![]() |
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တိုက်ခန်းများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်) |
“ပွဲစားကို တစ်လစာ ပေးပေးနေရတာ အရမ်းနှမြောတယ်ဗျာ”
လူငယ်တစ်ယောက်ရဲ့ နှုတ်ဖျားကနေ မချိတင်ကဲသံ ထွက်ကျလာတယ်။ သူ့နာမည်က မောင်တိုး။ ရန်ကုန်မှာ အလုပ်လုပ်ရင်း ကျောင်းတက်နေတဲ့ အသက် ၂၁ နှစ်အရွယ် ကျောင်းသားတစ်ယောက်။ သူ့မျက်နှာမှာ တကယ်နှမြောနေတဲ့ စိတ်ခံစားမှုမျိုးကို မြင်တွေ့နေရတယ်။ သူဟာ ဒီအိမ်ခြံမြေဈေးနှုန်းပူဖောင်းကြီး ဘယ်နေ့ပေါက်မလဲ စောင့်မျှော်နေသူတွေထဲက တစ်ယောက်လည်းဖြစ်တယ်။ ဒါပေမဲ့ ၀ယ်ဖို့တော့ မဟုတ်ပါဘူး။ ဘ၀တူ အိမ်ငှားတွေကို စာနာလို့ပါတဲ့။
“ပုံမှန်လည်ပတ်ရတာက လစာနဲ့ဆို အဆင်ပြေတယ်။ နေဖို့တိုက်ခန်း ပြန်ငှားရတဲ့အခါတော့ တော်တော်ကျပ်တယ်။ အိမ်ငှားတွေဘ၀က တကယ်မလွယ်ဘူး။ အိမ်ငှားတွေကို သနားတယ်ဗျာ” သူ့ပုံစံက အရယ်အပြုံးမရှိ။ သူနေထိုင်နေရတဲ့ အိမ်ငှားဘ၀ကို တော်တော်မကျေမနပ် ဖြစ်ပုံပေါက်နေတယ်။ စားဝတ်နေရေးဆိုတဲ့ အချက်တွေထဲမှာ နေရေးဟာ တကယ့်အရေး၊ တကယ့်ဘေး ဖြစ်လာခဲ့တယ်ဆိုတာ သူရဲ့အခက်အခဲတွေ၊ စကားလုံးတွေက သက်သေပြနေတာကိုလည်း တွေ့ရတယ်။ ရန်ကုန်မှာ အိမ်ရာလိုအပ်ချက်တွေ ဘာကြောင့်ဖြစ်နေတာလဲ။ ဘယ်လိုဖြေရှင်းနိုင်မလဲ။
လွန်ခဲ့တဲ့ နှစ်တွေကထက် တိုက်ခန်းခတွေ ပိုပြီးဈေးနှုန်းမြင့်တက်လာခဲ့သလို အခန်းရှာရတာလည်း ပိုပြီးခက်ခဲသလို ရှိလာတယ်လို့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်ငှားတွေက ပြောပြတယ်။ အဲလို သူတို့တွေပြောတဲ့အခါ အဓိကပါဝင်လာတဲ့ ဇာတ်ကောင်တွေကတော့ ပွဲစားတွေပဲ ဖြစ်ပါတယ်။ ပွဲစားတွေဆိုပေမယ့် ပွဲစားတွေဟာ အိမ်ခြံမြေအကျိုးဆောင်ရယ်လို့ ခမ်းခမ်းနားနား ဖြစ်တည်နေတာတော့ မဟုတ်ပါဘူး။ သူတို့က ရပ်ကွက်ထဲက နီးစပ်ရာအိမ်ခန်းတွေရဲ့ ပွဲစားအဖြစ် အိမ်ရှင်နဲ့ရင်းနှီးမှုကနေတစ်ဆင့် ခံယူလိုက်တာဖြစ်တယ်။ မရင်းနှီးပေမယ့်လည်း သူက ဒါလုပ်တယ်ဆိုတာကို သိတဲ့အခါ အိမ်ရှင်က သွားပြီးချိတ်လိုက်တာမျိုးတွေလည်း ရှိတယ်။
ရန်ကုန်က ရပ်ကွက်တိုင်းလမ်းတိုင်းရဲ့ထောင့်က လက်ဖက်ရည်ဆိုင်တွေမှာ အဲလိုပွဲစားတွေ ရှိတတ်တယ်။ သူတို့ဟာ တစ်နေ့ကို လက်ဖက်ရည်ဆိုင်တွေမှာ အချိန်ပေါင်းများစွာ ရှိနေတတ်ပြီး အိမ်ခန်းငှားသူတွေကို စောင့်နေကြတယ်။ ပြီးတော့ အရင်သူတို့ ငှားထားပေးတဲ့အိမ်က အိမ်ငှားဘယ်တော့ ပြည့်မလဲဆိုတာကို တွက်ချက်ရင်း ဒီအိမ်နဲ့ပတ်သက်ပြီး ဘယ်လိုအကျိုးထပ်ရှာနိုင်မလဲ အကြံထုတ်နေတတ်ကြတယ်။ တရားဝင်သတ်မှတ်ထားခြင်း မရှိပေမယ့် ခြောက်လဒါမှမဟုတ် တစ်နှစ်အိမ်ခန်းစာချုပ် ချုပ်တဲ့အခါ အိမ်ငှားကပွဲစားကို တစ်လစာပေးရတာ အစဉ်အလာ ဖြစ်နေပြီလေ။ အဲဒီအခါ ပထမခြောက်လစာချုပ်ချုပ်လို့ တစ်လစာရထားပေမယ့် နောက်အိမ်ရှင်နဲ့အိမ်ငှား အဆင်ပြေလို့ ခြောက်လစာချုပ် ထပ်ချုပ်မယ်ဆိုရင် ပွဲစားဟာ ဘာမှထပ်မရတော့ပါဘူး။ ဒါဟာ သူတို့အတွက် နစ်နာတယ်လို့ ပွဲစားတွေက ခံယူပါတယ်။ ဒါကြောင့်မို့ ခုနကလို ခြောက်လပြည့်ခါနီးတာနဲ့ သူတို့အကြံထုတ်တယ်။ အိမ်ငှားကို ဒီထက်ပိုကောင်းတဲ့အိမ်ခန်းကို ပြောင်းပေးမယ်ဆိုပြီး ဆွဲဆောင်မယ်။ အိမ်ရှင်ကိုတော့ ဒီထက်ပိုကောင်းတဲ့ အိမ်ငှားကို ရှာပေးမယ်လို့ ဆွဲဆောင်တယ်။ တကယ်လို့ ဒီနည်းအောင်မြင်ရင် သူဟာ ရပ်ကွက်ပွဲစား စီးပွားရေးဗျူဟာတစ်ခုကို အပိုင်ခင်းနိုင်ခြင်းလည်း ဖြစ်လိမ့်မယ်။ ဒါမျိုးကို အဲလိုရပ်ကွက်အဆင့် ပွဲစားတွေကစပြီး လုံးချင်းတိုက်တွေ ကွန်ဒိုတွေကို အငှားလက်ခံကိုင်ထားတဲ့ ပွဲစားတွေအထိ အသုံးပြုကြတယ်။ (အရောင်းအ၀ယ် ပွဲစားတွေဆိုရင်တော့ သူတို့ရတဲ့ပုံစံက တစ်မျိုးဖြစ်တယ်။ အများစု လက်ခံထားတာကတော့ တစ်ရာကို နှစ်ကျပ်နှုန်းဖြစ်ပြီး သိန်းတစ်သောင်းတန် အိမ်ခြံမြေတစ်ခု အရောင်းအ၀ယ်ဖြစ်သွားတဲ့အခါ ပွဲစားက သိန်းနှစ်ရာရပါတယ်။)
အိမ်ခန်းငှားခတွေ မြင့်တက်လာခဲ့တာကြောင့် မြို့တွင်းကနေ မြို့ပြင်ထွက်သွားရသူတွေလည်း အများအပြားတွေ့ရတယ်။ ဒါပေမဲ့ ဘယ်လိုအခြေအနေတွေမှာပဲဖြစ်ဖြစ်၊ ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် ပွဲစားတွေရဲ့ ဈေးကွက်ကတော့ ရှိနေပြီး နေမြင့်လေအရူးရင့်လေ၊ မျက်ဖြူ စိုက်လေ ဆရာကြိုက်လေဆိုတဲ့ အခြေအနေမျိုးကို သူတို့က . . . . .
ဒီလိုပွဲစားတွေရဲ့ ပဉ္စလက်ပညာပြမှုတွေကို ထဲထဲဝင်ဝင် ခံခဲ့ရသူတွေထဲမှာ မောင်တိုးလည်းပါဝင်ခဲ့တာပါ။ သူရန်ကုန်ကို ရောက်လာတာက လွန်ခဲ့တဲ့ သုံးနှစ်လောက်က။ ဒါပေမဲ့ အိမ်ငှားတွေရဲ့ ကံကြမ္မာက တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာခဲ့တယ်။ ကံကောင်းတဲ့ အိမ်ငှားတချို့ကတော့ အိမ်ရှင်နဲ့ တိုက်ရိုက်သိကျွမ်းပြီး ငှားခွင့်ရလို့ အိမ်ခန်းခဈေးနဲ့ သင့်တော်တဲ့အိမ်ခန်းကို ငှားမိတာတွေရှိသလို ပွဲစားကို တစ်လစာပေးရတဲ့ အဖြစ်ကလည်း ကင်းလွတ်ခွင့်ရပါတယ်။ ဒါပေမဲ့ အများစုကတော့ ပွဲစားတွေ ကစားသမျှကိုပဲ မျက်စိစုံမှိတ်ရပါတယ်။ မငှားခင်ပြောထားတာ အဆင်ပြေချောမွေ့နေပေမယ့် တကယ်နေမလို့ သွားတဲ့အခါမှ နေဖို့တော်တော်အဆင်မပြေဖြစ်တဲ့ အိမ်ခန်းတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ ခြောက်လတစ်ကြိမ်လောက် အိမ်လိုက်ရှာနေရသူ အိမ်ငှားအများစု ကြုံတွေ့နေရတဲ့ ပွဲစားတွေဆီက သင်ခန်းစာတွေပါပဲ။
“ကျွန်တော်ကို ပွဲစားနောက် တစ်ခါလိုက်သွားဖူးတယ်။ သူလိုက်ပြတာက အိမ်ခန်းမဟုတ်ဘူး။ ပျဉ်ထောင်အိမ်အစုတ်လေး။ ရှာပေးမယ်ပြောတုန်းကတော့ အဆင်ပြေတာလုပ်ပေးမယ်လို့ ပြောလို့လေ” လို့ သူ့အတွေ့အကြုံကို မောင်တိုးက ပြောပြတယ်။
ဆယ်စုနှစ်တစ်စုအတွင်း အိမ်ခန်းခ ၁၀ ဆလောက် မြင့်တက်လာခြင်းဒဏ်ကို တစ်ဆက်တည်း မြင်တွေ့ခံစားခဲ့သူ တစ်ယောက်နဲ့လည်း အိမ်ခန်းငှားခတွေအကြောင်း ပြောဖြစ်ခဲ့တယ်။ သူဟာ လွန်ခဲ့တဲ့ ၂၀၀၄-၂၀၀၅ ခုနှစ်ဝန်းကျင်က လမ်းမတော်မြို့နယ်၊ ရွှေတောင်တန်းလမ်း အနီးတစ်ဝိုက်က တိုက်ခန်းတွေ ငှားနေခဲ့ပြီး ၂၀၀၆-၂၀၀၇ ခုနှစ်တွေမှာတော့ စမ်းချောင်းထဲက မင်္ဂလာလမ်းလို နေရာတွေမှာ ငှားနေခဲ့ပါတယ်။ လမ်းမတော်မှာနေတုန်းက အိမ်ခန်းငှားခ တစ်လလေးသောင်းလောက်ပဲ ရှိနေခဲ့သလို စမ်းချောင်းဘက်ရောက်တော့လည်း ငါးသောင်း၊ ငါးသောင်းခွဲဝန်းကျင်ပဲ ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အိမ်ငှားဈေးနှုန်းတွေနဲ့ အိမ်ခြံမြေဈေးတွေ တရိပ်ရိပ် ပိုအားကောင်းမြင့်တက်လာခဲ့တယ်။ ဒီလိုနဲ့ သူတို့မိသားစုဟာ မြောက်ဒဂုံလို မြို့စွန်ဘက်ကို ပြောင်းဖြစ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ သူ့လို အိမ်ခန်းငှားခတွေ မြင့်တက်လာခဲ့တာကြောင့် မြို့တွင်းကနေ မြို့ပြင်ထွက်သွားရသူတွေလည်း အများအပြားတွေ့ရတယ်။ ဒါပေမဲ့ ဘယ်လိုအခြေအနေတွေမှာပဲဖြစ်ဖြစ်၊ ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် ပွဲစားတွေရဲ့ ဈေးကွက်ကတော့ ရှိနေပြီး နေမြင့်လေအရူးရင့်လေ၊ မျက်ဖြူ စိုက်လေ ဆရာကြိုက်လေဆိုတဲ့ အခြေအနေမျိုးကို သူတို့က အပိုင်ဆုပ်ကိုင်ထားကြပါတယ်။
၂၀၀၈ ခုနှစ်အရောက်မှာ နာဂစ်မုန်တိုင်းဖြစ်ပြီးတဲ့နောက် မြစ်ဝကျွန်းပေါ်ဒေသက လူအများစု အလုပ်အကိုင်ကြောင့် ရန်ကုန်ကို လာရောက်ကြတဲ့အခါ ရန်ကုန်မှာ လူဦးရေထူထပ်မှု ပိုဖြစ်လာခဲ့တယ်။ အများစုဟာ လှိုင်သာယာ၊ ရွှေပြည်သာတို့လို မြို့စွန်က စက်မှုဇုန်တွေဘက်မှာ အလုပ်လုပ်ကြရတာဖြစ်ပြီး အဲဒီမှာပဲ နေထိုင်ကြတာဖြစ်ပေမယ့် ထိုက်သင့်တဲ့ ပညာအရည်အချင်းမျိုး ရှိတဲ့သူတွေကတော့ မြို့ထဲမှာရှိတဲ့ စတိုးဆိုင်တွေ၊ အ၀တ်အထည်ဆိုင်တွေ၊ ကုန်တိုက်တွေမှာ အလုပ်လုပ်ကြတော့ မြို့ထဲမှာပဲ နေကြတယ်။ သူတို့ထဲက တချို့ကတော့ နယ်ကနေရုတ်တရက်ပြောင်းလာတဲ့ အခြေအနေမှာ ရန်ကုန်က ကြောနပ်နေတဲ့ ပွဲစားတွေရဲ့ ကစားကွက်တွေအောက် ကျရောက်ခဲ့ကြတယ်။ အလုပ်မှာ တစ်ခါတည်း နေစရာပါ ရတဲ့သူတွေကတော့ အသက်ရှူနည်းနည်း ချောင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ နယ်ဘက်မှာ အလုပ်အကိုင် ရှားပါးလာလေလေ၊ ရန်ကုန်တက်လာကြလေလေ ဖြစ်လာကြပြီး သူတို့လုပ်တဲ့အလုပ်တွေရဲ့ လစာတွေက မက်လောက်စရာ မရှိပေမယ့် နေထိုင်စရိတ်အတွက် သုံးရတဲ့ပိုက်ဆံကတော့ လက်တွန့်စရာ အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာခဲ့ကြရတယ်။ လက်တွေ့ဖြစ်စဉ်တချို့ကို လေ့လာကြည့်တဲ့အခါ အိမ်ခန်းခမြင့်တက်ခြင်းပူဖောင်းကို ပွဲစားတွေဟာ လေမှုတ်ထည့်နေတာ ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရမှာပါ။ တစ်ခါတစ်ရံ အိမ်ရှင်ကတစ်သိန်းခွဲနဲ့ အငှားဈေးခေါ်ထားရင် ပွဲစားနှစ်သိန်းနီးပါးလောက်ထိ ဆွဲမြင့်သွားတာမျိုးတွေရှိတယ်လို့ အိမ်ရှင်တွေဆီက ပြန်ကြားရတာတွေဟာ ဒီအိမ်ခန်းဈေးမြင့်တက်မှုမှာ ပွဲစားတွေဘယ်လောက် မွှေနှောက်ထားလဲ သိသာစေတဲ့ အချက်တွေပါပဲ။
အိမ်ငှားခတွေ ဈေးတက်နေတာကို ဘယ်သူမှ ထိန်းချုပ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ ပြောနေတဲ့သူတွေတော့ အများကြီးပဲ။ ဒါပေမဲ့ ဒီလို အိမ်ခြံမြေဈေးတွေနဲ့ အိမ်ခန်းငှားခတွေ မြင့်တက်နေတာဟာ တစ်နှစ်ထက်တစ်နှစ် ပိုပြီးလိုအပ်လာတဲ့ နေစရာတိုက်ခန်း လိုအပ်ချက်ကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း ဒုဥက္ကဋ္ဌဖြစ်သူ ဦးသန်းဦးကတော့ သုံးသပ်တယ်။ အဓိကပြဿနာဟာ ပွဲစားတွေထက် အိမ်ရာတွေ၊ အိမ်ခန်းတွေများလာအောင် ဖန်တီးပေးမယ့်သူတွေနဲ့ သက်ဆိုင်နေတေယ်လို့ သူကဆိုတယ်။
ဘယ်လိုပဲဆိုဆို ဆိုချင်သလိုဆို ပေါက်ရန်ခက်ခဲတဲ့ အိမ်ခြံမြေပူဖောင်းကြီး ဆက်ပြီးလေတင်းနေရေးအတွက် ပွဲစားများကတော့ ခရီးဆက်ကြပေလိမ့်မယ်။ တန်ဖိုးနည်း အိမ်ရာစီမံကိန်းများဟာလည်း ကြိုပွိုင့်များ၊ ပွဲစားများ၊ အဆက်အသွယ်များဖြင့်သာ ခရီးသွားကြဦးမယ်။ ဒီလိုပါပဲ။ ဘယ်သူကို အပြစ်တင်ရမယ်မှန်းမသိတဲ့ အိမ်ငှားတွေကလည်း ဖြစ်သမျှအားနဲ့ ဆက်ပြီးရုန်းကန်ကြရဦးမယ်။
အင်း.. ဒီထက်ကော သူတို့ဘာမျှော်လင့်နိုင်ဦးမှာမို့လို့လဲ။

Credit - Eleven Media Group
No comments:
Post a Comment