Saturday, November 29, 2014

ကြေးစားလူမိုက်များ၏ စားကျက်

ထိုညမြင်ကွင်းများကိုတော့ ဦးမောင်မြင့် တစ်သက် မေ့၍ရတော့မည်မထင်။
“ကိုယ့်သားသမီး အရွယ်လောက်တွေရှေ့မှာ ဒူးထောက်ရပြီး မလုပ်ပါနဲ့ ငါ့ညီရာလို့ ခြေသလုံးဖက် တောင်းပန်တာတောင် ဆောင့်ကန်ခံရတယ်။ အရမ်းလည်းရှက်တယ်” ဟု ဆိုလာသူ ဆယ်အိမ်မှူး ဦးမောင်မြင့် ဖြစ်သည်။

 

ဦးမောင်မြင့်သည် မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးဖြစ်သည်။ လွန်ခဲ့သည့် ၁၀ ရက်ခန့်က ဓားလွတ်များကို ကိုင်ဆောင်ထားသည့် လူငယ်တစ်စု၏ နှိပ်စက်မှုခံရပြီး အသက်ဘေးက လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

အုပ်စုဖွဲ့ အနိုင်အထက် ပြုမှုများကို ရန်ကုန်မြို့တော်နေ ပြည်သူများထဲတွင် ဦးမောင်မြင့် တစ်ဦးတည်း ကြုံတွေ့ခဲ့သည်တော့မဟုတ်။

အသက် ၂၆ နှစ်အရွယ် နိုင်မင်းသူဆိုသည့် လူငယ်တစ်ဦး နိုဝင်ဘာလ ၁၂ ရက်နေ့က ဆိုင်ကယ် ပျောက်ဆုံးမှုမှ စခဲ့သည့် စကားပြော အဆင်မပြေမှုကို အကြောင်းပြုကာ နိုင်မင်းသူနှင့် အပေါင်းအပါ လူငယ်တစ်စုက အုပ်စုဖြင့် အငြိုးဖွဲ့ ရမ်းကားခဲ့ခြင်း ဖြစ်သည်။ ဆယ်အိမ်မှူး ဦးမောင်မြင့် အပါအဝင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကိုပါ ထိုလူငယ်တစ်စု စိတ်ကျေနပ်သည်အထိ နှိပ်စက်ခဲ့ကြသည်။ နောက်ဆုံး အားလုံး ဆေးရုံရောက်သွားတော့သည်။

ထိုလူငယ်တို့ မည်သူ့အားကိုးဖြင့် မိုက်ခဲ့ကြသနည်း။ ယင်းဖြစ်စဉ်ကို အကြောင်းပြု၍ ရန်ကုန်တိုင်းဒေသကြီးတစ်ခွင် ကြေးစားဂိုဏ်း နှိမ်နင်းမှု အစီအစဉ် အစပြုလာခဲ့သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းဖော်ထုတ်ချက်များအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုယက်ခြင်း၊ ငွေကြေးနှင့် တန်ဖိုးကြီး ပစ္စည်းများကို ခြောက်လှန့် တောင်းယူခြင်း၊ အခကြေးငွေယူကာ အကြွေးတောင်းပေးခြင်း၊ မိုက်ကြေးခွဲခြင်း၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ကို ဓားထောက် အနိုင်ကျင့်ခြင်းတို့ ပြုလုပ်သည့် အမျိုးသမီးတစ်ဦး ပါဝင်သော လူရှစ်ဦးခန့်ရှိသည့် ကြေးစား လူမိုက်ဂိုဏ်းတစ်ခုကို ဓားလက်နက် ၃၇ ချောင်း၊ ဆေးခြောက်တို့နှင့်အတူ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းက လှိုင်သာယာမြို့နယ် ရွှေလင်ပန်း ရပ်ကွက်တွင် ဖမ်းမိခဲ့သည်။

ရဲတပ်ဖွဲ့ဝင်တို့၏ အဆိုအရ ရန်ကုန် လူမိုက်ဂိုဏ်း ရာဇဝင်က နှစ် ၄၀ က စခဲ့သည်။

လွန်ခဲ့သည့် နှစ် ၄၀ ခန့်က စတင်ခဲ့သည်ဟု ဆိုသော်လည်း လူဆိုးလူမိုက်များသည် အုပ်စုဖွဲ့၍ မိမိပိုင် နယ်မြေအတွင်း ကျက်စားနေမှု အဆင့်သာရှိပြီး သေနတ်၊ ကျည်ဆန်စသည့် လက်နက်ခဲယမ်းများ ကိုင်ဆောင်နိုင်သည့် ဂိုဏ်းစတား အဆင့်ထိ မရှိဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ထုတ်ဖော် ပြောကြားသည်။

“စိန်ဂေါ်လီဂိုဏ်းတို့၊ စကော်ပီယံ ဂိုဏ်းတို့လည်း ဟိုးအရင်က ပေါ်ခဲ့ဖူးပေမယ့် ဖြိုခွဲနိုင်ခဲ့တယ်။ စကော်ပီယံဂိုဏ်းမှာ လူကြီးသားသမီးတွေက ခေါင်းဆောင်လုပ်ပြီး ဟီးရိုးဖြစ်ချင်လို့ လမ်းသရဲဂိုဏ်း ပုံစံမျိုး ဖွဲ့ခဲ့တာ။ အဲဒီအဖွဲ့ကို ဖြိုတုန်းက စသုံးလုံးပါ ကူခဲ့ရတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တော်ရှိ လူမိုက်ဂိုဏ်းဝင်များသည် ပညာမဲ့ အလုပ်အကိုင် မရှိ၍ စားဝတ်နေရေးကြောင့် ငွေလိုချင်သူများက အုပ်စုဖွဲ့ကာ လူမိုက်လုပ်နေခြင်းသာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း အရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။

အချို့ကတော့ ထိုသို့သော သဝန်တိုတတ်သူ ကာလသားများက လူမိုက်အားကိုးဖြင့် ချစ်ရသူ မိန်းမပျိုများကိုပင် ရန်ရှာ ခြိမ်းခြောက်တတ်လာသည်။

“တစ်ခုခု အထင်လွဲရင် နင်ငါ့ကို ဘာမှတ်လဲ ငွေပေးပြီး သတ်ခိုင်းရမလား၊ ရိုက်ခိုင်းရမလား၊ ငါးသိန်းတောင် မကုန်ဘူး၊ တောင်ဒဂုံဘက်မှာ ရှိတယ်လို့ ပြောတယ်။ ကျွန်မလည်း အရမ်းကြောက်တယ်” ဟု ကိုယ်တိုင် ခြိမ်းခြောက်ခံခဲ့ရသူ အသက် ၂၀ ကျော် မိန်းကလေးတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်၏ လူမိုက်ဂိုဏ်းဝင်များတွင် သူ့အမည်မှန်ကို ထုတ်မပြောလိုဘဲ ဦးကျားကြီး ဆိုသူလည်း တစ်ဦး အပါအဝင်။

ဦးကျားကြီး၏ တစ်ကိုယ်လုံးတွင် နဂါးရုပ်၊ ကျားရုပ်များအပြင် အမျိုးအမည် မဖော်ပြနိုင်သည့် ဆေးမင်ကြောင် ရုပ်များက ဖုံးလွှမ်းနေသည်။ ဦးကျားကြီးအတွက် ဤဆေးမင်ကြောင် အရုပ်များသည်ပင်လျှင် ဂုဏ်တစ်ရပ်နှယ် ပွတ်သပ်၍ စကားဆိုလာသည်။

“သရဲခြောက်တယ်ဆိုတာ ကိုယ်ဝင်ဖြဲရမယ့်လူကို ကျွတ်သွားအောင် ဓားထောက် ခြိမ်းခြောက်ပေးရုံ၊ ဇာတ်ကြမ်း ရိုက်တယ်ဆိုတာ ကွဲပြဲသွားအောင် ရိုက်နှက် ပေးရတာမျိုး၊ အများစုက သရဲခြောက်တဲ့ အဆင့်လောက်ပဲ အပ်တာများတယ်” ဟု လူမိုက်အဖြစ် လုပ်ကိုင်သည့် ဦးကျားကြီးက ဆိုသည်။

ဦးကျားကြီးသည် အသက် ၁၈ နှစ်တွင် လူသတ်မှုဖြင့် ထောင် ၁၀ နှစ် ကျခံပြီးနောက် အပြင်လောကသို့ ပြန်လည် ရောက်ရှိချိန်တွင် ထောင်ကျောင်းတော်ကြီးမှ အဆက်အသွယ် များကြောင့် ကြေးစား လူမိုက်ဘဝကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

လူမိုက်လောက၏ ဗန်းစကားမှာ သရဲခြောက်ခြင်း၊ ဇာတ်ကြမ်း ရိုက်ခြင်းတို့ဖြင့် အလုပ်အပ်သူကို မေးမြန်း၍ အလုပ် လုပ်ကြသည်။ ဖုန်းဆက်ပါက အဖွဲ့သားများ ရောက်လာပြီး လုပ်ဆောင်ပေးရမည့် ဇာတ်ကွက်ကို အချိန်ပိုင်း လှုပ်ရှားပေးရုံဖြင့် သိန်းနှင့်ချီသော ငွေကို ရရှိကြောင်း လူမိုက်လောကထံမှ သိရသည်။

၂၀၁၃ ခုနှစ်မှစတင်ကာ လူမိုက်စကားအရ သရဲခြောက်မှု ခေတ်စားလာခဲ့သည်။ ထောင်မှ ထွက်လာသူများက ရပ်ကွက်ထဲရှိ အလုပ်အကိုင်မရှိ လုပ်ရဲကိုင်ရဲသော လူငယ်များကို ကျွေးမွေးကာ တပည့်အဖြစ် မွေးစားပြီး အုပ်စုဖွဲ့၍ ကြေးစားလူမိုက် လုပ်ကိုင်သကဲ့သို့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ခိုးဆိုး လုယက်မှုများပါ ကျူးလွန်နေသော အဖွဲ့များလည်း ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

အဆိုပါ အုပ်စုဖွဲ့လူဆိုးလူမိုက် လုပ်နေသူများမှာ ၎င်းတို့ အပိုင်စား နယ်မြေအဖြစ် သတ်မှတ်ထားသော ရပ်ကွက်များ အတွင်းရှိ လောင်းကစား လုပ်ကိုင်သူများ၊ ငွေတိုး ချေးစားသူများ၊ လိုင်စင်မဲ့ အရက်ဆိုင်များထံမှ ဆက်ကြေးများ တောင်းခံကာ ရပ်တည်လျက် ရှိကြောင်း လူမိုက် အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရှိရသည်။

လူမိုက်များကို ငွေပေး ခိုင်းခဲ့သူများတွင် ကြွေးပူရလိုသူများလည်း ရှိတတ်သည်။ ယင်းတို့အနက် ဦးမျိုးလွင် (အမည်လွဲ) လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ ကားဝယ်လိုသည်ဟုဆိုကာ သူ့ထံတွင် ကျပ်သိန်းငါးဆယ် အလွတ်ထုတ်ချေး ထားသူကို ပြန်မဆပ်သဖြင့် ထိုနည်း သုံးခဲ့ရသည်။

“ရဲနဲ့ တောင်းခိုင်းတာတောင် ပြန်မဆပ်တဲ့ အကြွေးကို လူမိုက်အဖွဲ့နဲ့ သရဲခြောက်ခိုင်းလိုက်တော့ ငွေပြန်ရတယ်။ ဆုံးမယ့်ငွေထဲက လူမိုက်အဖွဲ့ကို တစ်ဝက်ခွဲပေးလိုက်ရတာ ကိစ္စမရှိဘူး” ဟု ကြေးစားလူမိုက် အဖွဲ့ဖြင့် အကြွေး တောင်းခိုင်းဖူးသူ ပုဇွန်တောင်မြို့နယ် ရေကျော်ဈေးအနီး နေထိုင်သည့် ဦးမျိုးလွင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လှိုင်သာယာ၊ အင်းစိန်၊ သာကေတ၊ တာမွေ၊ ပုဇွန်တောင်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်များတွင် နာမည်ကြီး လူဆိုးလူမိုက်များက တပည့်များမွေးကာ ကြေးစား လူမိုက်ဂိုဏ်း ပုံစံမျိုး ကျင်လည် ကျက်စားနေကြောင်း၊ ယင်းအဖွဲ့များတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူ အများစု ပါဝင်ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးထံမှ သိရှိရသည်။

“ရန်ကုန်တိုင်းတစ်ခုတည်း သရဲခြောက်တာ၊ အခြားမြို့တွေမှာ ဒီလို အုပ်စုဖွဲ့ လုယက်တဲ့ သရဲခြောက်တာမျိုး မရှိဘူး၊ တိုင်းရဲတပ်ဖွဲ့မှူးက ရွေးကောက်ပွဲမတိုင်ခင် လူမိုက်အဖွဲ့တွေကို အရှိန်အဟုန်နဲ့ ဖမ်းဆီး နှိမ်နင်းမယ်ဆိုတဲ့ သတင်းတော့ ကြားတယ်” ဟု ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။

ကြေးစားလူမိုက် အများစုမှာ ထောင်ထွက်များ ဖြစ်ပြီး အပိုင်စား နယ်မြေများ သတ်မှတ်ကာ အဖွဲ့လိုက် ဥပဒေနှင့် မလွတ်ကင်းသူများထံမှ ဆက်ကြေး တောင်းပြီး ကျင်လည် ကျက်စားကြောင်း၊ တစ်စုံတစ်ခု ပြဿနာ ပေါ်ပေါက်ခဲ့ပါက အဖွဲ့အချင်းချင်း ဆက်သွယ်ကာ အင်အားဖြည့် ကူညီပေးတတ်ကြသည်။

ယင်းဂိုဏ်းများနှင့် အုပ်စုဖွဲ့ ဆက်ကြေး တောင်းခံသူများကို ရဲတပ်ဖွဲ့က စီမံချက်တစ်ခု သတ်မှတ်ကာ ဖော်ထုတ်လျက်ရှိပြီး ကျန်ရှိနေသော ဂိုဏ်းများကိုလည်း ဖော်ထုတ်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ရပ်ကွက်အတွင်း နေသူများမှာ လူမိုက်များ၏ အန္တရာယ် စိုးရိမ်နေရဆဲ ဖြစ်ပြီး အမြန်ဆုံး ထိရောက်စွာ အရေးယူပေး စေလိုကြောင်း အုပ်စုလိုက် ဓားလွတ်ကိုင်ကာ လာရောက် ရမ်းကားမှု ဖြစ်ပွားခဲ့သည့် မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ပြောကြားသည်။

“လူမိုက်တွေကို ရွှေပြည်အေး တရားတော့ ဟောမရဘူး။ ထပ်ကြုံလာရင်တောင် ကိုယ့်မှာ လက်နက်လည်း မရှိဘူး၊ တုတ်လောက်နဲ့ပဲ ခြောက်လို့ရမှာ၊ ရှိတာနဲ့ ရင်ဆိုင်ရုံပဲ” ဟု ၎င်းကဆိုသည်။

ရန်ကုန်တွင် ယခင်ကလည်း မိုက်ကြေးခွဲ ဆက်ကြေး တောင်းသူများ ရှိခဲ့သော်လည်း ကြားသိရမှု နည်းပါးခဲ့ရာ ယခုနှစ်ပိုင်းတွင်း ကြေးစားဂိုဏ်းများ၊ အုပ်စုဖွဲ့ မိုက်ကြေးခွဲသူများကို ဖမ်းမိလာခြင်းကြောင့် အများပြည်သူမှာ သိမြင်ခွင့် ရလာခြင်းနှင့်အတူ ရန်ကုန် တစ်မြို့လုံးတွင် ယင်းအဖွဲ့ ပျံ့နှံ့ပြီလားဆိုသော အတွေးသည် စိုးရိမ်သောကနှင့်အတူ ချောက်ချားစေသည်။

“လူမိုက်တွေသာ ရှင်သန်နေရင် လူကောင်းတွေ နေစရာ မရှိတော့ဘူး။ အမြန်ဆုံး ဖော်ထုတ်ပြီး ထိရောက်တဲ့ အပြစ်ပေးစေချင်တယ်။ မဖော်ထုတ်နိုင်ရင် သူတို့အဖွဲ့ နေ့လာမှာလား၊ ညလာမှာလားနဲ့ နေသာနေရပြီး ပြည်သူဘဝတွေက အမြဲတမ်း စိုးရိမ်နေရတယ်” ဟု မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက်ရာအိမ်မှူး ဦးဆန်းဦးက ပြောကြားသည်။

 
နိုင်ငံတော် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက် လာသူများထဲတွင် ခိုးဆိုး လုယက်သူများလည်း ပါဝင်ပြီး ၎င်းတို့ လွတ်မြောက်လာစဉ်တွင် အလုပ်မရှိသူများက ကြေးစား လူဆိုးဂိုဏ်းများဖြင့် ဆက်သွယ် ချိတ်ဆက်၍ ငွေထောင်ဂဏန်းဖြင့် နေ့စားလုပ်ကိုင်မှုများ ရှိသည်။

ယင်းအဖွဲ့တွင် အလုပ်မရှိပါက တစ်ရက် ကျပ်သုံးထောင်မှ ကျပ်ငါးထောင်ခန့် ရရှိပြီး ခိုးယူလုယက်ရန် ရမ်းကားမှုများ လုပ်ဆောင်ရပါက အပိုငွေရသည်။ အလုပ်မရှိသော ညပိုင်း၌ ယင်းကြေးစား လူဆိုးဂိုဏ်းပိုင် ကြားကား လိုက်ထရပ်ယာဉ်တွင် ယာဉ်နောက်လိုက် လုပ်ကြောင်း လက်ရှိ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း ရပ်ကွက်တွင် ကြေးစား လူမိုက်ဂိုဏ်းမှ ဖမ်းဆီးရမိသူများအနက် အမျိုးသားတစ်ဦး၏ ထွက်ဆိုချက်ကို ကိုးကား၍ ကြားသိခဲ့ရသူ အမည်မဖော်လိုသည့် အသက် ၅၀ ကျော် အမျိုးသားကြီးတစ်ဦးက ပြန်လည် ပြောကြားသည်။

လှိုင်သာယာမြို့နယ်မှ လူမိုက်အဖွဲ့ကို ဖမ်းဆီးနိုင်ခဲ့သော်လည်း နယ်မြေ အပိုင်စားအလိုက် ရပ်ကွက်များတွင် ကျန်လူမိုက်အဖွဲ့များ ရှိနေသေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ သီရိမင်္ဂလာ ဈေးသစ်တွင် ဓားကိုင် ဆက်ကြေးတောင်း မိုက်ကြေးခွဲနေသော အဖွဲ့ထဲမှ ၁၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီး ကျန်ရှိနေသူများမှာ လွတ်မြောက်နေကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရှိရသည်။

ဈေးသည်များ၏ ယူဆချက်အရ အဖွဲ့ငါးဖွဲ့ ရှိသည့် အနက်မှ ၁၁ ဦးကိုသာ ဖမ်းမိသေးခြင်း ဖြစ်သည်။

“(အဖွဲ့အလိုက်) အပိုင်တွေလည်း ခွဲထားသေးတယ်။ လူမိုက်အဖွဲ့ အနိုင်ကျင့်ခံရတာကို အမှုဖွင့် မတိုင်ရဲကြတာက လူမိုက်က ထောင်က ပြန်လွတ်လာရင် အသက်အန္တရာယ် ပြန်လာရှာခံရမှာ ကြောက်လို့” ဟု သီရိမင်္ဂလာဈေးသစ်မှ ကုန်စိမ်းရောင်းချသူ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

လက်ရှိ လူဆိုးဂိုဏ်းထဲမှ ဂိုဏ်းဝင်အချို့မှာ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့များကိုပင် စိန်ခေါ် အာဏာပြသည်။

“ရဲအင်အားနှင့် လူမိုက်အင်အား ဘယ်လောက်များလဲ ယှဉ်ကြည့်လိုသလား” ဆိုသည့် ခြိမ်းခြောက်သော စကားများ သုံးစွဲလာကြောင်း ကိုယ်တိုင်ကြုံတွေခဲ့သူ တစ်ဦးက ပြောကြားသည်။

“ရဲအင်အားနဲ့ ငါတို့ အင်အား ဘယ်လောက်များလဲဆိုတာ ကြည့်မလားဆိုပြီး တစ်ခွန်းချင်းစီပြော၊ လည်ပင်းကို ဓားနဲ့ခြစ်တာ” ဟု ဓားထောက် ရန်ရှာခံရသူ ဦးမောင်မြင့်က ၎င်းကို ဓားဖြင့်ခြစ်ကာ ပြောဆိုခဲ့သော လူငယ်တစ်ဦး၏ ပြောကြားချက်များကို ကိုးကား၍ ပြန်လည် ပြောပြသည်။

ယင်းလူမိုက်များ၏ လှုပ်ရှားမှုများကို ရဲတပ်ဖွဲ့က ကိုင်တွယ် ထိန်းချုပ်နိုင်သည်မှာ ခြေချုပ်ဥပဒေ တစ်ခုသာဖြစ်ပြီး ရဲတပ်ဖွဲ့၏ မှုခင်းဖော်ထုတ်ရေး လုပ်ဆောင်ချက်များတွင် လူမိုက်တချို့ထံမှ အကူအညီ ရယူရနေခြင်းကလည်း လူမိုက်များ ဆက်စခန်းသွားနေနိုင်သည့် အချက်လောဟု မေးစရာရှိသည်။

“ဒုစရိုက်လောကထဲက လူတွေဆိုတော့ တစ်ခါတလေ ရဲမသိတဲ့ သတင်းတွေ သူတို့ဆီက ရတတ်တယ်။ ပြီးတော့ ဖမ်းရခက်တဲ့ တရားခံပြေးတွေကို သူတို့အဖွဲ့က ဝိုင်းကူဖမ်း ပေးတာမျိုးတွေလည်း ရှိဖူးတယ်” ဟု ရွှေပြည်သာ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လူမိုက်အဖွဲ့များ၏ ခေါင်းဆောင်များသည် ဒုစရိုက်မှု ကျူးလွန်ရာတွင် လက်အောက်ငယ်သား များကိုသာ ဆောင်ရွက်ခိုင်းပြီး ၎င်းတို့မှာ နောက်ကွယ်ကသာ စေခိုင်းကြောင်း၊ ယင်းလူမိုက်များကို ရန်ကုန်မြို့တော်၏ မြို့နယ်အလိုက် လူမိုက် ခေါင်းဆောင်များ၏ မှတ်တမ်းများကို ရဲတပ်ဖွဲ့က စာရင်းပြုစုထားပြီး နယ်မြေ လုံခြုံရေးအတွက် လိုအပ်ပါက ခေါ်ယူ ထိန်းသိမ်းမှုများပါ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

“ရန်ကုန်မှာရှိတဲ့ လူမိုက် ခေါင်းဆောင်စာရင်းက လက်ချိုးရေ လို့ရတယ်။ ခေါင်းဆောင်ပိုင်းကို အပိုင်ကိုင်လိုက်ရင် ကျန်အဖွဲ့သားတွေက သူ့အလိုလို ပြိုကွဲသွားမှာ။ အခုလည်း မှုခင်းအဖြစ်များတဲ့ မြို့နယ်တွေကို အဓိက ပစ်မှတ်ထားပြီး အထူးမှုခင်း နှိမ်နင်းရေး စီမံချက်တွေ ဆောင်ရွက်နေပါတယ်” ဟု ယင်းရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ဆိုသည်။

လွန်ခဲ့သော သုံးနှစ်ကျော်က မြောက်ဥက္ကလာပ မြို့နယ်တွင် လူမိုက်ခေါင်းဆောင် တစ်ဦးကို မျက်နှာဖုံး စွပ်ထားသူများက ဓားများဖြင့် ဝိုင်းခုတ်သတ်မှု၊ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက မင်္ဂလာဈေးအတွင်း သာကေတ လူမိုက်များက ဓားများဖြင့် တွေ့ရာလူများကို လိုက်လံခုတ်မှုနှင့် ယခုနှစ်အတွင်း သာကေတမြို့နယ်ရှိ လူမိုက်ခေါင်းဆောင် နှစ်ဦးအုပ်စုဖွဲ့ ခိုက်ရန် ဖြစ်ပွားမှုတို့မှာ လူမိုက်အဖွဲ့ချင်း အပိုင်စား နယ်မြေများ လုရာမှ ခိုက်ရန် ဖြစ်ပွားခဲ့မှုများ ဖြစ်ကြောင်း လူမိုက် အသိုင်းအဝိုင်းထံ စုံစမ်းသိရှိရသည်။

သို့သော်လည်း ရန်ကုန်တိုင်းအစိုးရ အဖွဲ့အတွင်းမှ လုံခြုံရေး တာဝန်ရှိသူ၏ အသံကတော့ လက်ငင်း အနေအထားနှင့် သိပ်မဟပ်စပ်လှ။ ထိုသို့သော လူမိုက်မရှိဟု ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဆိုသည်။

ရန်ကုန်မြို့တော်သည် လူဦးရေ ထူထပ်သော မြို့တော် ဖြစ်သောကြောင့် အများပြည်သူ၏ လုံခြုံရေးကို စိတ်ချရသော အနေအထားတွင် ဆောင်ရွက်ထားပြီး ပြဿနာ ဖြစ်ပေါ်လာပါက ရဲတပ်ဖွဲ့ အနေနှင့် အချိန်မီ ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
“လူများရင် ပြဿနာများတတ်တာ သဘာဝပေမယ့် အုပ်ချုပ်ရေး အပိုင်းက မထိန်းနိုင်လောက်တဲ့ လူဆိုး လူမိုက်မျိုး ရန်ကုန်မှာ မပေါ်ဖူးသေးပါဘူး” ဟု ၎င်းကဆိုသည်။

ကွင်းထဲမှာတော့ ယင်းသို့သော ဖြစ်ရပ်မျိုး ရှိကြောင်း ပေါ်နေသည်။ ရန်ကုန်မြို့တော်သည် နယ်ပေါင်းစုံ လူမျိုးစုံ ဝင်ထွက်နေသောကြောင့် အုပ်စုဖွဲ့ လူမိုက်များ ရှိလာခြင်း ဖြစ်ပြီး ဂိုဏ်းပုံစံမျိုး အင်အားကြီးလာမည်ကို စိုးရိမ်လာသောကြောင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က စတင်ဖြိုခွင်းလာကြောင်း၊ လက်ရှိ စစ်ဆေးနေသူများမှာ ရာဇဝင် တွင်နိုင်သော လူဆိုးလူမိုက်များ တစ်ဦးမှ ပါမလာသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသိန်းလွင်က ပြောကြားသည်။

ကြေးစားလူမိုက်များမှာ ဂိုဏ်းဖွဲ့ပြီး မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်း၊ ခိုး၊ ဆိုး၊ လုယက်ပြစ်မှုများ ကျူးလွန်လာသောကြောင့် နိုဝင်ဘာလ ၇ ရက်နေ့မှ စတင်ကာ အထူးမှုခင်းနှိမ်နင်းရေး စီမံချက်များဖြင့် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ပြည့်စုံက ပြောကြားသည်။

မှုခင်းအဖြစ်များသော မြောက်ဥက္ကလာပ၊ တာမွေ၊ လှိုင်၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ သန်လျင်၊ ဒလ၊ တွံတေး၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ တိုက်ကြီး၊ ထန်းတပင်၊ မှော်ဘီနှင့် လှည်းကူးမြို့နယ်တို့တွင် အဆိုပါ အထူးမှုခင်းနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၇ ရက်မှ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ အမှုပေါင်း ၅၉၅ မှုကို ဖမ်းဆီးခဲ့ကြောင်း သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးများထံမှ သိရှိရသည်။

သို့သော် ဦးကျားကြီးတို့ကတော့ ပန်းပန်လျက်ပင်။

သူတတ်သည့် တစ်ခုတည်းသောအလုပ် လူရိုက်နည်းက သူ့ကိုထမင်း ကျွေးထားဆဲ ဖြစ်သည်။ ရဲဖမ်းလည်း နောက်အစီအစဉ် ရှိသေးကြောင်း သူက ဆိုလာသေးသည်။

“ကိုယ်လုပ်တတ်တာက လူမိုက် အလုပ်တစ်ခုထဲ လုပ်တတ်တာ အသက်အရွယ် ရလာရင်တော့ ကိုယ်တိုင် အပြင်ထွက်ဖိုက်ဖို့ မဖြစ်တော့ဘူး။ ‘ဇ’ ရှိတဲ့ ချာတိတ်တွေမွေးပြီး နောက်ကွယ်က လှုပ်ရှားရမှာပေါ့” ဟု အသက် ၄၀ ဝန်းကျင် ရှိလာပြီဖြစ်သော ဦးကျားကြီးက ပြောဆိုသည်။

ယင်းကြောင့်ပင် ဦးမောင်မြင့်တို့ ကဲ့သို့သော မည်သူ့ကို အားကိုးရမှန်း မသိသေးသူများမှာ ရဲမနိုင် လူမိုက်များ ရှိနေသေးသရွေ့ ဆက်ကြောက်နေရဦးမည်။ သူ့ထံ နောက်တစ်ကြိမ် ရောက်လာပြီး အသက်ရန်ရှာမည်ကို စိုးရိမ်နေသည်။ လက်သမား အလုပ်ပင် ထွက်မလုပ်ရဘဲ အပြင်မထွက်ရဲသေး။ သမီးအကြီး၏ လစာကို ကြိုထုတ်ကာ စားဝတ်နေရေးကို လတ်တလော ဖြေရှင်းနေသည်။ လေဖြတ်ဝေဒနာ ခံစားနေရသော ဇနီးသည်၊ အရွယ်မရောက်သေးသော ကလေးတို့ကို ကြည့်ရှုရင်း နေထိုင် နေရသော်လည်း နောက်ဖြတ်သန်းရမည့် ရက်များအတွက် စားဝတ်နေရေးအတွက် ပူပင်နေသည်။

“မိသားစုလိုက် သတ်ပစ်မယ်လို့ ကြိမ်းသွားတော့ ဘယ်တော့များ လာမလဲဆိုပြီး လန့်နေရတယ်။ မိသားစုထားပြီး အလုပ်ထွက်လုပ်ဖို့လည်း မလွယ်ဘူး” ဟု ဘယ်ဘက်လည်ပင်းက ဓားဒဏ်ရာ မပျောက်သေးသော သူက ပူပန်စကား ဆိုနေလေသည်။

Credit - The Voice

No comments:

Post a Comment