တက္ကသိုလ်များတွင် လွတ်လပ်စွာ ပညာသင်ကြားခွင့်နှင့် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့် ရရှိရေးမှာ တက္ကသိုလ် ပညာရေး၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်သည့်အတွက် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့် ရရှိရေးနှင့် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဆရာ/ဆရာမများ၊ ကျောင်းသား များနှင့် ပညာရေး အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ပြီး ဥပဒေပြု လုပ်ငန်းစဉ် များနှင့်အညီ ဆက် လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၂၆ ရက်နေ့တွင်ပြုလုပ် သည့် ပြည်ထောင် စု အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေး ပါတီခေါင်းဆောင်များ တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။
““အမျိုးသား ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ပေါ်ပေါက်နေတဲ့ အငြင်းပွားမှုတွေ၊ သဘောမတူညီမှုတွေ ရှိနေတာကို ကြားသိရ ပါတယ်။ ပြုပြင်လိုတာတွေ၊ ဖြည့်စွက် လိုတာတွေရှိရင် ဥပဒေ နည်းလမ်းအတိုင်း ပြင်ဆင် ဖြည့်စွက်ဖို့ လိုအပ်တဲ့ ဆွေးနွေးပွဲတွေ လုပ်ရမှာ ဖြစ်ပါတယ်။ ကျောင်းသားသမဂ္ဂ ပေါ်ပေါက်ရေးနဲ့ ပညာရေး လွတ်လပ်ခွင့်ဟာ မရှိမဖြစ် လိုအပ် တယ်ဆိုတာ အသိအမှတ်ပြု လက်ခံပါတယ်။ အမျိုးသားပညာရေး ဥပဒေဟာ လွှတ်တော်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတစ်ရပ် ဖြစ်တဲ့အတွက် ဥပဒေပြုရေး လုပ်ငန်းစဉ်များနှင့် အညီ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတွေကို လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ပညာရေး စနစ်တစ်ခုလုံး ပြုပြင် ပြောင်း လဲဖို့ အချက်အလက်နဲ့ အချိန်များစွာ ယူရဦးမှာ ဖြစ်ပါတယ်”” ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ကျောင်းသား သမဂ္ဂဖွဲ့စည်းခွင့် ရရှိရေးမှာ တက္ကသိုလ်၏ အရေးကြီး အစိတ်အပိုင်း ဖြစ်သည်ဟု သမ္မတ၏ ပြောဆိုမှုကို ကြိုဆိုသော်လည်း သမဂ္ဂဖွဲ့စည်းခွင့်ကို ဗဟိုမှ ဖွဲ့စည်းပေးလိုက်သော အဖွဲ့အစည်းမျိုး မလိုလား ကြောင်းကို ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီဝင် ကိုမင်းသွေးသစ်က ““ကျောင်းသား သမဂ္ဂဆိုတာက ဗဟိုကနေ ဦးစီးဦးဆောင်တဲ့ အဖွဲ့လည်း မဖြစ်ရဘူး။ အခုလက်ရှိမှာ ဖွဲ့စည်း လှုပ်ရှားပြီးသား သမဂ္ဂတွေလည်း ရှိတယ်။ ကျောင်းသားသမဂ္ဂဟာ တကယ့်မရှိမဖြစ် လိုအပ်တယ်လို့မြင်ရင် သမ္မတအနေနဲ့ ဒီဖွဲ့စည်း လှုပ်ရှားပြီးသား သမဂ္ဂတွေကို လက်ခံပေးလိုက်ရုံပဲ။ ရှိပြီးသား သမဂ္ဂတွေကို အသိအမှတ်ပြုပြီး လုပ်ပိုင်ခွင့်ပေးမယ်၊ ထပ်ပြီး ဖွဲ့စည်းခွင့် ပေးမယ်ဆိုရင် လုံလောက်တယ်။ ဒါမှမဟုတ်ဘဲ ပညာရေးကဏ္ဍက သမ္မတ လမ်းညွှန်ချက်နဲ့ ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်ပါမောက္ခချုပ်တွေ ဦးဆောင်မှုနဲ့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းဖို့ ကြိုးစားမယ် ဆိုရင် ကျောင်းသားထုရဲ့ စည်းရုံးမှုကို နှစ်ခြမ်းခွဲလိုက်တာပဲ””ဟု သုံးသပ်ပြောဆိုသည်။
ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းထားသည့် အမျိုးသားပညာရေး ဥပဒေမှာ ဗဟိုချုပ်ကိုင်မှု စနစ် ဖြစ်နေ ပြီး ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ကို ထည့်သွင်းပြဋ္ဌာန်းထားခြင်း မရှိသည့်အတွက် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ဦးဆောင်၍ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စတင် ဆန္ဒဖော်ထုတ်ခဲ့သည်။ ထို့ပြင် ရက်ပေါင်း ၆၀ အတွင်း အစိုးရဘက်မှ ညှိနှိုင်းမှုများ ပြုလုပ်ခြင်း မရှိပါက လက်ရှိ ပြုလုပ်သည့် ဆန္ဒ ဖော်ထုတ် မှုများထက် ပြင်းထန်ကြီးမားသော သပိတ်တိုက်ပွဲများ ဆက်လက် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၇ ရက် နေ့တွင် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီက ရာဇသံပေးထားသည်။
““ကျွန်မတို့ တောင်းဆို ထားတာတွေက ကောင်းတယ်လို့ လက်ခံရင် တကယ် အကောင်အထည်ဖော်ပေးဖို့ လိုအပ်ပါတယ်။ သမ္မတ ဦးသိန်းစိန် တက်လာကတည်းက သာဓကပြရရင် ငြိမ်းချမ်းရေး ကိစ္စလို မျိုးပေါ့။ ပြည်သူေ တွ ကြားချင်တဲ့ အသံမျိုး ကြားရပေမယ့် တကယ် အကောင်အထည် မဖော်တဲ့ ပြဿနာပေါ့။ ကောင်းတယ်လို့ အသိ အမှတ်ပြုတဲ့ အရာကို တကယ့် လက်တွေ့ လုပ်ကိုင်မှပဲ ပညာရေး စနစ်က တကယ် ပြောင်းလဲလာမှာပါ။ ကျွန်မ တို့ တောင်းဆိုတဲ့ အရာတွေကလည်း တကယ် သူတို့ လုပ်ပေးနိုင်တဲ့ အရာတွေပါပဲ။ တကယ် အကောင် အထည် ဖော်ပေးချင်တဲ့စိတ် ရှိဖို့ပဲ လိုအပ်ပါတယ်”” ဟု ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် မဖြိုးဖြိုးအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
သဉ္ဇာဆွေ
ပုံညွှန်းစာ (၁) ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေး ပါတီ ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် တွေ့မြင်ရသည့် သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များနှင့် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး
ပုံညွှန်းစာ(၂) သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများအား လိုက်လံ နှုတ်ဆက်နေစဉ်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


No comments:
Post a Comment