![]() |
ပုဂ္ဂလိကဘဏ်တစ်ခုတွင် နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်နေသည်ကို တွေ့ရစဉ် |
နိုင်ငံရဲ့အရေးလို့ဆိုတဲ့ နိုင်ငံရေးကို စဉ်းစားလိုက်တာနဲ့ အဲ့ဒီ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေနဲ့ ဆက်စပ်တာမှန်သမျှ ပါဝင်လာတာဖြစ်တယ်။ အစိုးရဝန်ထမ်းတိုင်းက နိုင်ငံရေးနဲ့ ကင်းပရမယ်ဆိုတာ နိုင်ငံတော်ကနေ သတ်မှတ်ပြဋ္ဌာန်း ထားတယ်။ ဟိုယခင်က နိုင်ငံကို အာဏာရှင်ပုံစံနဲ့ အုပ်ချုပ်ခဲ့တာမို့ အဲဒီအချိန်က ပြဋ္ဌာန်းချက်တွေက ဒီကနေ့မျက်မှောက်မှာ နိုင်ငံဝန်ထမ်းတွေ နိုင်ငံရေးကင်းစင်ရမယ်ဆိုတာ မဟုတ်တော့ပါ။ နိုင်ငံတော်ကနေ သတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအရ တပ်မတော်သား ၂၅ ရာခိုင်နှုန်းက လွှတ်တော်နိုင်ငံရေးမှာ ပါလာကြလို့ဖြစ်တယ်။ နိုင်ငံသားတိုင်းက နိုင်ငံရေးသမားတွေ ဖြစ်တာမို့ ဝန်ထမ်းကနေ နိုင်ငံရေးအဖွဲ့အစည်းအတွင်း ပါဝင်လာကြသူတွေက မည်သူမဆို မိမိနိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ဘဝအရည်အသွေး တိုးတက်မြင့်မားလာဖို့သာ တွေးတောလုပ်ဆောင် ရုပ်လုံးဖော်ကြရမှာ ဖြစ်တယ်။
မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ နှစ်ပေါင်းများစွာ အေးတူပူမျှ ပေါင်းစည်းနေထိုင်ခဲ့ကြတာမို့ မိသားစုတွေဖြစ်ပါတယ်။ အဲ့ဒီမှာ ဒီမိုကရေစီအရပ်သား အစိုးရလို့ခေါ်ထားတဲ့ အုပ်ချုပ်သူအစိုးရက မိမိတို့ရဲ့ အရပ်သားပြည်သူ ပြည်သားတွေကို ရင်ဝယ်သားကဲ့သို့ ဘက်ပေါင်းစုံတိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ တာဝန်ရှိလာတယ်။ တာဝန်ရှိတာကို သိရမယ်။ တာဝန်ရှိတာကိုသိပါမှ တာဝန်ယူနိုင်စေမှာဖြစ်တယ်။ တာဝန်ယူလုပ်ဆောင်မှုမှန်သမျှမှာ မဆိုင်မဆိုင် ငါနဲ့မဆိုင်လုပ်၍ မရပါ။
ပထမဦးဆုံး စီးပွားရေးကဏ္ဍကို ကြည့်ရအောင်။ စီးပွားရေးမှာ အဓိကကရောင်းလိုအား (Supply) နဲ့ ဝယ်လိုအား (Demand) ကို အဓိကထား စဉ်းစားလုပ်ဆောင်ရမှာဖြစ်တယ်။ ရောင်းလိုအားတွေနဲ့ ဝယ်လိုအားတွေ ကောင်းမွန်မှန်ကန်နေစေဖို့ နိုင်ငံကလွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ပုံဖော်ပေးရမှာဖြစ်တယ်။ အတိတ်ကာလက လုပ်ဆောင်ချက်ကို သင်ခန်းစာယူနိုင်ဖို့ ပြန်ကြည့်ကြရအောင်။ ဆိုရှယ်လစ် စီးပွားရေးစနစ်ဆိုပြီး စီးပွားရေးကို အစိုးရက ထိန်းချုပ်လုပ်ဆောင်ခဲ့တယ်။ အဲ့ဒီမှာ မှောင်ခိုစီးပွားရေးဈေးကွက် (Black Market) ဆိုတာ ပေါ်ပေါက်လာစေခဲ့တယ်။ အဲ့ဒီ မှောင်ခိုဈေးကွက်က လက်ဆင့်ကမ်းပြီးပေါ်လာလိုက်တာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ဈေးကွက်စီးပွားရေး ကျင့်သုံးမယ်ဆိုပြီး ဈေးကွက်စီးပွားရေးဦးတည်ချက်မှာ ဈေးကွက်စီးပွားရေးပီပြင်စွာ ဖြစ်ပေါ်လာရေးက ဦးတည်ချက်တစ်ရပ်အနေနဲ့ ပေါ်လာတယ်။ သို့ပေမဲ့ အင်္ဂလိပ်လိုရေးသားရာမှာ Proper Evolution of the market-oriented economy လို့ သုံးလိုက်တာကြောင့် ဈေးကွက်စီးပွားရေးက ဦးတည်စီးပွားရေးကနေ ဈေးကွက်ကို ဆက်လက်ထိန်းချုပ်ကြတာကြောင့် ခရိုနီစီးပွားရေး (Crony Economy) ဖြစ်လာခဲ့တယ်။
ဂျပန်နိုင်ငံမှာ မြန်မာငွေ ၁ဝ သိန်း၊ ၁၅ သိန်းလောက်သာရှိခဲ့တဲ့ အသုံးပြုပြီး မော်တော်ကားတွေကို ပါမစ်လို့ခေါ်တဲ့ ဈေးကွက်ထိန်းချုပ်ကိရိယာနဲ့ တင်သွင်းခွင့်ပြုရာကနေ လူနည်းစုက ချမ်းသာသွားပြီး လူများစုက ဆင်းရဲတွင်းနက်ကာ ချမ်းသာဆင်းရဲကွာဟမှု (Rich and Poor Gap) ကျယ်လာစေခဲ့တယ်။ အာဏာပိုင်စိုးသူနဲ့ နီးစပ်သူတွေကသာ ပါမစ်တွေရကာ ချမ်းသာသွားခဲ့ကြတယ်။ တစ်ခါသူများနိုင်ငံတွေမှာ အခမဲ့ပေးတဲ့ မိုဘိုင်းတယ်လီဖုန်း ဆင်းမ်ကတ်တွေကို ဈေးကွက်ထိန်းချုပ်ပြီး ရောင်းခဲ့ချရာမှ ၁၅ သိန်းလို့ဈေးခေါ်တဲ့ ဆင်းမ်ကတ်က ပြင်ပမှောင်ခိုပေါက်ဈေး ကျပ်သိန်း ၄ဝ-၅ဝ အထိ ဈေးမြောက်သွားခဲ့တယ်။ မဲနှိုက်ပြီးမဲပေါက်သူကမှ မှတ်ပုံတင်အိမ်ထောင်စုစာရင်းပြပြီး ဝယ်ယူခွင့်ရခဲ့ကြတာကိုး။ အခုလည်း MPT အော်ရီဒူးနဲ့၊ တယ်လီနောဆင်းမ်ကတ်တွေ အပြိုင်ရောင်းချခိုင်းတာတောင်မှ ဈေးကွက်ထိန်းထားဆဲမို့ မှုရင်းဈေးနှုန်းထက် မြင့်နေသေးတယ်။
၂ဝဝ၆ ခုနှစ်လောက်ကပဲ စာရေးသူကိုယ်တိုင် ဒေါ်လာကို ကိုယ်စားပြုအသုံးပြုနိုင်တဲ့ FEC တွေ ရုပ်သိမ်းဖို့ တစ်ဒေါ်လာရဲ့ မြန်မာငွေလဲလှယ်နှုန်းကို အဲ့ဒီကတရားဝင်ရှိခဲ့တဲ့ တစ်ဒေါ်လာခြောက်ကျပ် တရားဝင်လဲလှယ်နှုန်းနဲ့ အပြင်ငွေလဲလှယ်နှုန်းပေါင်း မြောက်မြားစွာ ပြင်ပဈေးကွက်မှာ ပေါ်ပေါက်လာခဲ့တာကို ပုံသေဈေးနှုန်း (Floating Exchang Rate) နှစ်ခုအနက် ရေရှည်ကိုမျှော်မှန်းကာ နှုန်းရှင်ငွေကြေးလဲလှယ်နှုန်းသတ်မှတ်ဖို့ ဆောင်းပါးရေးခဲ့တယ်။ အဲဒီအချိန်က တစ်ဒေါ်လာနှုန်းရှင်ငွေလဲနှုန်းကို ဒေါ်လာ ၈ဝဝ ကျပ် (±) ၅ ရာခိုင်နှုန်းနဲ့ ထိန်းထားနိုင်စေဖို့ ရေးသားခဲ့တယ်။ သို့ပေမဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တစ်ဦးက တစ်ဒေါ်လာရဲ့ ငွေကြေးလဲလှယ်နှုန်းကို ကျပ်တစ်ထောင်အထိ မြင့်တက်လာအောင် လုပ်ဆောင်ရမယ်လို့ ဆိုခဲ့ရာကနေ ဒီကနေ့ဈေးကွက်မှာ ကုန်ပစ္စည်းဈေးနှုန်းတွေ တက်လာခဲ့တယ်။ နိုင်ငံအုပ်ချုပ်သူတွေအနေနဲ့ ငွေကြေးဈေးကွက်တည်ငြိမ်ပြီး မိမိနိုင်ငံရဲ့ စီးပွားအညွှန်းကိန်းတွေနဲ့ ပတ်သက်တာတွေ တတ်သိနားလည်အောင် လုပ်ဆောင်ကြရမှာဖြစ်တယ်။ စီးပွားရေးအညွှန်းကိန်းတွေနဲ့ ပတ်သက်ပြီး အဓိကသိရှိ နားလည်သဘောပေါက်ထားကြရမယ့် အညွှန်းကိန်းတွေကတော့
- Gross Domestic Product(GDP)
- Gross National Product (GNP) ဖြစ်ပြီး GDP က တစ်နိုင်ငံလုံးရဲ့ တစ်နှစ်အတွင်း ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုးဖြစ်ပြီး GNP ကတော့ နိုင်ငံရပ်ခြားကနေ ပေါင်းစည်းရရှိလာတဲ့ အကျိုးဖြစ်ထွန်းမှုတွေကိုပါ ပေါင်းစည်းထည့်သွင်းထားတဲ့ တန်ဖိုးဖြစ်ပါတယ်။ GDP နဲ့ GNP နှစ်ခုစလုံးက နိုင်ငံတစ်ခုရဲ့အခြေအနေတို့ ကနဦးဖော်ညွှန်းပေးချက် ဖြစ်ပါတယ်။ အဲဒီနှစ်ခုနဲ့ဆက်စပ်ပြီး နောက်ထပ်အညွှန်းကိန်းနှစ်ခုက-
- Gross Domestic Happiness (GDH)
- Gross National Happiness (GNH) တွေဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေးတွေကောင်းနေပြီး GDH နဲ့ GNH တွေမြင့်မားလာနေရင် တစ်နိုင်ငံလုံးမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ ပျော်ရွှင်မှုအညွှန်းကိန်းလည်း မြင့်မားလာသလို မိမိနိုင်ငံနဲ့ ဆက်နွှယ်လုပ်ဆောင်ကြတဲ့ နိုင်ငံရပ်ခြားကလူတွေနဲ့ ပေါင်းစည်းလုပ်ဆောင်တဲ့ အကျိုးဖြစ်ထွန်းမှုတွေပါ မြင့်မားလာတာကြောင့် နိုင်ငံအတွင်းကလူတွေအားလုံး ပျော်ရွှင်မှုဖြစ်စေတဲ့ အညွှန်းကိန်း (GNH) လည်း တိုးတက်မြင့်မားလာစေမှာ ဖြစ်ပါတယ်။
တစ်ဒေါ်လာရဲ့ ငွေလဲလှယ်နှုန်း တက်လာလိုက်တာနဲ့ ကုန်ဈေးနှုန်းတွေလည်း တက်လာနေတယ်။ ဘာကြောင့်များ အတ္တတွေများပြီး အခုလိုဖြစ်အောင် ဖန်တီးလုပ်ဆောင်နေကြတာလဲ။ စဉ်းစားလို့မရဘူး။ အရင်ကရေးဖူးတဲ့ ဆောင်းပါးတစ်ပုဒ်ရှိတယ်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ရောဂါလေးမျိုး။ အခုနောက်ထပ် ရောဂါတစ်မျိုး ထပ်တိုးလာတာက လောဘရောဂါ (Greed Disease) ဖြစ် . . . . .
နိုင်ငံတစ်နိုင်ငံအတွင်းမှာ ရှိနေကြတဲ့ လူတစ်ဦးချင်းစီရဲ့ အပြုံးမျက်နှာတွေ မြင်တွေ့နေရရင် ဒါအင်မတန်ကောင်းမွန်တဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဘူတန်နိုင်ငံရဲ့ GNH အညွှန်းကိန်းက မှတ်သားဖွယ်ဖြစ်ပါတယ်။ ဘူတန်နိုင်ငံရဲ့ စတုတ္ထမြောက်ဘုရင်ဖြစ်တဲ့ Jigme Singye Wangchuck ကနေ ၁၉၇ဝ ပြည့်နှစ်ပိုင်းတွေမှာ Gross National Happiness လို့ခေါ်တဲ့ တစ်မျိုးသားလုံးပျော်ရွှင်မှုကို သတ်မှတ်ဖော်ညွှန်းခဲ့တာဖြစ်တယ်။ GNH ဖြစ်စေဖို့ အဓိက ဒေါက်တိုက်လေးခုက
(၁) ကောင်းမွန်သော အုပ်ချုပ်စီမံခန့်ခွဲမှု (Good Governance)
(၂) ခံဆောင်နိုင်အား ကောင်းမွန်တဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေမှု (Sustainable Social-Economic Develpment)
(၃) ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းထားနိုင်မှုနဲ့ (Cultural Preservation)
(၄) ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု (Environmental Conservation) ဖြစ်ပါတယ်။ အဲဒီလေးခုကနေ နောက်ထပ်ကဏ္ဍကိုးခု ထပ်မံခွဲခြားရာမှာ
(၁) စိတ်ပိုင်းဆိုင်ရာပြည့်ဝသော လူသားများဖြစ်စေရေး (Psychological well being)
(၂) ကျန်းမာရေး (Health)
(၃) ပညာရေး (Education)
(၄) အချိန်ကို တန်ဖိုးရှိစွာ အသုံးချနိုင် စေရေး (Time Use)
(၅) ယဉ်ကျေးမှုဆိုင်ရာ မတူကွဲပြားမှုနှင့် အလိုက်သင့်ဖြစ်စေမှု (Cultural Diversity and resilience)
(၆) ကောင်းမွန်သော အုပ်ချုပ်စီမံခန့်ခွဲမှု (Good Governance)
(၇) အစုအဖွဲ့၏ အရည်အသွေးမြင့် မားလာစေမှု (Community Vitality)
(၈) ပတ်ဝန်းကျင်ဆိုင်ရာ မတူကွဲပြားမှုနှင့် အလိုက်သင့်ဖြစ်စေမှု (Ecological Diversity & Resilience)
(၉) လူနေမှုအဆင့်အတန်း မြင့်မားစေမှု (Living Standard) တွေဖြစ်ပါတယ်။
မိမိနိုင်ငံသားတွေ ပျော်ရွှင်မှုကို ဖန်တီးလုပ်ဆောင်ပေးတဲ့ ဘူတန်ဘုရင်ကိုလည်း လေးစားမိပါတယ်။ မိမိနိုင်ငံကို အုပ်ချုပ်သူက မိမိနိုင်ငံသားတွေ စိတ်ချမ်းသာပျော်ရွှင်မှုကို အလေးထားတယ်ဆိုတာ ခေါင်းဆောင်ကောင်းပီသလို့ ဖြစ်တယ်။ စာရေးသူတို့ နိုင်ငံကိုလည်း အလားတူဖြစ်စေလိုတာကြောင့် ဘယ်သူတွေက နိုင်ငံခေါင်းဆောင်ဖြစ်ဖြစ် မိမိနိုင်ငံသားတွေကို စိတ်ပျော်ရွှင်ချမ်းမြေ့အောင် လုပ်ဆောင်ပေးစေလိုတယ်။
အခုရက်ပိုင်းအတွင်းမှာပဲ တစ်ဒေါ်လာရဲ့ ငွေလဲလှယ်နှုန်း တက်လာလိုက်တာနဲ့ ကုန်ဈေးနှုန်းတွေလည်း တက်လာနေတယ်။ ဘာကြောင့်များ အတ္တတွေများပြီး အခုလိုဖြစ်အောင် ဖန်တီးလုပ်ဆောင်နေကြတာလဲ။ စဉ်းစားလို့မရဘူး။ အရင်ကရေးဖူးတဲ့ ဆောင်းပါးတစ်ပုဒ်ရှိတယ်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ရောဂါလေးမျိုး။ အခုနောက်ထပ် ရောဂါတစ်မျိုး ထပ်တိုးလာတာက လောဘရောဂါ (Greed Disease) ဖြစ်တယ်။ လောဘတွေ အတောမသတ်နိုင်ဘဲ အတ္တတွေများလာ၊ နောက်ဘဝဆိုတာ မရှိတော့ဘူး။ ဒီဘဝနဲ့ ပြတ်သွားပြီလို့အစွဲနဲ့ ဒီဘဝမှာကမ်းကုန်အောင် မဟုတ်တာတွေ လုပ်နေကြတာလားလို့ တွေးမိတယ်။
နိုင်ငံမှာ နိုင်ငံရေးပူးဖောင်း ပေါက်ကွဲမထွက်စေဖို့ ကောင်းမွန်သော အုပ်ချုပ်စီမံခန့်ခွဲမှု၊ သန့်ရှင်းသောအစိုးရ ဖြစ်စေမှုတွေကို အမှန်တကယ် ကျင့်သုံးနိုင်ရမှာ ဖြစ်ပါတယ်။ အခုတော့ လူတွေမှာ ဆင်းရဲတွင်းက ပိုမိုနက်ရှိုင်းလာ၊ ချမ်းသာတဲ့လူနည်းစုကို သာပို၍ပို၍ ချမ်းသာလာစေပြီး ဆင်းရဲသားလူများစုကို ပို၍ပို၍ ဆင်းရဲစေတဲ့ လုပ်ဆောင်ချက်တွေကို မြေလှန်ပစ်ရတော့မှာ ဖြစ်ပါတယ်။
သေသွားရင် မိမိနောက်ကို ဘာမျှသယ်ယူသွားလို့ မရနိုင်တာမို့ အတိတ်ကိုသင်ခန်းစာယူ၊ လက်ရှိမျက်မှောက် ပစ္စက္ခမှာ အကောင်းဆုံးသော လုပ်ဆောင်ချက်တွေနဲ့ အနာဂတ်ကို ရုပ်လုံးဖော်နိုင်ကြဖို့ပါ။ ဒီလိုမှမဟုတ်ဘဲ ဆက်ပြီး ပေယျာလကန်လုပ်ထားမယ်ဆိုရင်တော့ နိုင်ငံရေးပူဖောင်းပေါက်ကွဲသွားရင် ဘာဖြစ်သွားမလဲ မြင်တတ်ဖို့ မြင်နိုင်ကြဖို့ပါ။ စေတနာအရင်းခံနဲ့ နိုင်ငံရေးပူဖောင်း ပေါက်ကွဲမထွက်စေဖို့ အုပ်ချုပ်သူအစိုးရရော နိုင်ငံသားတွေကပါ ဝိုင်းဝန်းပြီး စေတနာမှန်ကန်စွာနဲ့ ရပ်တည်နိုင်ကြစေဖို့ပါ။
Credit - Eleven Media Group
No comments:
Post a Comment