EDITORIAL
*************************************************************************
ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန် သည် နိုဝင်ဘာ ၂၆ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အဖွဲ့ရုံး တွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီခေါင်း ဆောင်များ တွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့်
ပတ်သက်သော အကြောင်းအရာ များ၊ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်သော
အကြောင်းအရာများ၊ လတ်တလောဖြစ်ပေါ်နေသည့် အမျိုးသားပညာရေး ဥပဒေနှင့်
ပတ်သက်သော အကြောင်းအရာများကို ဦးစားပေးပြောကြားခဲ့ပြီး တက်ရောက်လာသည့်
နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများကလည်း ခြောက်ပွင့်ဆိုင် တွေ့ဆုံ
ဆွေးနွေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ရရှိရေး
အတွက် တင်ပြတောင်းဆို
မှုများအပါအဝင် ဖြစ်ပေါ်နေသည့် လူမှုရေး၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များကို
နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တင်ပြခွင့် ရရှိခဲ့ကြသည်။
တွေ့ဆုံမှုကို
လေ့လာရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်သော အကြောင်း အရာများ၊
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်သော အကြောင်းအရာများကို
ဦးစားပေး ဆွေးနွေးတင်ပြလေ့ရှိကြသည်ကို တွေ့ရ သည်။ ထို့အတူ
မကြာမီကာလတစ်ခုတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးနှင့်ပတ်သက်ပြီး
ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ပြည်ထောင်စု လွှတ်တော်က
အတည်ပြုထားပြီးဖြစ်သည်။
မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို
လေ့လာကြည့်ရလျှင် နိုင်ငံတော်အစိုးရနှင့် ပြည်သူများ ကြား တွင်
ယုံကြည်မှုတစ်ခုကို ခိုင်မာစွာ မတည်ဆောက်နိုင်ခဲ့သည့် အတွက်
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများထက် များစွာ နောက်ကျ
ကျန်ရစ်ခဲ့သည်ကို တွေ့ရသည်။ ထိုနောက်ကျမှု၏ အကျိုးဆက်ကို ယနေ့ ပြည်သူ များ
ခံစားနေရသည့်အတွက် မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေး ဖြစ်စဉ်တစ်ခု
ပေါ်ပေါက်လာစေရန် ပြည်သူများစွာ လိုလားခဲ့ကြသည်။
ယခုအခါ
မြန်မာနိုင်ငံ တွင် အသွင်ကူးပြောင်းရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့်
မောင်းနှင်မည့် ဒီမိုကရေစီ စနစ်တစ်ခုလည်း ပေါ်ထွန်းနေပြီဖြစ်သည်။ သို့သော်
ထိုဒီမိုကရေစီစနစ်ကို မြန်မာနိုင်ငံတွင် အားကောင်းမောင်းသန် ဖြစ်လာစေရန်
အတွက် မြန်မာ့နိုင်ငံရေး သမိုင်းတွင် နှစ်ပေါင်းများစွာ
တိမ်မြုပ်ပျောက်ကွယ်ခဲ့သည့် ယုံကြည်မှုတစ်ခု ကို လက်ရှိအစိုးရအနေဖြင့်
တည်ဆောက်ပေးရမည်ဖြစ်သည်။
ယုံကြည်မှုတစ်ခုကို ခိုင်မာစွာ
တည်ဆောက်မည်ဆိုလျှင် မဖြစ်မနေ လုပ် ဆောင်ရမည့်ကိစ္စမှာ
တွေ့ဆုံဆွေးနွေးရေးပင်ဖြစ်သည်။ ထိုတွေ့ဆုံဆွေးနွေး ရေးကိစ္စများကို
မလုပ်ဆောင်နိုင်ခဲ့သဖြင့် တိုင်းရင်းသားများနှင့် အစိုးရကြားတွင်
နားလည်မှုလွဲခဲ့ရသည်။ ထို့နည်းအတူ တခြားသောကဏ္ဍများတွင်လည်း ထိုကဲ့သို့
တွေ့ဆုံဆွေးနွေးရေးကို တာဝန်ရှိသူများက လုပ်ဆောင်မပေးခဲ့သဖြင့် အစိုးရနှင့်
ပြည်သူကြားတွင် မလိုလားအပ်သောပြဿ နာများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရမည်
ဖြစ်သည်။
ထိုအချက်ကို သိရှိနေသည့် လက်ရှိပြုပြင်ပြောင်းလဲရေး
ဦးဆောင် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတသည်ပင်လျှင် ကဏ္ဍပေါင်းစုံမှ တာဝန်ရှိသူ
များနှင့် မကြာခဏ တွေ့ဆုံဆွေးနွေးလာသည်ကို တွေ့လာရသည်။
မြန်မာနိုင်ငံ
အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များတွင် အဓိကတာဝန် များကို
ယူထားရသူများကလည်း ထိုတွေ့ဆုံဆွေးနွေးမှု(ဝါ) နိုင်ငံရေးယဉ်
ကျေးမှုဖြစ်စဉ်တစ်ခုကို ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်
အမြစ်တွယ်ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ပေးရန်လိုမည်ဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များတွင်သာမက အနာဂတ်နိုင်
ငံရေး တွင် တာဝန်ထမ်းဆောင်ရမည့် ခေါင်းဆောင်များသည်ပင် မတူညီသော အသံနှင့်
ဆန္ဒများကို နားထောင်ရန် လိုမည်ဖြစ်သည်။ ထိုမှတစ်ဆင့်
တွေ့ဆုံဆွေးနွေးရေးဖြင့် အဖြေရှာရမည်ဖြစ် သည်။ လက်ရှိ
မြန်မာ့နိုင်ငံရေးဖြစ် စဉ် တွင်လည်း သဘောထား တင်းမာ နေကြသည့်
ကဏ္ဍရပ်များရှိနေဆဲဖြစ်ရာ မည်မျှပင်ရှိနေပါစေ ထိုကဏ္ဍရပ်များ ကို
ဖြေရှင်းရာတွင် တွေ့ဆုံဆွေးနွေးရေးဖြင့် ယုံကြည်မှုကိုတည်ဆောက်ပြီး
ယုံကြည်မှုမှတစ်ဆင့် အောင်မြင်မှုလမ်းပေါ် ဆက်လက်လျှောက်လှမ်းနိုင်ရန်
ကြိုးပမ်းရမည်ဖြစ်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။
အယ်ဒီတာ(နိုဝင်ဘာ ၂၇၊ ၂ဝ၁၄)
ဒီမိုကရေစီတူဒေး သတင်းစာ၊ အတွဲ (၁)၊ အမှတ် (၂၆၄)။
#Democracytoday
No comments:
Post a Comment