Saturday, November 29, 2014

လူထုဒေါ်အမာ ရာပြည့်မွေးနေ့ အကြိုဂုဏ်ပြပွဲ မန္တလေးမှာ ကျင်းပ

သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ ရာပြည့်မွေးနေ့အကြို ဂုဏ်ပြုပွဲအခမ်းအနားကို ဒီကနေ့ မန္တလေးမြို့က တောင်လေးလုံးကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

ဒီဂုဏ်ပြုပွဲကို တက်ရောက်လာတဲ့ လူထုဒေါ်အမာရဲ့ တပည့်ရင်းတစ်ဦးဖြစ်ခဲ့သူ ဆရာမောင်သစ်လွင် (လူထု) က ဒေါ်အမာဟာ ရှားပါးတဲ့ ဆရာကောင်းတစ်ယောက် ဖြစ်တယ်လို့ ဂုဏ်ပြုပြောပါတယ်။

"လူထုဒေါ်အမာရဲ့ သွန်သင်ဆုံးမမှုအောက်မှာ ကျနော်တို့နေခဲ့ရတယ်၊ မမေ့နိုင်စရာအကြောင်းကတော့ သူရေးတဲ့စာတောင်မှပဲ တို့ကိုတည်းဖြတ်ခိုင်းတာ၊ ဆရာသမား အဲ့ဒါမျိုးရှားတယ်ကွ၊ ဆရာက

ဆရာလိုပဲနေမှာပေါ့၊ မောင်သစ်လွင် မင်းကတည်းဖြတ်ရဲတယ်၊ ငါကတော့ စိတ်ရှိသလောက် ရေးလိုက်တာပဲ၊ မင်းဘာသာမင်း တည်းဖြတ်ပြီးတော့ မင်းဘာသာမင်း ဖြတ်တောက်ပြီးတော့ အဲ့သလိုခွင့်ပေးတာ၊ အဲ့လိုဆရာမျိုး ဘယ်မှာရှိလို့လဲ၊ သိပ်ရှားတယ်နော်"

လူထုဒေါ်အမာဟာ လူထုသတင်းစာတိုက်ကနေ အစိုးရကို ဝေဖန်တဲ့သတင်းတွေကို ဖန်တီးဖေါ်ပြခဲ့သူ တစ်ဦးလည်းဖြစ်ပြီး ဘာသာပြန်ဆောင်းပါးတွေ၊ အတွေးအမြင်ဆောင်းပါးတွေရေးသားပြီး ပြည်သူတွေ နား၊ မျက်စိပွင့်အောင် တင်ဆက်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဒီကနေ့အခမ်းနားကိုတော့ လူထုဒေါ်အမာကို ချစ်မြတ်နိုးသူတွေ၊ စာရေးဆရာတွေ၊ သတင်းစာဆရာတွေနဲ့ အနုပညာသမားတွေ တက်ရောက်ခဲ့ပြီး ကဗျာဖတ်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

လူထုဒေါ်အမာကို ၁၉၁၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ မန္တလေးမြို့ ဂုန္တန်ရပ် အဖ ဦးထင်၊ အမိ ဒေါ်စုတို့က မွေးဖွားခဲ့ပါတယ်။

၁၉၃၉ ခုနှစ်မှာ သတင်းစာဆရာ လူထုဦးလှနဲ့ လက်ထပ်ခဲ့ပြီး ပြည်သူချစ်သော အနုပညာသည်များ၊ မန္တလေးသူ မန္တလေးသားများ၊ အမေ့ရှေးစကား စာအုပ်များ အပါအဝင် ဆောင်းပါး၊ ဘာသာပြန်နဲ့ စာအုပ်တော်တော်များများကို ရေးသားခဲ့ပါတယ်။

၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက်နေ့ မှာ မန္တလေးမြို့နေအိမ်မှာ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ်။

Credit - RFA Burmese

 
 

No comments:

Post a Comment