ရန်ကုန်၊ နိုဝင်ဘာ ၂၆
ထိုင်းနိုင်ငံ တောင်ပိုင်းရှိ
ကော့တောင်ကျွန်း လူသတ်မှုတွင် စွပ်စွဲခံထားရ သည့် မြန်မာလူငယ် နှစ်ဦးကို
အချုပ်လွတ် ထုချေခွင့်ပေးရန်နှင့် ထွက်ပြေးမည်ဆိုပါက မိမိကိုယ်တိုင်
အဖမ်းခံမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အာမခံ
ပြောဆိုခဲ့သော်လည်း နိုဝင်ဘာ ၂၆ ရက် ရုံးထုတ်ချိန်တွင်မူ
မြန်မာလူငယ်နှစ်ဦး၏ အာမခံအား ကော့စမွီ တရားရုံးက ပယ်ချလိုက်သည်။
ထိုင်းနိုင်ငံလွှတ်တော်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ သို့
နိုဝင်ဘာ(၂၃)ရက်မှ နိုဝင်ဘာ (၂၅)ရက်အထိ နှစ်ရက်ကြာ ရောက်ရှိ ခဲ့သည့်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လူသတ်မှုဖြင့် စွပ်စွဲ ခံနေရသည့်
မြန်မာလူငယ်နှစ်ဦး ကိစ္စနှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်
များနှင့်
တွေ့ဆုံခဲ့ရာတွင် ““မြန်မာနိုင်ငံသား နှစ်ယောက်ရဲ့ကိစ္စနဲ့ ပတ်သက်လို့
ကျွန်တော့်ကိုယ် ကျွန်တော် အာမခံထားမယ်။ ဒီကလေး နှစ်ယောက်ကို အချုပ်လွတ်
ထုချေခွင့်ပေးပါ။ သံရုံးအုပ်ချုပ်မှု ထားတဲ့အောက်မှာ ထွက်ပြေးရင် ကျွန်တော်
လာပြီးတော့ အဖမ်းခံမယ်။ အဲဒီလိုပြောတဲ့ အခါမှာ တော်တော်လေးလည်း
သဘောလည်းကျတယ်။ ကျွန်တော့် ကိုယ်ကျွန်တော် ရဲဝံ့စွာ အာမခံပါတယ်””ဟု
ပြောဆိုခဲ့ကြောင်း ဘီဘီစီသတင်းဌာန (မြန်မာပိုင်း)နှင့် တွေ့ဆုံ
မေးမြန်းခန်း တွင် ဖြေကြား ထားသည်။
သို့သော် ယင်းသို့ အာမခံ
ပေးထားသော်လည်း နိုဝင်ဘာ ၂၆ ရက်တွင် ပြုလုပ်သည့် မြန်မာလူငယ်နှစ်ဦး၏
ရမန်(၄) ကြိမ်မြောက်တွင် အချုပ်လွတ် ထုချေခွင့်အာမခံ လျှောက်ထားမှုကို
ကော့စမွီခရိုင် တရားရုံးက ပယ်ချ ခဲ့သည်။
အဆိုပါ ပယ်ချခံရမှုအတွက်
““ကျွန်တော်တို့ အာမခံ လျှောက်ပါတယ်။ ဒါပေမဲ့ ဒီအာမခံ ပယ်ချခံရပါတယ်။
ကျွန်တော်တို့ ဒီရမန်အပြီးမှာ နောက်တစ်ခါ ထပ်ပြီးတော့ အာမခံ လျှောက်ဖို့
ကြိုးစားပါ့မယ်””ဟု မြန်မာသံရုံး အထူးအဖွဲ့မှ ဥပဒေအကြံပေး
ဦးအောင်မျိုးသန့်က နိုဝင်ဘာ ၂၆ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။
အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေ
စဉ်အတွင်း မြန်မာလူငယ်နှစ်ဦး၏ အမှုကိစ္စ အတွက် ပြောဆိုညှိနှိုင်းမှုများ
ရှိခဲ့သော်လည်း လက်ရှိ အမှုရင်ဆိုင်နေသည့် ကော့စမွီခရိုင် တရားရုံးသို့
ရောက်ရှိ မလာသေးကြောင်းကို ““လူကြီးချင်းတော့ စကားပြောထားတယ်လို့
ကြားပါတယ်ခင်ဗျ။ ဒါပေမဲ့ ဒီအထိတော့ ရောက် မလာ သေးပါဘူး ကော့စမွီရုံးကို””
ဟု ဦးအောင်မျိုးသန့်က ပြောသည်။
နိုင်ငံခြားသား ဖြစ်နေခြင်း၊
ကြီးလေးသည့် ပုဒ်မဖြင့် တရားစွဲဆိုထားကာ ရက်စက်သည့် သတ်ဖြတ်မှု ဖြစ်သည်
ဆိုသည့် အကြောင်းပြချက်များဖြင့် တရားရုံးက အာမခံ ပယ်ချခဲ့ခြင်း ဖြစ်သည်။
ဦးခင်အောင်မြင့် အနေဖြင့်မူ ထိုင်းနိုင်ငံ မြန်မာလူငယ်နှစ်ဦး၏
အမှုကိစ္စအတွက် ထိုင်းဝန်ကြီးချုပ်၊ ထိုင်းလွှတ်တော် ဥက္ကဋ္ဌတို့နှင့် ဆွေးနွေး
ခဲ့ခြင်းများနှင့် ပတ်သက်၍ ““စစချင်းတော့ သူတို့က တရားစီရင် တဲ့အခါမှာ
မျှတရပါစေ့မယ်လို့ ပြောတယ်။ တရားစီရင်တဲ့အပိုင်းကို ကျွန်တော်တို့
ဥပဒေပြုသမားက လုံး၀၀င်မစွက်ပါဘူး။ အခုဟာက အမှုတည်ဆောက်တဲ့ အပိုင်းကို
ကျွန်တော် ပြောတာ။ အမှုတည် ဆောက်တဲ့ အခါမှာ မသင်္ကာတဲ့လူကို အရင်ဖမ်းပြီးမှ
သက်သေရှာတာမျိုး မလုပ်သင့်ဘူး။ သက်သေ အထောက်အထား အရသာ ကျူးလွန် တဲ့သူကို
ဖော်ထုတ်သင့်တယ်။ ဒါကိုလည်း မြန်မာတစ်နိုင်ငံလုံးက စိတ်ဝင်စားတယ်။
ကျွန်တော်တို့ လွှတ်တော် ကလည်း စိတ်ဝင်စားတယ်။ လွှတ်တော်မှာလည်း အဆိုတွေ
တင်ခဲ့တယ်။ ငွေလည်း လှူခဲ့တယ်။ လွှတ်တော်ရဲ့ မန်းဒိတ်အရ ကျွန်တော်ပြောတာပါ။
သူတို့ကတော့ ကျွန်တော် ပြောတဲ့ကိစ္စက မှန်တဲ့အခါကျတော့ မငြင်းပါဘူး”” ဟု
ဘီဘီစီ သတင်းဌာန၏ မေးမြန်းမှုတွင် ထည့်သွင်း ဖြေကြားခဲ့သည်။
MH-0030
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment