Sunday, November 23, 2014

ခိုတောင်းကျွန်းအမှု ကူညီပေးဖို့ ဦးခင်အောင်မြင့် ထိုင်းကို ရောက်ရှိ

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို အကူအညီပေးဖို့အတွက် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ဟာ ဒီကနေ့ညနေမှာ ထိုင်းနိုင်ငံကို ရောက်ရှိမယ်လို့သိရပါတယ်။

အဖမ်းဆီးခံနေရတဲ့ မြန်မာလူငယ်နှစ်ဦး အမှုနဲ့ပတ်သက်ပြီး မြန်မာအထူးကိုယ်စားလှယ်အဖွဲ့က ဘန်ကောက်မြို့ မြန်မာသံရုံးမှာ သံအမတ်ကြီးနဲ့ ဒီနေ့ ဆွေးနွေးခဲ့ကြကြောင်း၊ ဒီလူငယ်နှစ်ဦး အာမခံရဖို့အတွက် သံရုံးကငွေကြေးစိုက်ထုတ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း၊ အခုညနေမှာ ရောက်ရှိလာမဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နဲ့လည်း တွေ့ဆုံကြဖို့

စီစဉ်ထားကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

"ကျနော်တို့ မနက်ကတုန်းက သံအမတ်ကြီးနဲ့တွေ့ပါတယ်၊ အဲ့ဒီအမှုနဲ့ပတ်သက်လို့ သံသယရှိတဲ့ ကလေးတွေကို အာမခံယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချပါတယ်၊ သံအမတ်ကြီးကိုယ်တိုင် ဦးစီးပြီး ဆောင်ရွက်ပေးမှာပါ၊ အဓိက အာမခံအတွက် လိုအပ်တဲ့ငွေကြေး၊ နောက်ပြီးတော့ လုံခြုံရေးကိစ္စကို အားလုံးကျနော်တို့ ဆွေးနွေးတိုင်ပင်ကြတော့ သံအမတ်ကြီးက ဒီဟာကို သူအားလုံးတာဝန်ယူ လုပ်ပေးပါမယ်လို့ ပြောပါတယ်ခင်ဗျ၊ ဒီနေ့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်လည်း ရောက်လာမယ်လို့ သိရပါတယ်၊ ကျနော်တို့နဲ့ တွေ့ရမယ်လို့ အစီအစဉ်တော့သိရပါတယ်၊ ကျနော်တို့ကတော့အားလုံး ဘန်ကောက်မှာ ကျနော်တို့ သံရုံးအထူးအဖွဲ့ ရှိကြပါတယ်"

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ ဒီမြန်မာလူငယ်နှစ်ဦးကို အာမခံတစ်ဦးဘတ်ငွေ ငါးသိန်းစီ ပေးဆောင်ရမှာ ဖြစ်ပြီး အာမခံရပြီးနောက် သူတို့နှစ်ဦးကို သံရုံးရဲ့ထိန်းသိမ်းမှုအောက်မှာပဲ ထားရှိသွားမယ်လို့ ဆိုပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဖမ်းဆီးခံ လူငယ်နှစ်ဦးကို လာမဲ့သီတင်းပါတ်မှာ ထပ်မံတွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

Credit -  RFA Burmese

 
 

No comments:

Post a Comment