Sunday, November 23, 2014

ကျောင်းနံရံတစ်ဝိုက် ဒေါင်းအလံ ပြန်စိုက်ကြတော့မည်လော ...

မြန်မာ့စီးပွားရေး မြို့တော် ရန်ကုန်၏ နေသည် ချစ်ချစ်တောက် ပူပြင်းလျက်ရှိသည်။ ချွေးတလုံးလုံးဖြင့် လူကို နွမ်းလျစေသည်။ သို့သော်လည်း အဖြူရောင်အင်္ကျီ ဝတ်ဆင်ထားသည့် လူငယ်တစ်စုကတော့ ထိုအပူဒဏ်တို့ကို အန်တုလျက်။ နဖူးကချွေး ခြေမကျလု မတတ်ပင်။ အော်ဟစ်နေကြသည်မှာ ရဲရဲတောက် တက်တက်ကြွကြွ ...။

 

“သပိတ် သပိတ်” “မှောက် မှောက်” “ဒီမိုကရေစီ ပညာရေး” “တို့အရေး တို့အရေး” “ကျောင်းသား ပြည်သူ အခြေမခံသော အမျိုးသားပညာရေး ဥပဒေ” “အလိုမရှိ အလိုမရှိ” “ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး” “တို့အရေး တို့အရေး” ဟူ ဟစ်ကြွေးသံတို့သည် သောသောညံလျက်….

ယင်းမှာ မြန်မာ့ဒီမိုကရေစီတိုက်ပွဲတွင် သမိုင်းဝင်နေရာ ဖြစ်ခဲ့သော ရန်ကုန်တက္ကသိုလ်၏ စိန်ရတုခန်းမတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် နိုဝင်ဘာလ ၁၄ ရက်နေ့က မြန်မာလူငယ်များကို ရင်းရင်းနှီးနှီး တွေ့ဆုံချိန်နှင့် တိုက်ဆိုင်စွာ လူ ၂၀၀ ထက် မနည်းသော တက္ကသိုလ်ကျောင်းသားများသည် ရန်ကုန်မြို့၏ လူစည်ကားရာ လမ်းမကြီးပေါ်တွင် အနီရောင် ခွပ်ဒေါင်းအလံတို့ကို ကိုင်ဆောင်ခြင်း၊ ရဟန်းသံဃာတို့ အသုံးအဆောင် ဖြစ်သော သပိတ်တော်ကို မှောက်ခြင်းဖြင့် “သပိတ်မှောက်” သည်ဟု အဓိပ္ပာယ်တို့ကို ဖော်ဆောင်ခြင်းတို့ဖြင့် အတည်ပြု ပြဋ္ဌာန်းလိုက်ပြီး ဖြစ်သော အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်နေကြခြင်း ဖြစ်သည်။

အမျိုးသားပညာရေး ဥပဒေသည် ဆိုးဝါးလျက်ရှိသော ပညာရေးစနစ်ဟောင်းကို ပြောင်းလဲအစားထိုး ပြင်ဆင်နိုင်ခြင်း မရှိဘဲ ဆက်လက်ဆိုးဝါးမှုများ ဖြစ်နေခြင်း၊ ကျောင်းသားထု၏ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်စွာ ဗဟိုချုပ်ကိုင်မှုဖြင့် ကန့်သတ်ထားခြင်း၊ ထိုပညာရေး ဥပဒေမူဝါဒမှာ စ၊ လယ်၊ ဆုံး ဒီမိုကရေစီ မဆန်သည့်အပြင် လူ့အခွင့်အရေး တန်းတူညီမျှမှု မရှိဘဲ ပညာသင်ကြားခွင့်ကို အာမခံချက်မပေးခြင်း စသည့် အကြောင်းများကြောင့် ကျောင်းသားများက ကန့်ကွက်ဆန္ဒပြကြသည်။

ယင်းအပြင် အမျိုးသားပညာရေး ဥပဒေသည် ပညာရေးစနစ်ကို စီမံခန့်ခွဲရာတွင် အစိုးရအုပ်ချုပ်ရေးပိုင်းအား ပါဝင်ထိန်းချုပ်ခွင့် ပေးထားခြင်း၊ ပညာရှင်များ ပါဝင်ဆောင်ရွက်မှု ပြည့်ပြည့်ဝဝ ပေးမထားခြင်းနှင့် ကျောင်းတွင်း အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းပိုင်ခွင့် ပေးမထားခြင်းတို့ကြောင့် အာဏာပိုင်များကသာ တစ်ဖက်သတ် အကောင်အထည်ဖော်မည့် အဖိနှိပ်ခံ ပညာရေးစနစ်ကို အသက်သွင်းရာ ရောက်သည်ဟုလည်း ကျောင်းသားထုက ထင်မြင်နေကြသည်။

“ဒီဥပဒေဟာ မကောင်းတဲ့အချက်တွေ ပါနေလို့ အတည်ပြုလိုက်တဲ့အတွက် သပိတ်မှောက်တာ” ဟု ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု သပိတ်မှောက် ဦးဆောင်ကော်မတီဝင် ကိုဇေယျာလွင်က ဆိုသည်။

ကျောင်းသားများသည် နိုဝင်ဘာ ၁၄ ရက်တွင် သပိတ်မှောက်ခြင်း ပထမနေ့အဖြစ် ရန်ကုန်ဘူတာကြီးရှေ့မှ ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့၊ ဒုတိယနေ့တွင် သမိုင်းလမ်းဆုံမှ ရန်ကုန်တက္ကသိုလ်ရှေ့နှင့် လှည်းတန်းခုံးကျော် တံတားအောက်၊ တတိယနေ့အဖြစ် ရွှေတိဂုံဘုရားနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် စတုတ္ထနေ့အဖြစ် မြို့တော်ခန်းမရှေ့တို့တွင် သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။

သို့သော်လည်း သပိတ်မှောက် ကျောင်းသားတို့သည် လက်ရှိ အတည်ပြုလိုက်သော အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ရန်လော သို့မဟုတ် ဖျက်သိမ်းရန်လောကိုမူ ကွဲကွဲပြားပြား မသိရပေ။ ဦးဆောင်သူဟု ယူဆရသူများကို လိုက်လံမေးမြန်ရာတွင်လည်း အတည်ပြုလိုက်သည့်အတွက် သပိတ်မှောက်ခြင်းအပြင် အထက်ပါ ဖော်ပြခဲ့သည့်အတိုင်း ဗဟိုချုပ်ကိုင်မှုရှိခြင်း၊ လွတ်လပ်ခွင့် မရှိခြင်း စသဖြင့်သာ ဖြေကြားခဲ့သည်။

ယင်းကျောင်းသားတို့သည် သပိတ်စခန်းဖွင့်သည်၊ မြို့တော်ခန်းမကို သိမ်းလိုက်ပြီ၊ ရန်ကုန်တက္ကသိုလ်ကို ကျောင်းသားတွေ သိမ်းလိုက်ပြီ၊ လှည်းတန်းတွင် သပိတ်စခန်းဖွင့်ပြီ စသဖြင့် လူမှုကွန်ရက်တွင် အမျိုးမျိုး ပျံ့နှံ့လျက်ရှိပြီး သပိတ်စခန်းဟု ဆိုသော်လည်း ညနေဆို အိမ်ပြန်သွားကြသည်။

ဒုတိယနေ့တွင် ရန်ကုန်တက္ကသိုလ်ရှိ ဗိုလ်အောင်ကျော် အမှတ်တရ ကျောက်တိုင်အား ဂါရဝပြုရန် အဓိပတိလမ်းမှ ဝင်ခွင့်မပြုသောကြောင့် ခြံစည်းရိုးကို ခွကျော်တက်ကာ သွားရောက် ဂါရဝပြုခဲ့ကြရသည်။ ခြံစည်းရိုး ခွကျော်တက်မှုနှင့် ပတ်သက်၍လည်း ဝေဖန်မှုများ အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။

ယင်းသပိတ်မှောက်မှုတွင် ပါဝင်သူအချို့သည် ကျောင်းသားများကဲ့သို့ ဝတ်ဆင်ထားသော်လည်း အသက်ကြီးရင့်သူများ ဖြစ်နေသဖြင့် ဘယ်တော့မှ ကျောင်းမပြီးသော ကျောင်းသားများဟု ဝေဖန်ခဲ့ကြသည်။

သို့သော်လည်း နိုဝင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်သော (၉၄) နှစ်မြောက် အမျိုးသားနေ့တွင် ရွှေတိဂုံစေတီတော်ပေါ်သို့ တက်ရောက်ဖူးမြော် ဆန္ဒပြရာတွင်မူ ပြည်သူလူထုအများစု ထောက်ခံမှု ရခဲ့သည်အပြင် နာမည်ကျော် စာရေးဆရာ၊ ကဗျာဆရာများနှင့် အနုပညာရှင် အချို့ကိုလည်း တွေ့ရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ လေးရက်ကြာ ဆန္ဒပြမှုအပြီးတွင် ကျောင်းသားများသည် အစိုးရ၏ တုံ့ပြန်မှုကို ရက်ပေါင်း ၆၀ အတွင်း တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိပါက တစ်နိုင်ငံလုံးရှိ ကျောင်းသားများ ပါဝင်သော တောင်းဆိုတိုက်ပွဲဝင်မှုကို ပြုလုပ်သွားမည်ဟု ကြေညာထားသည်။

ထိုကြောင့် တစ်နိုင်ငံလုံးရှိ ကျောင်းနံရံတို့တွင် ခွပ်ဒေါင်းအလံတို့ ပြန်စိုက်ကြတော့မည်လော။ ယင်းတောင်းဆို တိုက်ပွဲဝင်မှုကို တစ်နိုင်ငံလုံးရှိ ကျောင်းသားထု တစ်ရပ်လုံး အမှန်တကယ် ပါဝင်ကြမည်လော ဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်နေသည်။

“ဒီကျောင်းကလူတွေ ဘယ်သူမှ စိတ်မဝင်စားကြဘူး” ဟု ဆိုခဲ့သည်မှာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးဖြစ်သူ ကိုထွန်းလင်းကျော် ဖြစ်သည်။

ယင်းသပိတ်မှောက် ဆန္ဒပြမှုအတွက် နာရေးကူညီမှုအသင်းတွင် အစည်းအဝေး ပြုလုပ်စဉ်ကတည်းပင် သန်လျင် နည်းပညာတက္ကသိုလ်၊ ရေကြောင်းပညာတက္ကသိုလ်၊ လေကြောင်းပညာတက္ကသိုလ်နှင့် အခြားနည်းပညာတက္ကသိုလ် သုံးခုတို့ သပိတ်မှောက်ပွဲတွင် မပါဝင်တော့ဘဲ နုတ်ထွက်ခဲ့သည်။

“ကျွန်တော်တို့ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး လမ်းကြောင်းကိုပဲ သွားချင်တာ။ ဒါပေမဲ့ တချို့ကျောင်းတွေက လုံးဝဖျက်သိမ်းရေး လမ်းကြောင်းကို သွားချင်တဲ့အတွက် သဘောထား မတိုက်ဆိုင်ကြတာပါ။ ဒါကြောင့် ကျွန်တော့်တို့ ခဏမပါတော့တာ။ နောက်ပိုင်း သဘောထား တိုက်ဆိုင်ရင် ပြန်ပေါင်းမှာပါ” ဟု နုတ်ထွက်ခဲ့သည့် ရေကြောင်းတက္ကသိုလ် ကိုယ်စားပြု ကျောင်းသား ကိုသိဒ္ဓီသန့်စင်က ဆိုသည်။

လက်ရှိ သပိတ်မှောက် ကျောင်းသားများတွင် အချင်းချင်း အဖွဲ့ကွဲလျက် ရှိသည်။ လမ်းမပေါ်ထွက် သပိတ်မှောက်ခြင်းကို နိုင်ငံရေးအင်အားစုများနှင့် ပြည်သူအများစု ထောက်ခံခဲ့ကြသည့်အတွက် အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ရာမှ နိုင်ငံရေးဘက်သို့ ရောယှက်တောင်းဆိုချင်သူများနှင့် ကျောင်းသားများ ဖြစ်သည့်အတွက် လိုချင်သော ပညာရေးဥပဒေ အကောင်အထည်ဖော်ရေးကိုသာ တောင်းဆိုချင်သူများဖြင့် အုပ်စုကွဲသွားသည်ကို တွေ့ရသည်။

အဆိုပါ သပိတ်မှောက် ကျောင်းသားများကို နိုင်ငံရေးအရ ပွဲစားလုပ်ကာ အမြတ်ထုတ်ချင်သူများ ရှိနေသည်ဟု ဝေဖန်သံများ ပျံ့နှံ့လျက် ရှိသကဲ့သို့ ကျောင်းသားများကို အစိုးရအနေနှင့် အကြမ်းဖက်ဖြေရှင်းမှုများ မပြုလုပ်ကြရန်နှင့် ပြည်သူများကလည်း ကျောင်းသားများကို ဝန်းရံကြရန် လှုံ့ဆော်မှုများလည်း ပျံ့နှံ့ခဲ့သည်။

“ပညာရေးနဲ့ ပတ်သက်ပြီး တောင်းဆိုရင်တော့ လူထုအားလုံး ထောက်ခံနိုင်တယ်။ နိုင်ငံရေးနဲ့ ရောယှက်သွားရင်တော့ ပြဿနာ ရှိနိုင်တယ်” ဟု မြန်မာ့နိုင်ငံရေး ဆောင်းပါးများ ရေးသားနေသူတစ်ဦးက မှတ်ချက်ပြုသည်။

သပိတ်မှောက် ကျောင်းသားများသည် ရက်ပေါင်း ၆၀ အတွင်းတွင် အစိုးရက တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိပါက တစ်နိုင်ငံလုံးရှိ ကျောင်းသားများနှင့် ပြည်သူလူထုများ ပါဝင်သည့် ကျောင်းသားအရေးတော်ပုံ အဖြစ် ပြောင်းလဲသွားမည်ဟု ကြေညာထားသည်။

သပိတ်မှောက်နေသည့် အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ ပညာရေး ဝန်ကြီးဌာန အနေနှင့်လည်း ရက်ပေါင်း ၆၀ အတွင်းတွင် ကြေညာချက်ထုတ်၍ တုံ့ပြန်မည်ဟုတော့ ပြောဆိုထားသည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် လွတ်လပ်ရေးမရမီကပင် တက္ကသိုလ်ကျောင်းသားများ ဦးဆောင်မှုဖြင့် နိုင်ငံရေးသပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။ ၁၉၇၄၊ ၁၉၈၈ ကဲ့သို့ သမိုင်းဝင် ဒီမိုကရေစီ တိုက်ပွဲများတွင်လည်း ကျောင်းသားများ ဦးဆောင်ခဲ့သည်။ သို့သော်လည်း ဆန္ဒပြတိုက်ပွဲဝင်တိုင်း အောင်မြင်ခြင်း မရှိခဲ့သည်ကိုလည်း ယင်းသမိုင်းများက သက်သေပြနေသည်။

မြန်မာနိုင်ငံတွင် ကျောင်းသားအရေးနှင့် ပတ်သက်လျှင် အကဲဆတ်ကာ ထိလွယ်ရှလွယ် ဖြစ်သောကြောင့် အစိုးရအနေနှင့် ညှိနှိုင်းအဖြေရှာသင့်ပြီး ယခင် တပ်မတော်အစိုးရ လက်ထက်ကအတိုင်း အကြမ်းဖက်နှိမ်နှင်းမှုများ ပြုလုပ်ပါက ဒီမိုကရေစီ ပြုပြင်လဲရေးအတွက် အခြေအနေဆိုးများ ဖြစ်သွားနိုင်ကြောင်း မြန်မာ့နိုင်ငံရေး အကဲခတ်သူတို့က တူညီစွာ မှတ်ချက်ပြုကြသည်။

ထို့ကြောင့် ရက်ပေါင်း ၆၀ ကျော်လျှင် ကျောင်းနံရံတစ်ဝိုက် ဒေါင်းအလံတွေ ပြန်စိုက် မစိုက် စောင့်ကြည့်ကြရတော့မည် ဖြစ်သည်။

Credit - The Voice

No comments:

Post a Comment