Friday, November 28, 2014

ဘယ်နှစ်ပွင့်ဆိုင်ပဲ ဖြစ်ပါစေ မျက်နှာချင်းဆိုင်ဖို့သာ အဓိကဖြစ်သည်

ပြုပြင်ပြောင်းလဲရေးဆိုသည့် စကားရပ်မှာ အဟောင်းကို တစ်ခုလုံး တစ်စုံလုံး တစ်ကြိမ်တည်းနှင့် အသစ်မလဲဘဲ အဲဒီအဟောင်းကိုပင် ဖာထေးခြင်း၊ ဖုံခါခြင်း၊ တစ်စိတ်တစ်ပိုင်းကို ဖြုတ်ပြီး အသစ်တပ်ဆင်ခြင်းနှင့် တစ်စချင်းစီတေ့ဆက်ယူရင်းက တဖြည်းဖြည်းနှင့် အသစ်လုံးလုံး ဖြစ်လာအောင် ဆောင်ရွက်ခြင်းကို ပြုပြင်ပြောင်းလဲခြင်းဟု ယေဘုယျ ယူဆလို့ ရပါသည်။ သို့သော် ပြုပြင်ပြောင်းလဲရေးဟူ သည့် စကားရပ်၏ မူလအဓိပ္ပာယ်မှာ ဒွိဟ သဘောတော့ မဆောင်ပါ။ အဓိပ္ပာယ်အမျိုးမျိုးနှင့် ကိုယ်လိုရာဆွဲပြီး အဓိပ္ပာယ် ဖွင့်လို့လည်း မရပါ။ ပြုပြင်ပြောင်းလဲရေး၏ မူလတာဝန်နှင့် မူလမဟာဗျူဟာမှာ အသစ်ဖြစ်အောင် ညင်သာစွာ ဖန်တီးခြင်း တည်းဟူသော အဓိပ္ပာယ်မှလွဲပြီး အခြား ဘေးထွက်အနက်အဓိပ္ပာယ် မရှိပါ။

ယခုအခါ မိမိတို့တိုင်းပြည်သည် ပြုပြင်ပြောင်းလဲရေးကာလကို ဖြတ်သန်းနေကြရသည်ဟု ဆိုကြပါသည်။ သို့ဆိုလျှင် မည်သို့သော မဟာဗျူဟာ ရည်မှန်းချက်ဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ကြမည်နည်း။ အသစ်ကိုဦးတည်သည့်၊ အသစ်ကို မွေးဖွားပေးမည့် ပြုပြင်ပြောင်းလဲရေး ဟုတ်ပါ၏လော။ တချို့က လက်ရှိ ပြုပြင်ပြောင်းလဲရေးများသည် အသစ်ကို ဦးတည်သည့်၊ အသစ်ကို ဖန်တီးမည့် မဟာဗျူဟာမြောက် ပြုပြင်ပြောင်းလဲရေးမဟုတ်ဘဲ အဟောင်းကို ပုံသဏ္ဌာန်သစ်ဖြင့် ထုပ်ပိုးဖို့ကြိုးစားသည့် နည်းလမ်းတစ်မျိုးသာ ဖြစ်သည်။

မိမိတို့တိုင်းပြည် ပြုပြင်ပြောင်းလဲရေးအတွက် သော့ချက်ကျသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးပြဿနာသည် အခြားပြဿနာ အားလုံးထက် အခြေခံလည်းကျ ပဓာနလည်းကျသည့် ပြဿနာဖြစ်သည်။ မည်သည့် ပြဿနာဖြစ်ပါစေ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မပြင်နိုင်သရွေ့ကာလပတ်လုံး အခြားပြဿနာများကို ကုန်စင်ပပျောက်အောင် ဖျက်သိမ်း၍ ရနိုင်လိမ့်မည် မဟုတ်ချေ။ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒ၏ အနှစ်သာရမှာ ဒီမိုကရေစီကို အာမမခံနိုင်သည့် ဥပဒေများ ပါဝင်လျက်ရှိနေသည်။ ပြင်ဆင်ရန် တမင်ခက်ခဲအောင် လုပ်ထားခြင်း၊ အာဏာသိမ်းခွင့်ကို တရားဝင်ခွင့်ပြုထားခြင်း၊ ဥပဒေပြုရေး အာဏာတွင် လက်နက်ကိုင်အဖွဲ့အစည်းအား အဆုံးအဖြတ်ပေးနိုင်သည့် အခွင့်အရေးပေးထားခြင်း အစရှိသည့်အချက်များမှာ ဒီမိုကရေစီကျင့်စဉ်များနှင့် လားလားမှ မဆီလျော်သည့် အချက်များဖြစ်သည်။

ကံအားလျော်စွာပင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အတိုက်အခံများနှင့် ပြည်သူတို့သည် လက်ရှိ လွှတ်တော်အခင်းအကျင်း အတွင်းမှသာ ဆောင်ရွက်သွားရန် စိတ်အားထက်သန်သည်မှာလည်း ထင်ရှားသည်။ သည်နည်းလမ်းသည်သာ အနာအကျင် နည်းစွာ ပြုပြင်ပြောင်းလဲလို့ရနိုင်သည်ဟု ယုံကြည်သောကြောင့်ဖြစ်သည့်အပြင် ပြုပြင်ပြောင်းလဲရေးအတွက် တိုက်ရိုက် ပါဝင်ပတ်သက်သူများကြားတွင် ယုံကြည်မှုနှင့် အပြန်အလှန်အသိအမှတ်ပြုမှုကို သည်လိုကွင်းအတွင်းတွင်သာ တည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။

မိမိတို့သည် လမ်းမဆုံးခင် ရွာလည်နေသကဲ့သို့ ဖြစ်နေသည်။ လမ်းဆုံးလျှင် ရွာတွေ့မည်ဆိုသည်ထက် လမ်းမဆုံးခင် ဖွဲ့စည်းပုံ အခြေခံဥပဒေ မှော်ရုံတောအတွင်း ရွာရော၊ တောရော လည်သလိုဖြစ်နေသည်။ သို့သော် တစ်ပေါက်ကတော့ အမြဲတမ်း မရှိမဖြစ် ပွင့်နေ ရှိနေဆဲပင်ဖြစ်သည်။ ယင်းမှာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးနည်းလမ်းပင်ဖြစ်သည်။ ဘယ်နှစ်ပွင့်ဆိုင်ပဲဖြစ်စေ မျက်နှာချင်းဆိုင်ဖို့သာ အရေးကြီးပါသည်။ မျက်နှာချင်းဆိုင် ထိုင်ပြီးပြောဆို ဆက်ဆံဖြေရှင်းခြင်းသည် စစ်မြေပြင်မှာထက်တော့ ပိုမိုယဉ်ကျေးပြီး အစွမ်းထက် သည်ဟု ယူရပါမည်။ ယင်းခြောက်ပွင့်ဆိုင်သည်ပင် တစ်ပေါက်တည်းသော တံခါးမှတဆင့် မိမိတို့ ပြည် သူများကို ဒီမိုကရေ လမ်းမပေါ်အရောက် ခေါ်သွားနိုင်ပါစေဟူ၍လည်း မျှော်လင့်မိပါသည်။

Credit -  Mizzima News

No comments:

Post a Comment