ရန်ကုန်၊ နိုဝင်ဘာ ၂၅
လှိုင်မြို့နယ် ဘုရင့်နောင်လမ်းရှိ
သီရိမင်္ဂလာ ဈေးသစ်တွင် ဓားကိုင် ဆက်ကြေး တောင်းနေသော အဖွဲ့ဝင် ၅၀ ခန့်ရှိ
လူမိုက်ဂိုဏ်းအဖွဲ့ကို နိုဝင်ဘာလ ၂၃ ရက်ညတွင် ရဲတပ်ဖွဲ့က ဝင်ရောက်
စီးနင်းခဲ့ရာ ၁၁ ဦးကို ဖမ်းမိခဲ့သော်လည်း ကျန်အဖွဲ့ဝင်များမှာ
လွတ်မြောက်နေသဖြင့် ခရိုင်အလိုက် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်မည်
ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
“ဒီဂိုဏ်းမှာ လူ ၅၀ ကျော်လောက် ရှိတယ်။ အနိုင်ကျင့် ဆက်ကြေး
တောင်းခံရတယ်လို့ သိထားတယ်။ သူတို့အဖွဲ့က လှိုင်သာယာနဲ့ ကြည့်မြင်တိုင်
တစ်ဖက်ကမ်းက သူတွေ၊ ထောင်ထွက် လူဆိုး လူမိုက်တွေ ဂိုဏ်းဖွဲ့ပြီး ဈေးထဲမှာ
လာသောင်းကျန်းနေတာ ကြာပြီ။ တရားဝင် အမှုဖွင့် တိုင်ကြားသူ မရှိတာကြောင့်
ရဲတပ်ဖွဲ့က အရေးမယူနိုင်ခဲ့တာ” ဟု ဈေးသစ်အတွင်း လူမိုက်ဂိုဏ်းအဖွဲ့ကို
ဝင်ရောက် ဖမ်းဆီးစဉ် ပါဝင်ခဲ့သော ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
ကြည့်မြင့်တိုင် မြို့နယ်ရှိ သီရိမင်္ဂလာဈေးကို လှိုင်မြို့နယ်သို့
စတင်ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ချိန်မှ စတင်ကာ ဈေးအတွင်း
ကုန်တင်ယာဉ်များနှင့် ဈေးသည်များထံမှ အုပ်စုဖွဲ့ မိုက်ကြေးခွဲ ဆက်ကြေး
တောင်းသူများ ကျက်စားနေမှုကြောင့် ခရိုင်အဆင့် လုံခြုံရေး
ဆောင်ရွက်ခဲ့သော်လည်း ကြေးစား လူမိုက်ဂိုဏ်းအဖွဲ့မှာ ပပျောက်ခဲ့ခြင်း
မရှိဘဲ တစ်စတစ်စ များပြားလာကြောင်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏
ညွှန်ကြားချက်အရ ခရိုင်ရဲတပ်ဖွဲ့မှ ရဲအင်အား တစ်ရာကျော်ဖြင့် နိုဝင်ဘာလ ၂၃
ရက်ညပိုင်းက ဈေးအတွင်း ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း
အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။
“လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်က လွတ်လာတဲ့ လူဆိုးလူမိုက် တွေကလည်း
ဒီဈေးထဲမှာ လာခိုနေတာ။ ဈေးကြီးက ၂၄ နာရီ ဖွင့်ထားတာ။ ညဘက်ဆို
သူတို့အဖွဲ့က လစ်ရင်လစ်သလို မိုက်ကြေးခွဲ ဆက်ကြေး တောင်းနေတာ။
ဒီအဖွဲ့တွေကို အကုန်မမိမချင်း အထူးမှုခင်းနှိမ်နင်းရေး စီမံချက်နဲ့
ဈေးရဲ့လုံခြုံရေးကို ဆောင်ရွက်သွားမယ်လို့ သိရတယ်” ဟု လှိုင်မြို့နယ်
ပိတောက်ချောင်း နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
အနောက်ပိုင်းခရိုင်အတွင်း ကြေးစား လူဆိုးလူမိုက် အဖွဲ့များမှ ခိုး၊ ဆိုး၊
လုယက်မှုများ မကြာခဏ ကျူးလွန်နေသောကြောင့် သီရိမင်္ဂလာဈေးသစ် အပါအဝင် လှိုင်၊
ကြည့်မြင်တိုင်နှင့် ကမာရွတ်မြို့နယ် တို့ကိုပါ နိုဝင်ဘာလ ၇ ရက်နေ့မှ
စတင်ပြီး အထူးမှုခင်းနှိမ်နင်းရေး စီမံချက်ကို စတင်ခဲ့သောကြောင့် နိုဝင်ဘာလ
၂၃ ရက်နေ့အထိ ယင်းသုံးမြို့နယ်မှ ပြစ်မှုပေါင်း ၁၀၈ မှုအထိ ဖော်ထုတ်
ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ
သိရှိရသည်။
သီရိမင်္ဂလာ ဈေးသစ်အတွင်း မှုခင်းဖြစ်စဉ်များ ကျဆင်းစေရန်
ယခုနှစ် မေလ ၁ ရက်နေ့မှ စတင်၍ စီမံချက်ဖြင့် ဖမ်းဆီး အရေးယူခဲ့ရာတွင်
နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ပြစ်မှုပေါင်း ၃၀၀ ကျော် ဖမ်းဆီးခဲ့ကြောင်း၊
ယင်းဖမ်းဆီးရမိသော အမှုများမှာ ခြောက်လှန့် ငွေတောင်းယူမှု၊ ပြည့်တန်ဆာမှု၊
လက်နက် ကိုင်ဆောင်မှု၊ မှောင်ရိပ်ခိုမှုနှင့်အတူ စစ်ပြေးနှင့် ရဲဘက်ပြေးများ
ပါဝင်ခဲ့ကြောင်း၊ ဈေးသစ်အတွင်း ဖမ်းဆီးမှုများအနက် နိုဝင်ဘာလ ၂၃ ရက်ညက
ဓားကိုင် ဆက်ကြေးတောင်းသည့် ဂိုဏ်း၏အဖွဲ့ဝင်များကို ပထမဆုံးအကြိမ်
အများဆုံး ဖမ်းမိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးမှ
ရဲအရာရှိတစ်ဦးက ပြောကြားသည်။
မှုခင်းအများဆုံး ဖြစ်ပွားရာ
ရန်ကုန်မြို့တော်တွင် ကြေးစားလူဆိုး လူမိုက်များ ဂိုဏ်းဖွဲ့ပြီး
မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ ခိုး၊ ဆိုး၊ လု၊ ယက် ပြစ်မှုများ
ကျူးလွန်လာသောကြောင့် အထူး မှုခင်းနှိမ်နင်းရေး အဖွဲများဖြင့် အရေးယူ
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
ဒုရဲမှူး ပြည့်စုံက ပြောကြားသည်။
Credit - The Voice Weekly
No comments:
Post a Comment