Friday, November 28, 2014

လစာတိုးရင် နိုင်ငံရေးတည်ငြိမ်မှု ထိခိုက်နိုင်ဟု တပ်မတော်သား ကိုယ်စားလှယ်တွေဆို

လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရဝန်ထမ်းတွေကို လစာတိုးမြှင့်ပေးဖို့ စီစဉ်နေတာဟာ နိုင်ငံရေးတည်ငြိမ်မှု ထိခိုက်နိုင်တယ်လို့ တပ်မတော်သား ကိုယ်စားလှယ်တွေက သတင်းမီဒီယာတွေကို ပြောလိုက်ပါတယ်။
လွှတ်တော် ကိုယ်စားလှယ်တွေကို တစ်လ ကျပ်ဆယ်သိန်းပေးဖို့ ဒီနေ့(နိုဝင်ဘာ ၂၈) ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အတည်ပြုလိုက် တဲ့အပေါ် ခုလိုပြောလိုက်တာ ဖြစ်ပါတယ်။
ချီးမြှင့်ငွေ၊ စရိတ်များဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုမယ့်အချိန်မှာ တပ်မတော်က ဆွေးနွေးထောက်ပြဖို့ စီစဉ်ခဲ့ပေမယ့်လည်း ပြည်ထောင်စုနာယကက ခွင့်မပြုလို့ မီဒီယာတွေကို
ထုတ်ဖော်ပြောကြားရတာ ဖြစ်တယ်လို့လည်း တပ်မတော်သား ကိုယ်စားလှယ်တွေက ဆိုပါတယ်။
တပ်မတော်ဟာ လစာတိုးမယ့်ကိစ္စကို ကန့်ကွက်နေတာ မဟုတ်ဘဲ ငွေလုံးငွေရင်း အသုံးစရိတ်နဲ့ နိုင်ငံရဲ့ GDP အချိုးကို မျှခြေ စိစစ်ပြီးမှသာ လစာတိုးမယ့်ကိစ္စကို စဉ်းစားသင့်တယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဥာဏ်နိုင်က ဆိုပါတယ်။
နိုင်ငံလူဦးရေ ၅၁ သန်းမှာ လူဦးရေတစ်သန်းလောက်ဟာ လစာနဲ့ ဝင်ငွေ အဆင်ပြေပြီး ကျန်ပြည်သူ သန်း ၅၀ မှာ ကုန်ဈေးနှုန်းနဲ့ ငွေကြေးဆိုင်ရာ ဖောင်းပွမှုတွေကြောင့် ဆင်းရဲခက်ခဲတဲ့ ဒုက္ခတွေ တွေ့နိုင်တယ်လို့ ဗိုလ်မှူးကြီးသန်းထိုက်က ပြောပါတယ်။
တပ်မတော်မှာ ရာထူးအဆင့်အလိုက် ပေးတဲ့ လစာတွေအပြင် လစဉ်ထောက်ပံ့ကြေး သုံးသောင်းစီ ရနေပြီး ဒီလစာကို နှစ်ဆတိုးမြှင့်ရင်တောင် လက်ရှိလွှတ်တော်က တိုးမြှင့်တဲ့ ခံစားခွင့်ကို မမီနိုင်ဘူးလို့လည်း ဗိုလ်မှူးကြီးဥာဏ်နိုင်က ရှင်းပြပါတယ်။

Credit -  The Voice Weekly

No comments:

Post a Comment