Wednesday, November 26, 2014

အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ အကြံပေးပညာရှင်များအဖွဲ့ သဘောထားထုတ်ပြန်

 
အမျိုးသားပညာရေးဥပဒေ နှင့် ပတ်သက်၍ အကြံပေးပညာရှင်များအဖွဲ့၏ သဘောထားထုတ်ပြန်သည့် သတင်းစာရှင်းလင်းပွဲအား နိဝင်ဘာလ ၂၀ ရက်၊ ညနေ ၄ နာရီက ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပွဲတွင် အကြံပေးပညာရှင်များမှ အမျိုးသားပညာရေးဥပဒေ၏ ဝိသေမှာ ပညာရေးကဏ္ဍအားလုံးအား လွှမ်းခြုံသည့်သဘောရှိပြီး ပညာရေးနှင့်ပတ်သက်သော  ကဏ္ဍအသီးသီး ပါဝင်ဖော်ပြ ထားကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဥပဒေသည် ပညာရေးနှင့်ပတ်သက်သည့် ရည်မှန်းချက်၊ မူဝါဒနှင့် စနစ်တို့ကို ဖော်ပြထားသော ဥပဒေတစ်ရပ်ဖြစ်ပြီး ဥပဒေကိုအခြေပြု၍ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာနှင့် အသက်မွေးပညာ၊ ဆရာအတတ်ပညာ စသော ကဏ္ဍအလိုက် သီးခြားဥပဒေများကို ဆက်လက် ပြုစုပြဋ္ဌာန်းရန်နှင့် ၎င်းဥပဒေကို အကောင်အထည်ဖော်ရန် နည်းဥပဒေကိုလည်း ရေးဆွဲခြင်း၊ ကဏ္ဍ အလိုက် သီးခြားဥပဒေများနှင့် ပတ်သက်သော နည်းဥပဒေများနှင့် တက္ကသိုလ်အလိုက် တက္ကသိုလ်ပဋိညာဉ်စာတမ်းများကို မူလအစီအစဉ်ရှိသည့်အတိုင်း ရေးဆွဲဆောင်ရွက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်မှ ၁၇ ရက်အထိ ကျောင်းသားအချို့ အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြ သပိတ်မှောက်ခဲ့သည့်အတွက် အဆိုပါသဘောထားများကို ထုတ်ပြန်ခြင်းဖြစ်သည်။

"အခုရက်ပိုင်းမှာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့အတွက် ကျောင်းသားတချို့က ဆန္ဒပြ တောင်းဆိုမှုတွေ ရှိလာပါတယ်။ ဥပဒေတစ်ခုကို မကျင့်သုံးရသေးဘဲ ပြင်ဆင်ဖို့ဆိုတာ အဆင့်တစ်ခု ကို ကျော်လွန်နေတာ ဖြစ်ပါတယ်။ မကြာခင်ကာလ အတွင်းမှာလဲ နည်းဥပဒေမူကြမ်းနဲ့ ဥပဒေကြမ်းများ အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာ စတဲ့ ကဏ္ဍအလိုက် ထုတ်ပြန်နိုင်တော့မှာ ဖြစ်ပါတယ်" ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောသည်။

ကျောင်းသားအချို့သည် ထုတ်ပြန်ချက် ၆ ချက်အပေါ် ရှင်းလင်းချက်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ချက်များကို ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီက ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

"အမျိုးသားပညာရေး ကော်မရှင်နဲ့ အဆင့်မြင့်ပညာပေါင်းစပ် ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားခြင်းဟာ ဗဟိုချုပ်ကိုင်ရန် ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ခွင့်ပြုရန်ပုံငွေရရှိရေးအတွက် တာဝန်ခံတင်ပြပေးရန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပေးရန်၊ ပညာရေး အရည်အသွေး အာမခံမှုစနစ်နဲ့အဆင့်အတန်းသတ်မှတ်မှုကို လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ပေးရန်သာ ဖြစ်ပါတယ်" ဟု အကြံပေးပညာရှင်တစ်ဦးက ပြောသည်။

၎င်းတို့၏ တောင်းဆိုချက်များအား လုပ်ပေးနိုင်သည်၊ မလုပ်ပေးနိုင်သည်များကို ဒီမိုကရေစီနိုင်ငံဖြစ်သောကြောင့် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်း ဆုံးဖြတ်အတည်ပြု၍ မရသည့်အတွက် လာမည့် သီတင်းပတ်အတွင်း ဥပဒေပြုသည့် နေရာသို့ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း ဒေါက်တာ ဒေါ်ခင်စန်းရီက ထပ်မံပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ အကြိမ်ကြိမ် ဆွေးနွေးပြီး အခန်း ၁၄ ခန်းနှင့် ပုဒ်မ ၆၉ ချက်ပါဝင်သော အမျိုးသားပညာရေး ဥပဒေကြမ်းကို ဥပဒေကြမ်းပူးပေါင်းကော် မတီက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်က အမျိုးသားပညာရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

No comments:

Post a Comment