Friday, November 28, 2014

၆ ပွင့်ဆိုင်တွင် တိုင်းရင်းသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အဓိကထား ဆွေးနွေး သွားမည်ဖြစ်ကြောင်း တိုင်းရင်းသား ကိုယ်စား လှယ် ဒေါက်တာအေးမောင်ပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၇

၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ တို့ကို အဓိကထား ဆွေးနွေး သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် တိုင်းရင်းသား ပါတီများက လျှို့ဝှက် မဲပေးစနစ်ဖြင့် တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည့် ရခိုင် အမျိုးသားပါတီဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာအေးမောင်က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာ သံတော်ဆင့် သို့ ပြောသည်။
ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်တွင် တိုင်းရင်းသား ပါတီကိုယ်စားလှယ် ၂ ဦးစီကို ခေါ်ယူ တွေ့ဆုံခဲ့ပြီး ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲတွင်
တိုင်းရင်းသားများက ပါဝင်စေလိုသည့် ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ပေးရန် တောင်းဆိုခဲ့ရာ ၂၆ ရက်နေ့ ညနေတွင် တိုင်းရင်းသား ပါတီများ တွေ့ဆုံ ညှိနှိုင်းခဲ့သော်လည်း ရွေးချယ်နိုင်ခြင်း မရှိခဲ့ပေ။ ယင်းနောက် နိုဝင်ဘာ ၂၇ရက် နံနက်တွင် လျှို့ဝှက် မဲစနစ်ဖြင့် ဆက်လက် ရွေးချယ်နိုင်ခဲ့ရာ မဲအများဆုံး ရရှိသူ ဒေါက်တာ အေးမောင်အား တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
““အကြောင်းအရာကတော့ ကျွန်တော်တို့ ညှိရမှာပေါ့။ ကျွန်တော် မှန်းတာကတော့ (၁) ချက် တိုင်းရင်းသား တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖွဲ့စည်းပုံမှာ ပိုပြီးပါလာအောင် လုပ်မယ်။ (၂)က ပြည်ထောင်စု တစ်ခုလုံးနဲ့ ပတ်သက်တဲ့ ၄၃၆ အပါအ၀င် တခြားပုဒ်မတွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြ မယ်။ (၃)အချက်က အနာဂတ် အစိုးရနဲ့ လက်ရှိ ပြည်ထောင်စု လွှတ်တော်နဲ့ အဆင်ပြေဖို့အတွက် သဟဇာတ ဖြစ်ရေးတွေ ပေးမယ်”” ဟု ဒေါက်တာအေးမောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
၆ ပွင့်ဆိုင် ဆွေးနွေးပွဲတွင် တိုင်းရင်းသား ကိုယ်စားလှယ်ဘက်မှ ဆွေးနွေးမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ““ကျွန်တော့် အနေနဲ့ ကတော့လေ။ ဒီခြောက်ပွင့်ဆိုင်ဆိုတဲ့ တွေ့ဆုံဆွေးနွေးမှုကို သိပ်ပြီးတော့ မသိဘူးပေါ့။ ကျွန်တော်တို့ သဘောထား ရပ်တည်ချက်ကတော့ ၃ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးကို ရှေ့ထား ခဲ့တာလေ။ တော်ကြာနေ ၅ ပွင့်ဆိုင် ပြောလိုက်၊ ၆ ပွင့်ဆိုင် ပြောလိုက်၊ ၄ ပွင့်ဆိုင် ပြောလိုက်။ ကျွန်တော်တို့က ဘယ် အခြေခံ အောက်မှာများ ၆ ပွင့်ဆိုင်နဲ့ သွားမလဲဆိုတာ တိတိပပတော့ မသိဘူး။ ကျွန်တော် နားလည်ရတဲ့ ၆ ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရေး သဘောကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ နည်းနည်းများမယ် ထင်သလားလို့”” ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေ အတွင်းရေးမှူး ဦးခူဦးရယ်က မှတ်ချက်ပြု ပြောဆိုသည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment