Saturday, November 29, 2014

မြန်မာစစ်ခေါင်းဆောင် ၆ပွင့်ဆိုင်တွေ့ဆုံဖို့ ငြင်းပြီ

ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ဖို့ ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားချက် သမ္မတက ငြင်းပယ်ပြီး ၃ရက်အကြာ နိုဝင်ဘာ ၂၉ရက်နေ့မှာ မြန်မာစစ်တပ်ခေါင်းဆောင်က ၆ပွင့်ဆိုင် တွေ့ဆုံဖို့ကို ငြင်းဆိုလိုက်ပါတယ်။
ကရင့်အမျိုးသားအစည်းအရုံးနဲ့ နေပြည်တော်မှာ တွေ့ဆုံချိန် ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို လက်မခံတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ KNU အဖွဲ့က မန်းငြိမ်းမောင်က ဝါရှင်တန်အခြေစိုက် RFA ရေဒီယိုကို ပြောဆိုခဲ့ပါတယ်။ ၆ပွင့်ဆိုင်ထက်စာရင် အဖွဲ့အစည်းအားလုံးကို ကိုယ်စားပြုတဲ့ တွေ့ဆုံမှုမျိုးကိုသာ လိုလားတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

KNU ဗဟိုအလုပ်အမှုဆောင် မန်းငြိမ်းမောင်က “၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ကာကွယ်ရေးဦးစီးချုပ်က လက်မခံပါဘူးခင်ဗျ။ အကုန်လုံးပါဝင်ပတ်သက်တဲ့ သူတွေအားလုံး တွေ့ဆုံမှသာလျှင် ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ သူအလေးအနက်ထားပြီး ပြောပါတယ်”လို့ RFA ကို ပြောဆိုခဲ့ပြီး မြန်မာစစ်တပ်အနေနဲ့ ဖွဲ့စည်းပုံပြင်ဖို့ သမ္မတနဲ့ သဘောထားတူညီတယ်လို့ ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
မြန်မာသမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ၆ပွင့်ဆိုင် တွေ့ဆုံဖို့ ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းတာဟာ ပုဂ္ဂိုလ်ရေးပေါ်အခြေခံနေပြီး သူတို့က အဖွဲ့အစည်းတွေအပေါ်ကိုသာ အခြေခံ တွေ့ဆုံလိုတယ်လို့ သဘောထားပေးခဲ့ပါတယ်။
အဖွဲ့အစည်းကိုသာ အခြေခံတယ်လို့ ရည်ညွှန်းပြောဆိုနေတဲ့ ၁၄ပွင့်ဆိုင် တွေ့ဆုံမှုကနေ အခြားနိုင်ငံရေး အင်အားစုတွေ ပါဝင်ဖို့ ဖိတ်ခေါ်သွားမယ်ဆိုတဲ့ သမ္မတရဲ့ ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန် ပြောဆိုချက်ဟာ ၄ပွင့်ဆိုင်ဖြစ်စေ၊ ၆ပွင့်ဆိုင်ဖြစ်စေကို လုံးဝမလုပ်လိုတဲ့ သဘောထားတွေကို ထုတ်ဖော်ခဲ့ပါတယ်။
လွှတ်တော်ရဲ့တိုက်တွန်းချက်အပေါ် တရားဝင် သဝဏ်လွှာတွေပေးပို့တာမျိုး မလုပ်ခင် သမ္မတပြောခွင့်ရသူရဲ့ ပြောဆိုချက်တွေဟာ ဘောင်ကျော်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက တုံ့ပြန်ခဲ့ပြီး တစ်ရက်အကြာမှာ သမ္မတဦးသိန်းစိန်နဲ့ တစ်ဂိုဏ်းတည်းလို့ အများက ယူဆနေတဲ့ မြန်မာစစ်တပ်အကြီးအကဲကလည်း ၆ပွင့်ဆိုင်ကို ယတိပြတ် ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

Credit - Kamayut Media

No comments:

Post a Comment