ရန်ကုန်၊ နိုဝင်ဘာ ၂၆
တပ်မတော်၏ သတင်းအချက်အလက်များ
ထုတ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ သတင်းမီဒီယာ သမားများနှင့် တပ်မတော်မှ
တာဝန်ရှိသူများ ယခုရက်ပိုင်းအတွင်း ရန်ကုန်၌ အလုပ်ရုံ ဆွေးနွေးပွဲ
ပြုလုပ်မည် ဖြစ်ကြောင်း စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဖေမြင့်က
နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။
စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ နိုဝင်ဘာ ၂၃ ရက်တွင် တပ်မတော်၏
သတင်းအချက်အလက်များ ထုတ်ပြန်နိုင်ရေးနှင့် ပတ်သက် ၍ နေပြည်တော်၌ တွေ့ဆုံစဉ်
ယခုကဲ့သို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
““တပ်မတော်နဲ့ဆိုင်တဲ့
သတင်းတွေကို မီဒီယာသမားတွေ ရရှိရေးပေါ့ဗျာ။ သူတို့ကလည်း သတင်းတွေကို
မှန်မှန် ကန်ကန် မြန်မြန်ဆန်ဆန် ဖြန့် ချိနိုင်ရေး။ မီဒီယာသမားဘက်ကလည်း
အဲဒီလို ရရှိရေး အဲဒီအတွက် ဘယ်လိုလုပ်ကြမလဲဆိုတာ ဆွေးနွေးတော့
များမကြာမီမှာ Work Shop တစ်ခု လုပ်မယ်။ တပ်မတော်ဘက်က
သတင်းပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေပေါ့ဗျာ။
ရန်ကုန်မှာပဲ။ ဘယ်လို နည်းလမ်းတွေ နဲ့ ဆောင်ရွက်မလဲ”” ဟု စာနယ်ဇင်းကောင်စီ
(ယာယီ)အဖွဲ့ဝင် ဦးဖေမြင့်က မြန်မာသံတော်ဆင့် သို့ ပြောသည်။
အောက်တိုဘာလ အတွင်းတွင်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်
စာနယ်ဇင်းကောင်စီ (ယာယီ)တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး တပ်မတော်ဘက်မှ
သတင်း အချက်အလက်များ ထုတ်ပြန်ရန် တပ်မတော် အရာရှိ ၃ ဦးအား တာဝန်
ပေးခဲ့သော်လည်း ယခုအချိန်အထိ သတင်းမီဒီယာများအနေဖြင့် တပ်မတော်ဘက်မှ သတင်း
အချက်အလက်များ ရရှိရန် ခက်ခဲလျက်ရှိကြောင်း ဝေဖန်မှုများ ရှိနေသည်။
တပ်မတော်မှ အရာရှိများနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲ မတိုင်မီ
မီဒီယာအသီးသီးမှ ပုဂ္ဂိုလ်များ အကြို တွေ့ဆုံသွားမည်ဖြစ်သည်။
““အရင် ၃
ယောက်ကိစ္စပါ အပါအ၀င် သန်ဘက်ခါကျရင် အားလုံးပါမယ်။ လာတက်လိုက်လေ။ လာတက်ရင်
အားလုံးသိရပြီပေါ့”” ဟု စာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိယဥက္ကဋ္ဌ ဖိုးသောကြာ
(ခေတ်+မိုး)က မြန်မာ သံတော်ဆင့်သို့ ပြောသည်။
အဆိုပါကိစ္စနှင့်
ပတ်သက်၍ ပြည်တွင်းထုတ် သတင်းစာဂျာနယ် များ၌ ဆောင်းပါးများ ရေးသားသူ ဆရာ
စည်သူအောင်မြင့်က““ပထမ တစ်ခေါက်တည်းက ကာကွယ်ရေး ဦးစီးချုပ်လည်း တရားဝင်
ပြောဖူးတယ်။ သူတို့တွေက လောလောဆယ်မှာ ဘယ်လို ဖြစ်နေလဲဆိုတော့ မီဒီယာအပေါ်
သူတို့စိုးရိမ်တယ်။ စိုးရိမ်တယ် ဆိုတာက သူတို့က သတင်းကို ထုတ်ပြန်ပေးတယ်။
တစ်ဖက်က လိုရာဆွဲတာတို့ နောက်မလိုလား အပ်တာ ဖြစ်စေတယ်ဆိုပြီး
ထိန်းထိန်းသိမ်းသိမ်း လုပ်တာပေါ့နော်။ ဒါပေမဲ့ ပြောင်းလဲလာတဲ့
အခြေအနေအောက်မှာ တော့ သူတို့သတင်းတွေ ဘာတွေ ထုတ်ပြန်ပေးဖို့
စဉ်းစားပြင်ဆင်တာပေါ့။ သူတို့ ခုတွေ့ကြ ဆုံကြမယ်ဆို တာက သတင်းကို ဘယ်လို
ထုတ်ပြန်ပေးမယ် ဘာညာမဟုတ်ဘူး။ နှစ်ဖက် အပြန်အလှန် ညှိကြမယ့် သဘောရှိတယ်””ဟု
မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment