Friday, November 28, 2014

လူနှင့် မူ

ကိုယ့်အိမ်နီးချင်းတစ်ဦးက နေ့ချင်းညချင်း ချမ်းသာသွားပြီး ကိုယ့်အနေအထားက ဆင်းရဲသည်ထက် ဆင်းရဲကာ အခြေအနေ ဆိုးရွားသည်ထက် ဆိုးရွားသွားလျှင် စိတ်ထဲတွင် မည်သို့ ခံစားရမည်နည်း။ ခံပြင်းစိတ်တွေ ဝင်မိပေလိမ့်မည်။

အိမ်နီးချင်းနိုင်ငံများ အားလုံး ဖွံ့ဖြိုးတိုးတက်ကုန်ကြသည်။ ဗီယက်နမ်နိုင်ငံသည် အာရှတွင် ကျားစာရင်းဝင်ရန် တာစူနေသည်။ ထိုနိုင်ငံသည် စစ်ဘေးစစ်ဒဏ်ကြောင့် ပြာပုံဘဝ ရောက်ခဲ့ရသည်။ နှစ်နိုင်ငံကွဲပြီး စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ယူရသည့် နိုင်ငံက နေ့ချင်းညချင်း ရှေ့တန်းရောက်သွားသည်။

၁၉၄၈ ခုနှစ်ကတည်းက လွတ်လပ်ရေး ရခဲ့သော မြန်မာနိုင်ငံကြီးသည် စစ်မီးများ၊ နိုင်ငံရေး အကွဲအပြဲများနှင့် တပ်မတော်က ထိန်းသိမ်းခြင်းများ အကြိမ်ကြိမ် ခံလိုက်ရသည့် နိုင်ငံရေး မတည်ငြိမ်မှုများကြားတွင် သံသရာလည်နေဆဲ ဖြစ်သည်။ ပြည်တွင်းစစ်မီးက နှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင် မငြှိမ်းသတ်နိုင်သေး။ တိုင်းရင်းသားလူမျိုးများ ရင်ထဲတွင် စူးနေသော ဆူးများကို ယနေ့တိုင် မနုတ်နိုင်သေးသဖြင့် လွှတ်လိုက်သော ချိုးဖြူငှက်တိုင်းသည် ယမ်းငွေ့နှင့် မီးခိုးမှိုင်းများကြားတွင် ပြုတ်ကျ သေဆုံးနေကြရသေးသည်။

မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်ကို လွန်မြောက်ပြီး ဒီမိုကရေစီ လမ်းပေါ်သို့ လျှောက်နေခဲ့သည်မှာ သတ်မှတ်ထားသည့် သမ္မတသက်တမ်း တစ်ခု ကုန်လုလု ဖြစ်လာပြီ။ နိုင်ငံတကာတွင် အာဏာရှင်စနစ်သည် အလုပ်မဖြစ်တော့သည်ကို သိလာသောကြောင့် အာဏာရှင်တို့ နောက်ဆုတ်သော ကာလဟုဆိုစေ ဒီမိုကရေစီကလည်း ထင်သလောက် တိုးတက်လာပြီဟု မပြောနိုင်သည့် အနေအထားကို ရောက်နေသည်။ အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေပြီး ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်နေသော အစိုးရများကို နောက်ကြောင်း ပြန်မလှည့်ပါစေနှင့်ဟုသာ ဆုတောင်းနေကြရသည့် အချိန်ဟု ဆိုရမည် ဖြစ်သည်။

လူမှုဗေဒပညာရှင်များက နိုင်ငံရေးစနစ် ဆိုသည်မှာ လူမှုဘဝကို မောင်းနှင်ပေးသည်ဟု ဆိုကြသည်။ သို့သော် လက်တွေ့ဘဝတွင် ဒီမိုကရေစီသည် အာဏာရှင်နှင့် ငွေရှင်ကြေးရှင် လူတန်းစားကို ကျော်လွှားလွှမ်းမိုးနိုင်သည့် အဆင့်တွင် မရှိသေးပေ။ နိုင်ငံရေးနှင့် ဘာသာရေးကို ရောစွက်ပြီး ထိန်းချုပ်ထားသည့် နိုင်ငံများက ပိုဆိုးသည်။ နိုင်ငံရေးသည် သူတို့အတွက် ရွေးချယ်ခွင့်မရှိသော လမ်းကြောင်းပေါ်တွင် ကျရောက်နေသည်။

ပြည်သူတွေက အစိုးရကို မျှော်ကိုးကြသည်။ အစိုးရ လုပ်ပေးနိုးနိုး မျှော်ကိုးရင်းက နောက်အစိုးရ လက်ထက်တွင်မှ အကောင်အထည်ဖော်ကြပါ ဆိုသော ချွေးသိပ်မှုကိုသာ ရလိုက်ကြသည်။ တိုင်းပြည်က ဆင်းရဲတွင်းလွတ်ပြီဟု မပြောနိုင်သေးသည့် အချိန်တွင်ပင် လွှတ်တော်ထဲတွင် တိုးမြှင့်လစာများ ခံစားရေးကို ဆွေးနွေးကြသည်။ နိုင်ငံရေးသမား အမတ်များဘက်က တိုင်းပြည်ဆင်းရဲသဖြင့် ထိုငွေကို မခံစားသင့်ကြောင်း တညီတညွတ်တည်း ကန့်ကွက်သံများ မကြားခဲ့ရခြင်းက မြန်မာ့နိုင်ငံရေးသည် ပတ်စာခွာ ဖျာသိမ်းချိန်အထိ ကိုယ်ကျိုးသာကြည့်သော အများစုနောက်ကို ပါသွားကြောင်း ထင်ရှားလှသည်။

ဒီမိုကရေစီ ရေစီးကြောင်းသည် ပိတ်ထား၍ မဖြစ်နိုင်လောက်အောင် အားကောင်းလာသောကြောင့် အာဏာရှင်များက ဖွင့်ပေးခဲ့ရခြင်း ဖြစ်သည်။ အင်အားကောင်းလာသော ရေစီးကြောင်းကို ဆက်လက်ထိန်းထားပြီး ပွင့်ကွဲသွားလျှင် ထိန်းမနိုင်သိမ်းမရ ပြည်သူတွေက လက်စားချေတတ်သည့် သာဓကများကို နိုင်ငံတကာ အတွေ့အကြုံများက လက်တွေ့သာဓက ပြပေးထားခဲ့ပြီး ဖြစ်သည်။

အာဏာရှင်အုပ်ချုပ်မှုများ ဆက်လက်အားကောင်းနေသည့် အာဖရိကကဲ့သို့သော နိုင်ငံများတွင် နိုင်ငံရေးပဋိပက္ခနှင့် ခွဲထွက်ရေးများကြောင့် ဆူပူမငြိမ်သက်မှုများနှင့် အာဏာသိမ်းပွဲများကို ဆက်တိုက်ကြုံတွေ့နေကြရသည်။ သို့သော် စစ်တပ် နောက်ခံဖြင့် ဗဟိုဦးစီးချုပ်ကိုင်မှုကို လုပ်ဆောင်နိုင်ခြင်းကြောင့် တိုင်းပြည်ကို ဆက်လက်စိုးမိုးထားနိုင်ဆဲ ဖြစ်သည်။ ရလဒ်မှာ အကျင့်ပျက်ခြစားခြင်း၊ အတိုက်အခံများကို ဖိနှိပ်ခြင်းနှင့် စီးပွားရေး ချုပ်ကိုင်ခြင်းများဖြင့်သာ နိဂုံးချုပ်ခဲ့ကြရသည်။

ဗီယက်နမ်ကို ကွန်မြူနစ်အာဏာရှင်နိုင်ငံဟု ထင်ထားခဲ့သမျှ လွဲသွားရသည်။ ကွန်မြူနစ် အာဏာရှင်များကလည်း ပြုပြင်ပြောင်းလဲနိုင်သော ပေါ်လစီဖြင့်သာ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နိုင်ကြောင်း လက်တွေ့ပြနိုင်ခဲ့သည်။ လူအရေးကြီးသလား၊ မူအရေးကြီးသလား ပြန်လည်သုံးသပ်သင့်ပြီဟု ထင်ပါသည်။

အယ်ဒီတာ (၂၇-၁၁-၂၀၁၄)

---------------------------
Editorial, The Voice Daily Vol-2/No-196 (#voiceeditorial)

Credit - The Voice Weekly



 

No comments:

Post a Comment