Tuesday, November 25, 2014

ဂျော့အောဝဲ ပေးခဲ့တဲ့ သင်ခန်းစာ

(ကျော်ဗလ)

စာရေးဆရာ ဂျော့အောဝဲရေးတဲ့ “Animal Farm” ကို ဖတ်ပြီးတော့ ဒီစာရေးဆရာကြီးတွေဟာ အနာဂတ်ကို ဘာဖြစ်လို့များ ကြိုမြင်ပြီးတော့ လှောင်နိုင်စွမ်း ရှိရသလဲ ဆိုတာကို အံ့သြမိပါတယ်။ ကျွန်တော် ဒီစာအုပ်ကို ဖတ်ပြီးတော့ ဂျော့အောဝဲ အဓိက ပြောချင်တာ ဘာလဲဆိုတာကို ဆန်းစစ်ကြည့်မိတယ်။
သူပြောချင်တာကတော့ ရှင်းရှင်းလေးပါ။ “တန်းတူညီမျှမှုဆိုတာ နေရာတိုင်းမှာ မရှိနိုင်ဘူး” ဆိုတဲ့ Message ကို ရလိုက်တာပါပဲ။ ဘယ်သူပဲဖြစ်ဖြစ် အာဏာရလိုက်တာနဲ့၊ အာဏာကို လက်ကိုင်ထားလိုက်တာနဲ့ အာဏာကို အလွဲသုံးစားလုပ်ဖို့ ဝန်မလေးဘူး ဆိုတာကို သူက ပြောချင်တာ ဖြစ်ပါတယ်။ လူတိုင်း
အာဏာရချင်ကြတယ်။ အာဏာရဖို့လည်း နည်းမျိုးစုံ ကျင့်သုံးတတ်တယ်။ ငွေရှိသူက ငွေနဲ့၊ လက်နက်ရှိတဲ့သူက လက်နက်နဲ့၊ သြဇာရှိတဲ့သူက သြဇာနဲ့ အာဏာကို ရအောင် လုပ်တတ်ကြတယ်။ အပျော့ဆွဲနဲ့ အကြမ်းဖက်နည်း နှစ်နည်းပဲကွာမယ်။ အာဏာကို ရလိုစိတ်နဲ့ ငမ်းငမ်းတက် ကြိုးပမ်းကြတာတော့ အားလုံးတူညီကြပါတယ်။
ဘယ်လောကမှာမဆို ခေါင်းဆောင်ဆိုတာ ရှိတယ်။ နောက်လိုက်ဆိုတာလည်း ရှိတယ်။ ခေါင်းဆောင်နဲ့ နောက်လိုက်ဆိုတာ အဆင့်အတန်းချင်းလည်း ကွာတယ်။ အနေအထားလည်း ကွာတယ်။ ဒါကြောင့် ခေါင်းဆောင်နဲ့နောက်လိုက် တန်းတူအခွင့်အရေး ရဖို့ဆိုတာ မလွယ်ပါဘူး။ မည်သည့် လူ့ဘောင်အဖွဲ့အစည်းမှာမဆို တန်းတူညီမျှ သို့မဟုတ် သာတူညီမျှဆိုတာ အပြောသာရှိပြီး လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူ့ဘောင်အဖွဲ့အစည်း ဆိုတာ လူပေါင်းများစွာနဲ့ ဖွဲ့စည်းထားရတာ ဖြစ်ပြီးတော့ လူတိုင်းလူတိုင်း ခံယူချက်၊ သဘောထား၊ အတွေးအမြင် အားလုံး တစ်သမတ်တည်း တူညီမှု မရှိနိုင်ကြတာကြောင့် ဖြစ်ပါတယ်။ အရာရာတိုင်းမှာ အနည်းဆုံး ဘက်နှစ်ဖက်အမြင် ဆိုတာ ရှိနိုင်ပါတယ်။ ဒါကြောင့်လည်း ကိုယ်မှန်တယ် ထင်ထားတဲ့ အကြောင်းအရာတစ်ခုဟာ ကိုယ်ထင်တာပဲ ဖြစ်ပြီးတော့၊ အခြားတစ်ယောက် အတွက်ကတော့ အမှန်တရား ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မယ်။
Animal Farm ဝတ္ထုထဲမှာ တိရစ္ဆာန် မွေးမြူရေးခြံကြီး တစ်ခုထဲက ဝက်နှစ်ကောင်ဖြစ်တဲ့ စနိုးဘောနဲ့ နပိုလီယန်တို့ဟာ ခြံကြီးကို အာဏာသိမ်းပြီး ထိန်းချုပ်နိုင်ရေးအတွက် အပြန်အလှန် ကြိုးစားနေကြပါတယ်။ သူတို့ဟာ တိရစ္ဆာန်များရဲ့ ခေါင်းဆောင်တွေ ဖြစ်ချင်နေကြသူတွေပါ။ ဘာကြောင့် ခေါင်းဆောင်ဖြစ်ချင်ကြရသလဲ ဆိုတော့ ခေါင်းဆောင်ဖြစ်ရင် အထူးအခွင့်အရေး ရတယ် ဆိုတာကို သဘောပေါက်ထားကြလို့ ဖြစ်ပါတယ်။
ခြံထဲမှာလည်း ခပ်စွာစွာနဲ့ တွင်ကျယ်နေတာက ဝက်တွေဖြစ်ပါတယ်။ ဝက်တွေ စိုးမိုးထားတဲ့အတွက် ခြံထဲက အလုပ်တွေကို ဝက်မျိုးတွေက နည်းနည်းပဲ လုပ်ရတယ်။ ကျန်တိရစ္ဆာန်တွေကတော့ ကျွန်တွေလို လုပ်ကိုင်ကြရတယ်။ ခေါင်းဆောင်ပိုင်းက ရောက်နေတဲ့ ဝက်တွေရဲ့ စကားတစ်ခွန်းက တန်ဖိုးရှိတယ်။ သူတို့အလုပ်က လွတ်စေလို့ ပြောလိုက်တာနဲ့ အလုပ်မလုပ်ရအောင် တစ်ချက်လွှတ် အမိန့်ထုတ်လိုက်သလို ဖြစ်တာကြောင့် ခေါင်းဆောင်ဝက်တွေကို ကပ်ဖားပြီး နေရတဲ့ အကောင်တွေလည်း ရှိတယ်။
ဝက်တွေက အလုပ်ကို နည်းနည်းလုပ်ပြီး အစားကိုတော့ များများစားကြရတယ်။ ခြံထဲမှာ အစာတွေ ပြတ်လပ်ပြီး အားလုံးသော တိရစ္ဆာန်တွေကို ခွဲတမ်းလျှော့ပေမယ့် ခေါင်းဆောင်ပိုင်း ဝက်တွေနဲ့ ဝက်တွေကိုဖားပြီး စားသောက်နေတဲ့ ခွေးတွေကတော့ ပုံမှန်အတိုင်းပဲ စားသောက်နေထိုင်နိုင်ကြတယ်။ ဒါကြောင့် အလုပ်မလုပ်ဘဲ ခံစားခွင့်အပြည့်ရတဲ့ သူတွေ ရှိနေတာကြောင့် ခြံထဲမှာ တန်းတူညီမျှမှုဆိုတာ ဘယ်မှာရှိတော့မှာလဲ။ ဂျော့အောဝဲ ပြောချင်တာကတော့ ဘယ်နေရာမှာမဆို အလုပ်မလုပ်ဘဲ အချောင်စားချင်တဲ့သူတွေ ရှိနေတဲ့ နေရာမှာ တန်းတူညီမျှမှုဆိုတာ မရှိနိုင်ဘူး။ ဒါကြောင့် ခေါင်းဆောင်ဆိုတာကို အာဏာများများစားစား ကိုင်တွယ်အသုံးချနိုင်စွမ်း မရှိအောင်လုပ်မှ နောက်လိုက်နဲ့ တန်းတူညီမျှမှု ရှိနိုင်မယ်လို့ ဆိုပါတယ်။ လူတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခု ဖြစ်စေ အာဏာကို လက်ထဲမှာ ဆုပ်ကိုင်လိုက်တာနဲ့ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး ကောင်းမွန်စွာ စီမံအုပ်ချုပ်နိုင်စွမ်း မရှိတော့ပါဘူး။
ခေါင်းဆောင်လုပ်သူတွေ အာဏာရလာရင် ကိုယ်ကျိုးရှာတော့တာပဲ။ အာဏာဟာ ခေါင်းဆောင်လုပ်သူကို ဆုံးဖြတ်ပိုင်ခွင့်တွေ ရစေတယ်။ ဆုံးဖြတ်ပိုင်ခွင့်ကို ရလာတဲ့ ခေါင်းဆောင်တွေဟာလည်း ရထားတဲ့ အာဏာနဲ့ ကိုယ်ကျိုးကို ယှဉ်ပြီး ဆုံးဖြတ်တတ်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။ အာဏာလက်ကိုင်ထားတဲ့ ဝက်တွေဟာ ငွေရရင် ဘာမဆို လုပ်ရဲကိုင်ရဲ သတ်ရဲ ဖြစ်လာတယ်။ အာဏာရှိတာကြောင့် သူတို့ကိုယ်တိုင်က သတ်ဖို့ ဆုံးဖြတ်ချက်ကို သူတို့ဘာသာချပြီး သတ်မိန့်ပေးတဲ့အထိ လုပ်ဆောင်လာကြတယ်။ တစ်ခြံတည်းမှာ ရှိနေတဲ့ တိရစ္ဆာန်တွေထဲက အစပျောက်သွားရသူတွေ တစ်ကောင်ပြီး တစ်ကောင် ဖြစ်လာတယ်။ ဒါကြောင့် အာဏာဟာ ရွှေ၊ အာဏာဟာ ငွေ၊ ရွှေရှိရင် အာဏာရှိတယ်။ ငွေရှိရင် အာဏာရှိတယ်။ အာဏာရှိရင် ခေါင်းဆောင်ဖြစ်တယ်။ ခေါင်းဆောင်ဖြစ်ရင် ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိတယ်။ ဆုံးဖြတ်ချက်ဟာ ရွှေလည်းဖြစ်နိုင်တယ်။ ငွေလည်းဖြစ်နိုင်တယ်။ ဒါကြောင့် ခြံထဲမှာ ဥပဒေတစ်ခုထုတ်ရင် ဝက်တွေအတွက် ခြွင်းချက်ဖြစ်နေတတ်တယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရ ဆိုပေမယ့် အောက်ကမှတ်ချက်မှာ “ဝက်တွေကလွဲ၍” ဆိုပြီး မှတ်ချက်ထည့်ထားတာမျိုးကို Animal Farm မှာ တွေ့နေရတယ်။
ဝက်တွေဟာ ခြံကြီးမှာ အာဏာရှင်ပုံစံနဲ့ အုပ်စိုးလာတာကို တိရစ္ဆာန်တွေက လက်မခံတော့ဘူး။ ဒါကြောင့် တော်လှန်ရေးတွေ လုပ်ဆောင်လာကြတယ်။ ဂျော့အောဝဲ ပေးတဲ့ သင်ခန်းစာကတော့ ခေါင်းဆောင်ဆိုတာ အကျိုးအမြတ်အတွက် အာဏာကို အလွဲသုံးစားလုပ်ရင် ကျဆုံးရမယ်လို့ ဆိုထားတယ်။ ဘယ်သူမဆို ယုံလွယ်ရင် လှည့်စားခံရတတ်တယ်။ အပြောကောင်းကောင်း ပြောတတ်သူတွေကို လူတွေက ယုံလွယ်တယ်။ ယုံလိုက်ပြီး ပုံအပ်လိုက်တာနဲ့ အဲဒီယုံတဲ့ သူတွေကို ပုံကျသွားအောင် လုပ်ပစ်တတ်တာ ခေါင်းဆောင်ဆိုတဲ့သူတွေ ဖြစ်နေတာကို သတိပြုသင့်တယ်။
ခေါင်းဆောင်အဖြစ် နေရာရလာသူတွေဟာ စေ့စပ်ဆွေးနွေးဖို့ ဆိုတာမျိုးတွေကို လက်မခံတော့ဘူး။ ဇာတ်လမ်းထဲမှာ နပိုလီယံဆိုတဲ့ ဝက်ဟာ ဘယ်တော့မှ မေးခွန်းပြန်ထုတ်တာကို လက်မခံဘူး။ သူပြောတာ အမိန့်၊ သူပြောတာ ဥပဒေပဲ။ ဒါကြောင့် ကပ်ဖားတွေက “ခေါင်းဆောင်ကြီးက ဒီလိုပြောတယ်ဆိုရင် အဲဒါအမှန်တရားပဲ” လို့ လက်ခံကျင့်သုံးလာကြတယ်။ ဂျော့အောဝဲ ပြောတဲ့ ခြံကြီးထဲမှာ ပြန်မပြောနဲ့။ ခိုင်းတာလုပ်၊ အမိန့်အတိုင်းလုပ်၊ ခေါင်းဆောင်ကြီး ပြောတဲ့အတိုင်းလုပ် ဆိုတဲ့ ခေါင်းဆောင်ကိုးကွယ်မှုကနေ ထွက်ပေါ်လာတဲ့ အကျိုးတရားတွေကို တိရစ္ဆာန်တွေ ခံစားကြရတယ်။
ကျွန်တော် ဂျော့အောဝဲရဲ့ Animal Farm ကို ဖတ်ပြီးတော့ သက်ပြင်းအကြိမ်ကြိမ် ချလိုက်မိတယ်။ ဒီစာအုပ်ကို ၁၉၄၅ ခုနှစ်လောက်က ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ပေါင်း ၇၀ လောက် ကြာသွားတဲ့ အတွေးအခေါ်လို့ ဆိုရမှာပေါ့။ ဒါပေမဲ့ ဂျော့အောဝဲက ပေးခဲ့တဲ့ အာဏာရှင်ကို ဆုံးဖြတ်ပိုင်ခွင့်တွေနဲ့ ယုံမှတ်ပြီး ပုံအပ်လိုက်ရင် ဘာတွေ ဖြစ်သွားနိုင်သလဲ ဆိုတာကို သူခန့်မှန်းခဲ့တာတွေဟာ ခေတ်သစ်မှာလည်း မှန်နေတာပဲ။ သူပြောစဉ်က ကွန်မြူနစ်လူ့ဘောင်ကြီးကို သရော်သယောင်ယောင် ပြောခဲ့တယ်လို့ ထင်ရပေမယ့် ဒီမိုကရေစီ လူ့ဘောင်မှာလည်း အာဏာနဲ့ အဆုံးအဖြတ်တွေကို လူတစ်ဦး သို့မဟုတ် လူတစ်စုလက်ထဲ ထည့်လိုက်တဲ့အတွက် ရခဲ့တဲ့ သင်ခန်းစာတွေက နာကြည်းစရာ ကောင်းလှတယ်။ ဒါကြောင့် ဂျော့အောဝဲ ရေးခဲ့တဲ့ Animal Farm ကို လူတွေမဖတ်ကြတာလား၊ ဖတ်ပြီး နားမလည်တာလား ဆိုတာကို ကျွန်တော်တော့ စဉ်းစားလို့မရဘူး။
---------------------------
(ဤကဏ္ဍတွင် ဖော်ပြချက်များသည် စာရေးသူ၏ အာဘော်သာဖြစ်ပြီး The Voice Daily ၏ အာဘော် မဟုတ်ပါ)

Credit - The Voice Weekly

No comments:

Post a Comment