Friday, November 28, 2014

တိုင်းပြည်ဖွံ့ဖြိုးရေး အသုံးစရိတ်ထက် နိုင်ငံ့ဝန်ထမ်းလစာ ပိုသုံးနေမှု အပေါ် ပြည်ထောင်စုဝန်ကြီး ထောက်ပြဆွေးနွေး

ရန်ကုန်၊ နိုဝင်ဘာ ၂၇
နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ခလစာ၊ ထောက်ပံ့ကြေးများဖြစ်သည့် အစိုးရ၏ သာမန် အသုံးစရိတ်တိုးမြှင့် လိုခြင်း ကြောင့် တိုင်းပြည် အနာဂတ်အတွက် အဓိကကျသည့် ဖွံ့ ဖြိုးရေး လုပ်ငန်းသုံး ငွေလုံးငွေရင်း အသုံးစရိတ် ကို လျှော့ချမည်ဆိုပါက တိုင်းပြည်ဝင်ငွေနှင့် အနာဂတ် စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းပြီး စီးပွားရေး ကျဆင်းမှုသို့ ဦးတည် သွားနိုင်ကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်၌ အရေး တကြီးအဆို တင်သွင်းမှုနှင့် ပတ်သက်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပြည်ထောင် စုဝန်ကြီး ဒေါက်တာကံဇော်က ရှင်းလင်းခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက ပြည်ထောင်စု လွှတ်တော်နှင့် ပြည်ထောင်စု
အစိုးရအဖွဲ့၏ လစာစရိတ်များ တိုးမြှင့်မှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးနောက်တွင် အကောင်အထည် ဖော်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မည်သို့စီမံ ဆောင်ရွက်ထားကြောင်း အရေးကြီးအဆို တင်သွင်းခဲ့ရာတွင် ယင်းအဆိုနှင့် ပတ်သက်၍ ၀န်ကြီးက ဆက်စပ် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
““သာမန်အသုံးစရိတ် တိုးမြှင့် လိုခြင်းကြောင့် ငွေလုံးငွေရင်း အသုံးစရိတ် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုကို လျှော့ချမည် ဆိုလျှင် GDP တိုင်းပြည်ဝင်ငွေ ကျဆင်းမှာဖြစ်ပြီး တိုင်းပြည်၏ အနာဂတ် စီးပွားရေးတိုး တက်မှုနှုန်း ကျဆင်း မှာဖြစ်၍ စီးပွားရေးကျဆင်းမှု (Recession) သို့ ဦးတည် သွားနိုင် ပါကြောင်း”” ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ကံဇော်က ရှင်းလင်းသည်။
နိုင်ငံတော် အနေဖြင့် နိုင်ငံဝန်ထမ်းများ၏ လုပ်ခလစာ၊ ထောက်ပံ့ငွေ များဖြစ်သည့် သာမန်အသုံး စရိတ်မှာ အစိုးရ အသုံးစရိတ်၏ ၆၈ ရာခိုင်နှုန်း အသုံးပြုနေပြီး တိုင်းပြည် ဖွံ့ဖြိုးရေးအတွက်ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု၊ အကြီး စား ပြင်ဆင်ထိန်းသိမ်းမှု ကဏ္ဍများ ပါဝင်သည့် ငွေလုံးငွေရင်း အသုံးစရိတ်ကိုမူ ၃၂ ရာခိုင်နှုန်းသာ အသုံးပြု ထားသည်။
ယင်းအဆိုနှင့် ပတ်သက်၍ ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကလည်း ““ကျွန်တော်တို့ရဲ့ လူဦးရေဟာ (၅၁)သန်းကျော် ရှိတဲ့အထဲမှာ ကျန်သောသန်း(၅၀)သော ပြည်သူလူထုရဲ့ ထိခိုက် ပတ်သက်မှုကို အဓိကထား စဉ်းစားနေပါတယ်။ ယခင်က တိုးပေးခဲ့တဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ ပေးကားပေး၏မရ။ တိုးတာနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တယ်။ အဲဒါတွေလည်း ထည့်သွင်း စဉ်းစားနေကြောင်း တင်ပြအပ်ပါတယ်”” ဟုရှင်းလင်း ခဲ့သည်။
သို့သော် ယင်းကဲ့သို့ ဘဏ္ဍာရေးဝန်ကြီး၏ လွှတ်တော်တွင်း ဆွေးနွေး မှုများကို နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြ ပေး ခဲ့ခြင်း မရှိဘဲ ချန်လှပ်ထားခဲ့သည်။

MH-0030
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment