(ဆောင်းပါးရှင် - တင်ယုနွယ်)
ဒီသတင်းကိုဖတ်လိုက်ပြီး ခံပြင်းဒေါသထွက်မှုတွေကို အရင်ဆုံး ခံစားလိုက်ရပါတယ်။ အရင်ကလည်း ဒီလိုသတင်းတွေကို ဖတ်နေရပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ဖတ်လိုက်ရတဲ့ သတင်းကတော့ ဆိုးရွားလွန်းလှပါတယ်။ အမျိုးသမီးတစ်ဦးကို ရိုက်နှက်နှိပ်စက် ဓားနဲ့မွှန်း မုဒိမ်းကျင့်ပြီးနောက် သစ်ပင်မှာ ကိုယ်လုံးတီးချည်နှောင်ထားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ကသာမြို့နယ်အတွင်း ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတာပါ။ ဖတ်ပြီးပြီးချင်းမှာ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ အမျိုးသမီးတစ်ဦးကို ဒီလိုယုတ်ညံ့တဲ့လုပ်ရပ် ကျူးလွန်သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်မျိုးနဲ့ ဒီလိုကျူးလွန်မှုတွေမှာ ကြီးမားတဲ့ပြစ်ဒဏ် ချမှတ်ခံရမယ်ဆိုပြီး မကျူးလွန်ရဲအောင် ဘာကြောင့်မချမှတ်ကြပါသလဲဆိုတာကို တွေးမိပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း မုဒိမ်းမှု ၅၉ မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီစာရင်းအရဆိုပါက တစ်ရက်မှာ မုဒိမ်းမှုနှစ်မှုနှုန်း ဖြစ်ပွားနေတဲ့သဘောပါ။ ဒါဟာ ရဲစခန်းမှာ လာရောက်တိုင်ကြား အမှုဖွင့်တဲ့ အရေအတွက်သာဖြစ်ပြီး တချို့ရှက်လို့ကြောက်လို့ အကြောင်းအမျိုးမျိုးကြောင့် လာရောက်တိုင်ကြားမှု မရှိတာတွေနဲ့ဆိုပါက စာရင်းမှာရှိတဲ့ အရေအတွက်ထက် ပိုများနိုင်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းတစ်ခုမှာ လုပ်ကိုင်နေသူတစ်ဦးရဲ့ ပြောပြချက်အရ ရန်ကုန်မြို့စွန်ရှိ ကျူးကျော်တဲမှာနေထိုင်တဲ့ မိသားစုတစ်စုက ၁၀ နှစ်အရွယ်သာရှိသေးတဲ့ သမီးဖြစ်သူကို အိမ်ပေါ်တက် မတရားပြုကျင့်ခဲ့ပြီး ကျူးလွန်သူဟာ ထွက်ပြေးသွားပါတယ်။ ကျူးလွန်သူဟာ ဘယ်သူဆိုတာမသိရဘဲ လွတ်မြောက်သွားပါတယ်။ ဒီလိုကျူးလွန်သူကို မမိဘဲ မသိလိုက်ရတဲ့ မုဒိမ်းဖြစ်စဉ်တွေ ဘယ်လောက်ရှိနေပါပြီလဲ။
ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတဲ့ ဖြစ်စဉ်မှာတော့ ပြီးခဲ့တဲ့ဧပြီလအတွင်းက နယ်မြို့တစ်မြို့မှာ အသက် ၁၁ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးကို တောထဲခေါ် မုဒိမ်းကျင့် ရိုက်နှက်နှိပ်စက်ပြီး မီးသွေးဖိုပျက်အတွင်း ပစ်ချမြေမြှုပ်ထားခဲ့တဲ့ ကျူးလွန်သူကို ခုနစ်လကြာလာတဲ့ လက်ရှိအချိန်ထိ မဖမ်းဆီးနိုင်သေးဘူးလို့ ဖတ်လိုက်ရပါတယ်။ ကျူးလွန်သူဟာ တစ်ရွာတည်းနေတဲ့ ကလေးနှစ်ဦးရှိသူဖြစ်ပြီး မတရားကျင့်ခံရတဲ့ ကျောင်းသူလေးရဲ့ ဖခင်ဖြစ်သူဟာ ရဲစခန်းမှာ သွားရောက်အမှုဖွင့်ခဲ့ပေမယ့် အခုထိ ထူးခြားမှုမရှိသေးသလို ကျူးလွန်သူလည်း ရွာမှာမရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်သွားပြီလို့ ဖခင်ဖြစ်သူက ပြောထားပါတယ်။ ဒီလိုကျူးလွန်သူကို ဖမ်းမမိသေးဘဲ တိမ်းရှောင်နေတဲ့ဖြစ်စဉ်တွေရော ဘယ်နှမှုလောက် ရှိနေပါပြီလဲ။
အမျိုးသမီးထုအတွက် ခြိမ်းခြောက်လာနေတဲ့ မုဒိမ်းမှုတွေအတွက် ထိရောက်တဲ့ကာကွယ်မှုမျိုး၊ ဥပဒေစိုးမိုးမှုတွေ ပိုမိုရရှိစေဖို့ လုပ်ဆောင်ပေးဖို့လည်း တောင်းဆိုပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ စိတ်လုံခြုံမှုတွေအတွက် . . . . .
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့စာရင်းအရ ၁၀ လတာကာလမှာ မုဒိမ်းမှုဖြစ်စဉ် ၁၀၀ ကျော်ရှိပြီး အရွယ်မရောက်သေးတဲ့ သက်ငယ်မုဒိမ်းဖြစ်ပွားမှု ၆၀ နီးပါးရှိပါတယ်။ ဒါဟာ မုဒိမ်းမှုဖြစ်စဉ်ရဲ့ ထက်ဝက်ကျော်ရှိနေပါတယ်။ မုဒိမ်းမှုတွေဟာ အခုနှစ်ပိုင်းမှာ လျော့ကျလာမှုမရှိသလို နှစ်နှစ်၊ သုံးနှစ်အရွယ်ကနေ ဆယ်ကျော်သက်အရွယ်ဖြစ်တဲ့ သက်ငယ်မုဒိမ်းမှုတွေလည်း တိုးလာနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပြစ်ဒဏ်ပေးဖို့ လွှတ်တော်မှာအဆိုတင်သွင်းခဲ့ပေမယ့် အဆိုရှုံးနိမ့်ခဲ့ပါတယ်။ သေဒဏ်ပြစ်ဒဏ်ဟာ ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ လူ့အခွင့်အရေးနဲ့ ချိန်ထိုးကာ ကျင့်သုံးမှုနည်းလာပြီဖြစ်တာကြောင့် မဖြစ်သင့်ဘူးဆိုကာ လွှတ်တော်မှာ အဆိုတင်သွင်းမှု ရှုံးနိမ့်ခဲ့ရပါတယ်။
ဒါပေမဲ့ ဖတ်ရတဲ့နိုင်ငံတကာသတင်း တချို့မှာတော့ ဆိုးရွားလွန်တဲ့မုဒိမ်းမှုတွေမှာ ကျူးလွန်သူတွေကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ဒါမှမဟုတ် ဆွဲကြိုးချပြစ်ဒဏ်ပေးတာတွေကို တွေ့ရပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့အနီးရှိ ပက်ဂ်ဟမ်းမှာ မင်္ဂလာပွဲတစ်ခုကနေ မိသားစုနဲ့အတူပြန်လာတဲ့ အမျိုးသမီးလေးဦးကို အမျိုးသားငါးဦးက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့တာကြောင့် ကျူးလွန်သူအမျိုးသားငါးဦးကို အာဖဂန်နစ္စတန် အကျဉ်းထောင်တစ်ခုအတွင်းမှာ ဆွဲကြိုးချသုတ်သင်ခဲ့တယ်လို့ ဖတ်ရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံရှိ မီးရထားပေါ်မှာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်ကို မုဒိမ်းမှုကျူးလွန်ခဲ့သူကိုလည်း သေဒဏ်ချမှတ်တာကို ဖတ်ရပါတယ်။
မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ မုဒိမ်းမှုကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ် ဒါမှမဟုတ် ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်စနစ်ဆိုတာထက် မုဒိမ်းမှုကျူးလွန်သူတွေကို တသသနောင်တရစေပြီး မိမိပြစ်မှုကြောင့် လူမှုပတ်ဝန်းကျင်အကြား ရွံရှာတာခံရ၊ ကျူးလွန်သူကိုယ်တိုင် အပြစ်ရှိတယ်လို့ ခံစားရစေနိုင်မယ့် ပြစ်ဒဏ်မျိုးကို လိုလားပါတယ်။ သေချာတာကတော့ မုဒိမ်းမှုကျူးလွန်သူတွေကို ထိရောက်နောင်ကြဉ်ပြီး နောက်လူတွေပါ မကျူးလွန်ရဲတဲ့ပြစ်ဒဏ်မျိုး ချမှတ်ဖို့ကိုသာ အလိုရှိပါတယ်။
ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ပေးဖို့အတွက် အမျိုးသမီးတွေအတွက်လို့ဆိုပြီး နိုင်ငံတော်အဆင့်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ စတဲ့အမျိုးသမီးအဖွဲ့စည်းတွေက တာဝန်ရှိသူတွေအနေနဲ့ ၀တ်စားဆင်ယင်မှုပြပွဲနဲ့ အဖွဲ့ဝင်အင်အားတိုးပွားရေး လုပ်ဆောင်မှုတွေအပြင် ထိရောက်တဲ့ပြစ်ဒဏ်တွေနဲ့ အမျိုးသမီးထုအတွက် အကာအကွယ်၊ အခွင့်အရေးတွေ ရရှိဖို့အတွက်ပါ ဆောင်ရွက်ပေးနိုင်ဖို့ တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ ဘ၀လုံခြုံမှုတွေအတွက် အကာအကွယ်ပေးနေပါတယ်လို့ ပြောဆိုနေတဲ့ တာဝန်ရှိအဖွဲ့အစည်းတွေကလည်း အမျိုးသမီးထုအတွက် ခြိမ်းခြောက်လာနေတဲ့ မုဒိမ်းမှုတွေအတွက် ထိရောက်တဲ့ကာကွယ်မှုမျိုး၊ ဥပဒေစိုးမိုးမှုတွေ ပိုမိုရရှိစေဖို့ လုပ်ဆောင်ပေးဖို့လည်း တောင်းဆိုပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ စိတ်လုံခြုံမှုတွေအတွက် ရာထူးအဆင့်ဆင့်နဲ့ တာဝန်ရယူထားတဲ့ အဖွဲ့အစည်းတွေဟာ တာဝန်ယူပြီး အကာအကွယ်၊ လုံခြုံမှုတွေ မပေးနိုင်ကြရင်တော့...။
Credit - Eleven Media Group
No comments:
Post a Comment