Wednesday, November 26, 2014

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ တောင်းဆိုချက် ၈၈ ကြိုဆို

  ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထိပ်သီး ခြောက်ဦး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပြီးနောက် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ကလည်း ယင်းဆွေးနွေးပွဲကို ထောက်ခံကြောင်း ကြေညာလိုက်သည်။

သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နှင့် တိုင်းရင်းသား ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ ဆောလျင်စွာ တွေ့ရန် အရေးကြီး အဆိုတစ်ရပ် တင်သွင်းမှုရှိခဲ့ရာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

‘‘ဒီခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲကို ကျွန်တော်တို့ ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိက ဒါကတွေ့ဆုံ ဆွေးနွေးညှိနှိုင်း အဖြေရှာမှုကို အခြေခံသွားတဲ့ လုပ်ရပ်မို့လို့ပါ’’ ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးကပြောသည်။

နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်သော ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)၏ ကြေညာချက်၌ အချက် ငါးချက်ပါဝင်သည်။ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် ဆုံး ဖြတ်ချက်သည် ၎င်းတို့ အစဉ်တစိုက် တောင်းဆိုနေသော တွေ့ဆုံ၍ ဆွေးနွေးအဖြေရှာခြင်းအခြေခံထားသည်ကို တွေ့ရ ကြောင်း၊ တိုင်းပြည်၏ အရေးပါသော အင်အားစုများ ပါဝင်နိုင်ရန် စဉ်းစားဆုံးဖြတ်ထားသည်ဟု နားလည်ကြောင်း၊ တိုင်းရင်းသား ကိုယ်စားပြုမှုကိုပါ တစ်ပါတည်း ထည့်သွင်းထားခြင်းအပေါ် အသိအမှတ်ပြုကြောင်း၊ လွှတ်တော်တွင်းဖြေရှင်းမှုသာမက လွှတ်တော်ပြင်ပနိုင်ငံရေးအတွက်လည်း လမ်းပွင့်စေသည်ဟု မှတ်ယူကြောင်းနှင့် အရေးကြီးဆုံး အင်အားဖြစ်သည့် ပြည်သူလူထု၏ အဆုံးအဖြတ်ကိုလည်း မလွဲမသွေခံယူရမည်ဟု ယုံကြည်ကြောင်းတို့ဖြစ်သည်။

တိုင်းပြည်၏ အရေးအပါဆုံး လက်ငင်းတာဝန်ဖြစ်သော ဖွဲ့ စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်ကို  ဤခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲမှအစပြု၍ မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်သွားကြပါရန် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)က တိုက်တွန်းလိုက်သည်။

၈၈ မျိုးဆက်အနေဖြင့် မကြာသေးမီကလည်း ထုတ်ပြန် ချက်တစ်စောင်ထုတ်ခဲ့ဖူးပြီး တွေ့ ဆုံဆွေးနွေးမှုကို အခြေခံ၍ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆက်လက်လုပ်ဆောင်သွားရန် တိုက်တွန်းထားသည်။


Credit - 7DAY DAILY

No comments:

Post a Comment