Tuesday, November 25, 2014

ဒီလိုအချိန်များ တစ်ရာမက တွေ့ပါရစေ

Written by: ဒေါက်တာခင်မောင်ညို
နိုဝင်ဘာ ၂၂ ရက်က ရန်ကုန်မြို့လယ် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

(၁)

ဒီနေ့ မှတ်မှတ်ရရ ဆရာကြီး ဗိုလ်ကလေးတင့်အောင်၏ “အတူးရယ်၊ အသက်ရယ်” ဆိုသည့် သီချင်းဖြစ်သည်။ (အချို့က “ငယ်ကျွမ်းဆွေ”ဟုလည်း သိကြသည်။)အကြိမ်ပေါင်းများစွာ၊ အဆိုကျော်ပေါင်းများစွာ ပြန်လည်သီဆိုကြသည်။ ယနေ့တိုင် မရိုးနိုင်သော သီချင်းဖြစ်သည်။

“မီးပုံးလှလှလေးတွေ ပြိုင်တူထွန်း ထွန်းညှိနေ... ဒီတံတားလေးပေါ်မှာ ဖြတ်သန်း ပြေးကစားကာ... မှတ်မိပါတယ် အတူးရေ၊ မှတ်မိပါတယ် အသက်ရေ.. ဟူ၍”

မီးပုံးလှလှလေးများနှင့် တံတားလေးကို မြင်ယောင်ပါသည်။ ငယ်ဘဝကို မြင်ပါသည်။ အစ်ကိုလေး ဗိုလ်ကလေးတင့်အောင် သီကုံးထားသည်။

“ဒီလိုအချိန်များ တစ်ရာမကတွေ့ပါရစေ... ဒီလိုညပေါင်း ထောင်သောင်းမက တွေ့ပါရစေ”

(၂)

အချိုးကျ ကိုယ်စားပြုစနစ် PR နှင့်ပတ်သက်ပြီး အာဆီယံထိပ်သီးအစည်းအဝေးပြီးတော့ ရလဒ်တစ်ခုတော့ထွက်သည်။(အချိန်ကာလကို ပြောတာပါ။) အချိုးကျကိုယ်စားပြုစနစ် PR ကို လွှတ်တော်က ဖျက်သိမ်းလိုက်သည်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် အမေရိကန်သမ္မတ အိုဘားမားနှင့်အတူ ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေသည်။

“အချိုးကျ ကိုယ်စားပြုစနစ် PR ကို လွှတ်တော်မှာတင်တော့ ကျွန်မတို့ ကန့်ကွက်ခဲ့တယ်။ လူနည်းနည်းလေးနဲ့ နိုင်မှာမဟုတ်ဘူးလို့ ပြောကြသူတွေ ရှိတယ်။ ကျွန်မက အနိုင်လိုချင်လို့ ကန့်ကွက်တာ မဟုတ်ဘူး။မမှန်တာကို ကန့်ကွက်တာပါ”ဟု ပြောသွားသည်။

အချိုးကျ ကိုယ်စားပြုစနစ် PR ကို လွှတ်တော်က ဖျက်သိမ်းလိုက်ပါပြီ။ အရင်အတိုင်း “နိုင်သူ အနိုင်ယူ” သော ရွေးကောက်ပွဲနည်းစဉ်ကိုသာ သုံးပါမည်။

“ကျွန်မက တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးရေးရာ အဖွဲ့ခေါင်းဆောင်ပါ။ အားလုံးဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ရပါမယ်” ဟုလည်း ပြောကြားသွားသည်။

ဘယ်သူမဆို ဥပဒေအောက်တွင်ရှိဖို့လိုကြောင်း ဒေါ်စုပြောသွားသည်။ ဒါဆိုရင် ဘာလို့ ပုဒ်မ ၅၉(စ)ကို ပြုပြင်လိုသလဲ။ “ဒါက မမှန်ကန်လို့ပါပဲ”တဲ့။

အဖေကို သတ်ချင်ရင် သားကိုပါ သတ်သည်။ ဘုရင်ခေတ်က အာဏာရှင်စနစ်ဖြစ်သည်။ “ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့” ဆိုသော စကားရှိသည်။

ခင်ပွန်းယောက်ျားက စုံထောက်တို့ သူလျှိုလုပ်လျှင် အဲဒီသူ၏ဇနီးကို ဓားစာခံဖမ်းသည်။ သတ်ပစ်သည်။ သားသမီးတွေကို ပစ်မှတ်ထား တိုက်ခိုက်သည်။ ရုပ်ရှင်ထဲ တွေ့ဖူးသလို အပြင်မှာလည်း တွေ့ရသည်။

“သားသမီးတွေက ကြိုက်တဲ့ဘာသာကို ကိုးကွယ်လို့ရတယ်။ သူတို့သဘောကျတဲ့ နိုင်ငံသား ခံယူခွင့်ရှိတယ်။ ဒီအတွက် မိဘကို ကန့်သတ်တဲ့ဥပဒေ ဘာလို့ပြဌာန်းရမှာလဲ”

မေးခွန်းများပါ။ ဟုတ်ပါသည်။

အခြေခံဥပဒေသည် အခြေခံရပိုင်ခွင့်ကို ပြဌာန်းရပါသည်။ အခြေခံရသင့်သော အခွင့်အရေးများကို ဖျက်ဆီးတာမျိုးကိုတော့ မပြဌာန်းသင့်ပါ။

(၃)

ကျွန်တော်တို့ ကမ္ဘာ့ရွာကြီးတွင် စည်းကမ်းသည် အရေးတကြီးလိုအပ်ပါသည်။အာရှတိုက်တွင် စင်ကာပူကတော့ စံပြဖြစ်သည်။ မြန်မာကတော့ အာဏာရှင်တွေ ဖိနှိပ်ထားလို့ မတိုးတက်ဟု ဆိုသည်။

ယနေ့ ဒီမိုကရေစီလမ်းကြောင်းကို သွားနေပြီဆိုတော့ လုပ်ချင်တာလုပ်၊ ဖြစ်ချင်တာဖြစ်ဆိုပြီး ကားတွေကို တင်သွင်းခွင့်ပြုလိုက်သည်။ ပြီးတော့ လုပ်ချင်တာလုပ်ဆိုပြီး မသိမသာ လွှတ်ထားလိုက်သည်။ ပြည်သူတွေ ပျော်ကြပါသည်။ ပျော်ပြီး ပျက်ပါတော့သည်။

ယနေ့ သိန်းရာကျော်ကားတွေ စီးလာနိုင်ကြသည်။ ဆလွန်းကားတွေ ဇိမ်ခံကားတွေပေါ်က “ဖွီ”၊ “ထွီ” ဟု ကွမ်းတံတွေးတွေ ထွေးကြသည်။ အားရပါးရ ထွေးကြသည်။ တံခါးဖွင့်ကာ ထွေးကြသည်။

“လွတ်လပ်လိုက်တာ”

အချို့က ပြောသည်။ လွတ်လပ်မှုအတွက် တာဝန်ယူမှုတွေ ရှိရသတဲ့။ ဘာတာဝန်ကိုမှ ယူစရာမလိုပါဘူး။ လွတ်လပ်စွာ ထွေးချင်သလောက် ထွေးနိုင်သည်။ ကတ္တရာလမ်းမကြီးကို ထွေးခံဟုသဘောထားနိုင်သည်။ အမှိုက်ကြိုက်သလိုပစ်။ ကားကြီးပေါ်က စက္ကူတွေ ပစ်သည်။ ကားလေးပေါ်က တစ်ရှူးစက္ကူတွေ ပစ်သည်။ ကျောင်းကားတွေပေါ်က ပလတ်စတစ်တွေ ပစ်သည်။ ညနေဘက် မြို့ထဲက လမ်းတွေကို ကြည့်ကြစမ်းပါ။

လွတ်လပ်တာပဲ၊ ဘယ်လောက်ကောင်းလဲ။ ဒီလိုနိုင်ငံ တစ်နိုင်ငံလောက်သာ ကျန်တော့သည်။ ဒီလိုလွတ်လပ်စွာ တံတွေးထွေးနိုင်၊ အမှိုက်ပစ်နိုင်သောနိုင်ငံတွင် လူလာဖြစ်သည်ကို ဂုဏ်ယူသင့်သည်။

(၄)

ကားစီးတော့ ခရီးမရောက် လမ်းတွေပိတ်တော့ ဆင်းလျှောက်မှာလား။ ပလက်ဖောင်းတွေပေါ်မှာ ဈေးသည်တွေနဲ့။ လျှောက်ရခက်လှသည်။ လမ်းကျကျလျှောက်မလား။ ဘေးမှာ ကားတွေ၊ ရပ်ထားတာရော၊ ထိုးဝင်လာတာရော။ သေသွားနိုင်သည်။

တာဝန်ရှိသူတစ်ယောက်ကို ပလက်ဖောင်းဈေးရောင်းတာနဲ့ ပတ်သက်ပြီး မေးဖူးပါသည်။

“ကျုပ်တို့က အချိန်ပြည့်ဈေးရောင်းခွင့် မပြုပါဘူး”

“ဘယ်အချိန် ရောင်းခွင့်ပြုတာလဲ”

“ညနေ ၃ နာရီက ည ၈ နာရီထိ”

“ဘုရား...ဘုရား”

လမ်းပေါ် လူအများဆုံး၊ ကားအများဆုံး၊ ရုံးဆင်းချိန်၊ အစည်ကားဆုံးအချိန်တွေမှာမှ ပလက်ဖောင်း ဈေးရောင်းခွင့်ပြုသတဲ့။ တော်လိုက်ကြတာ၊ ချီးမွမ်းမိသည်။ (နောက်တစ်ကြိမ် မြို့တော်ဝန် ဖြစ်သင့်သည်။)

ထိုအချိန်တွင် ပလက်ဖောင်းမှာ လူပြည့်နေတော့ အလျင်လိုသူတွေ လမ်းပေါ်ဆင်းလျှောက်သည်။ ဒီအတွက် ကားလမ်းတွေ ပိတ်ကုန်တော့သည်။ မြန်မာစကားရှိသည်။ ခုရှုပ်မှ နောင်ရှင်းတဲ့။ ခုတော့ ရှုပ်နေပါသေးသည်။ နောင်တော့ ရှင်းသွားပါမည်။

(၅)

ကျွန်တော်တို့မှာ ဖြစ်နေသည့် mind set တစ်ခုကို ပြောပြမည်။ မီးတွေမှန်နေ၍ မီးစက်သံတွေ မကြားရတာကြာလေပြီဟု တောင့်တမိပါသည်။ (တစ်ခါတစ်ခါတော့လည်း ဆုတောင်းပြည့်ပါသေးသည်။)

မီးပျက်ပြီး မီးပြန်လာသည့်အခါ “ဟေး” ဟုအော်ကာ တီးသောကလေးများ၏ လက်ခုပ်သံကိုလည်း မကြားရကြာပါပြီ။ လွမ်းမိပါသည်။

ကွန်ကရစ်လမ်းတွေလည်း သိပ်မပျက်တော့ပါ။ ဒီအတွက် တစ်နှစ်တစ်ကြိမ် ပိုက်ဆံလိုက်ကောက်၍ လမ်းပြင်သောအခါ ရသောပီတိမျိုးလည်း မရနိုင်တော့ပါ။

ကံအားလျော်စွာ ဘတ်စ်ကားတွေက အရင်အကျင့်တိုင်းပင် မောင်းကြသည်။ စပယ်ယာများကလည်း အရင်တုန်းကလို အားနွဲ့သူ ပြည်သူများကို တွန်းတင်ပေးသည်။

ကျွန်တော်တို့ မိတ်ဆွေ ဆရာမကြီး အပျိုကြီးကို သန်းခေါင်စာရင်းလာကောက်စဉ်က မေးသည်။

“ဆရာမကြီး အိမ်ထောင်ရှိလား”

“အပျိုပါကွယ်။ ရင်ဖိုတောင် မသန်းဘူး”

ဆရာမကြီးသည် ပြောရင်းပြုံးသည်။

နောက်ဆုံး ပြောချင်ပါသေးသည်။ တကယ်တော့ စာပေစိစစ်ရေးကိုလည်း ကျေးဇူးတင်သည်။ ကျွန်တော် စာစရေးစဉ် မရေးတတ်ရေးတတ်နှင့် ဟိုရောက်ဒီရောက် ဖြစ်တတ်သည်။ ထိုအခါ စာဖတ်သူများက  ဒီဆောင်းပါးဖတ်လို့ မကောင်းတာ စာတွေကို စာပေစိစစ်က ဖြတ်လိုက်တာကြောင့်တဲ့။ သူတို့ဘာသာ ဖြည့်ဖတ်သည်။သူတို့ ဖြည့်စာနှင့် ဒေါက်တာခင်မောင်ညို စာရေးဆရာ ဖြစ်လာသည်။

တစ်ဆက်တည်းပြောလိုသည်မှာ မြန်မာပြည် အာဆီယံထိပ်သီးညီလာခံတက်ရောက်သူ ဘန်ကီမွန်းတို့၊ အိုဘားမားတို့ကို ကျေးဇူးတင်ပါသည်။ မြန်မာပြည် ဦးသိန်းစိန်အစိုးရကိုလည်း ချီးကျူးဂုဏ်ပြု နှုတ်ဆက်လိုပါသည်။
ဝန်ကြီးတစ်ပါးကိုလည်း ထောက်ခံပြောလိုပါသေးသည်။ သူပြောသလို တရုတ်ကိုလည်း ကြောက်ပါသည်ဟု ထပ်မံဖြည့်စွက် ပြောလိုပါသည်။

ဆွေးနွေးမှုတွေ ပြုလုပ်ကြပါ။ သမ္မတကိုအကြံပေးသလို ပြည်သူတွေကို အကြံပေးသော သမ္မတအကြံပေးများကိုလည်း အထူးကျေးဇူးတင်ပါသည်။

ဒီလိုအချိန်များ တစ်ရာမက တွေ့ပါရစေ...ဒီလိုအချိန်ပေါင်း ထောင်သောင်းမက တွေ့ပါရစေ။


Credit - Eleven Media Group

No comments:

Post a Comment