Saturday, November 29, 2014

မွှေးသောလေပြည်၊ အေးသောစမ်းရေ၊ ငြိမ်းချမ်းသောကမ္ဘာမြေ

Written by: ဘစံကောက်
ရေမျက်ကြီးအင်း အနီးဝန်းကျင် တောင်ရင်းရွာရှိ ဆားပေါက်နေသည့် စိုက်ပျိုးမြေများကို တွေ့ရစဉ်
ဒီကနေ့အထိ သိပ္ပံပညာရှင်တွေ တိတိကျကျ စူးစမ်းလေ့လာရှာဖွေဖော်ထုတ်လို့ မရသေးတဲ့ လျှို့ဝှက်ချက်တစ်ခုကတော့ ကမ္ဘာမြေဟာ ဘယ်အချိန်ကစတင်ပြီး တည်ရှိလာတယ်။ ဘယ်အချိန်မှာ ပျက်သုဉ်းသွားလိမ့်မယ်ဆိုတဲ့ အချက်ပါပဲ။

ဒါပေမဲ့ မှန်းဆရသလောက်ကတော့ ကမ္ဘာကြီးတည်ရှိလာခဲ့တာ နှစ်သန်းပေါင်းများစွာ ကြာခဲ့ပြီဆိုတာနဲ့ နောင်လည်း မှန်းဆလို့မရတဲ့အထိ တည်ရှိနေဦးမယ်ဆိုတာပါပဲ။ ဒါပေမဲ့ သိပ္ပံပညာ ထွန်းကားလာမှုကြောင့် လူတွေဟာ ဒီကမ္ဘာမြေရဲ့တန်ဖိုးကို အကျိုးရှိစွာ အသုံးမချဘဲ စစ်ပွဲတွေ ဖန်တီးနေမယ်၊ အနုမြူလက်နက်တွေကို အသုံးပြုပြီး တိုက်ခိုက်နေကြမယ်။ လူတွေ အသုံးပြုတဲ့ဓာတ်ငွေ့တွေကြောင့် ကမ္ဘာ့အိုဇုန်းလွှာကြီး ပေါက်ပြဲသွားမယ်။ သစ်တောတွေ အလွန်အကျွံခုတ်ပြီး မြေလွှာတွေ ပျက်စီးသွားမယ်ဆိုရင်တော့ ကမ္ဘာမြေဟာ အချိန်မတိုင်ခင်မှာပဲ သတ္တဝါတွေရဲ့ အသက်ရှင်ရပ်တည်နေမှုကို ဘယ်လိုမှ အကာအကွယ်မပေးနိုင်တော့ဘဲ ပျက်သုဉ်းသွားရလိမ့်မယ်ဆိုတဲ့ အချက်ပါပဲ။

ဒါကလည်း လူတွေရဲ့လောဘကြောင့် ကမ္ဘာမြေပေါ်မှာရှိတဲ့လူတွေအပါအဝင် သတ္တဝါတွေရဲ့ အသက်ရှင်ရပ်တည်နိုင်မှုကို အန္တရာယ်ပြုလာနိုင်တယ်ဆိုတဲ့ အချက်တစ်ခုပါပဲ။ ကျွန်တော်ငယ်စဉ် လူကြီးတွေပြောတာ ကြားဖူးတာဖြင့် ကမ္ဘာတည်စက မြေမှာပေါက်တဲ့ အပင်တွေဟာ ပဒေသာပင်တွေပါ ပဲ။ လူတွေလိုအပ်တဲ့ အဝတ်၊ ပုဆိုး၊ စားစရာ အလိုရှိသမျှကို ဒီပဒေသာပင်တွေမှာ အလွယ်တကူ ခူးဆွတ်စားလိုက်ကြရုံနဲ့ မပင်မပန်းဘဲ အသက်မွေးနိုင်ကြတယ်လို့ ဆိုပါတယ်။ နောင်တော့ လူတွေက နေ့ဖို့ညစာ ပိုပိုသာသာလေး ခူးဆွတ်ပြီး သိမ်းဆည်းလာကြတော့ တဖြည်းဖြည်းအသီးတွေ အ လာပါတော့တယ်။ နောက်တော့ သူ့ထက်ငါ ကောင်းလောဘတကြီးနဲ့ အလုအယက်ဖြစ်လာတဲ့အခါ ပဒေသာပင်တွေလည်း ကမ္ဘာမြေပေါ်က ပျောက်ကွယ်သွားရတော့တယ်လို့ ဆိုပါတယ်။

ဘယ်လောက်အထိ မှန်တယ်မဆိုသာပေမယ့် ဒီကနေ့အထိ ကျွန်တော်တို့ မြင်နေရသလောက်တော့ လူတွေ ဒီကနေ့ စိုက်ပျိုးထွန်ယက် ရိတ်သိမ်းလို့ရနေသေးတဲ့ အသီးအနှံတွေဟာ ပဒေသာပင်တွေရဲ့မျိုးဆက်တွေပဲလို့ဆိုရင် မမှားပါဘူး။ ကျွန်တော် ငယ်စဉ်က မိုးကုပ်စက်ဝိုင်းအထိ တပြန့်တပြော ကျယ်ဝန်းလှတဲ့လယ်ကွင်းတွေဟာ မိုးမှာ ရေတွေ အဖွေးသားနဲ့၊ ဆောင်းမှာ အသီးတွေပြည့်ပြီး မှည့်ဝင်းနေတဲ့ စပါးခင်းကြီးတွေနဲ့ နွေမှာတော့ တောင်တစ်လုံးပေါ် တစ်လုံးဆင့်သလို ပုံထားတဲ့ ကောက်ရိုးလှိုင်းပုံကြီးတွေနဲ့ အမြဲပဲ မြင်တွေ့ရလေ့ရှိပါတယ်။ မိုးကလည်း မှန်ပါတယ်။ ပိုးမွှားလည်း ဒီကနေ့ခေတ်လောက်မရှိတော့ ပိုးသတ်ဆေး အသုံးရလွတ်ပါတယ်။ သဘာဝမြေဩဇာကိုပဲ သုံးစွဲကြတာမို့ မြေဓာတ်ပျက်စီးမှုလည်းမရှိတော့ စပါးအထွက်လည်း ပုံမှန်ပါပဲ။ ဒါပေမဲ့ ဒီကနေ့တော့ ဒီလိုအခြေအနေကောင်းတွေ တဖြည်းဖြည်းပျက်စီးနေပါပြီ။

မိုးကလည်း လိုတဲ့အချိန်ဆို မရွာ။ မလိုအပ်တဲ့အချိန်မှာ တအားရွာတော့ စိုက်ခင်းတွေလည်း ပျက်ကြရတယ်။ ပိုးသတ်ဆေးမှ မသုံးရင် သီးနှံတွေလည်း ပိုးမွှားအန္တရာယ်ကြောင့် ပျက်စီးတတ်တာမို့ ပိုးသတ်ဆေးကလည်း အလွန်အကျွံကို သုံးလာရပါတယ်။
သဘာဝမြေဩဇာအစား ဓာတုနည်းနဲ့ဖော်စပ်ထားတဲ့ မြေဩဇာတွေ အများအပြားသုံးလာတာမို့ မြေဆီဩဇာတွေလည်း ခန်းခြောက်ပြီး ပျက်စီးလာပါတယ်။ လူတွေ စားသုံးတဲ့အသီးအနှံတွေမှာလည်း ဓာတုပိုးသတ်ဆေးတွေကပ်နေတာမို့ လူတွေမှာ ကင်ဆာဆိုတဲ့ ရောဂါတစ်မျိုး အလွယ်တကူဖြစ်နေတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။

သစ်တောတွေ အလွန်အကျွံခုတ်လိုက်ကြတော့ ရာသီဥတုကလည်း ဖောက်ပြန်လိုက်တာ မပြောပါနဲ့တော့။ ဆောင်းကလည်း မအေး၊ မိုးတွင်းမှာလည်း မိုးကမရွာ။ နွေမှာလည်း အပူဒဏ်က ပြင်းလွန်းတော့ သေတဲ့လူတွေတောင်မှ ရှိလာပါပြီ။ ဒါတွေအားလုံး သတ္ထုချကြည့်လိုက်ရင် ကမ္ဘာမြေကြီးရဲ့ အပြစ်လို့ဆိုရမှာထက် ကမ္ဘာမြေကို ထိန်းသိမ်းစောင့်ရှောက်ဖို့တာဝန် ပျက်ကွက်နေတဲ့ လူတွေရဲ့လောဘနဲ့ အတ္တကြောင့်လို့ဆိုရမှာပဲ ဖြစ်ပါတယ်။

ကမ္ဘာမြေရဲ့ လူသားတွေအပေါ်ထားတဲ့ စေတနာနဲ့ မေတ္တာကတော့ပြောရရင် အရှင်သာရိပုတ္တရာက သတ္တဝါတွေအပေါ်ထားတဲ့ စေတနာနဲ့ ထပ်တူပဲလို့သာပြောပါရစေတော့။ ဟောဒီမြေပေါ်မှာ ဘယ်သူကပဲ အညစ်အကြေးစွန့်စွန့် ကမ္ဘာမြေဟာ တစ်ခါမှ စိတ်ဆိုးစိတ်ကွက်ခဲ့တယ်ရယ်လို့ မရှိပါဘူး။ သူ့ကို ဘယ်လိုပဲ တူးတူးဆွဆွ နာနာကျင်ကျင် လုပ်သည်ပဲဖြစ်စေ သည်းခံနေခဲ့တာပါပဲ။ သူ့ကို မလိုမုန်းထားစိတ်နဲ့ ပျက်စီးအောင် ပြုသူကိုပဲဖြစ်စေ သူ့ကိုအကြင်နာထားပြီး စောင့်ရှောက်တဲ့သူကိုပဲဖြစ်စေ တစ်တန်းတည်းထားပြီး မေတ္တာနဲ့ ပြုမူဆက်ဆံလေ့ရှိပါတယ်။

ပန်းပင်ကို အလိုရှိလို့ ပန်းစိုက်ရင် ပန်းပွင့်ကလေးတွေကို လက်ဆောင်အဖြစ် ကမ္ဘာမြေက ပန်းပင်စိုက်သူကို လက်ဆောင်ပြန်ပေးလေ့ရှိသလို အဆိပ်ပင်ကိုစိုက်ခဲ့ရင်လည်း စိုက်သူရဲ့ ရင်ထဲကဆန္ဒအလိုပြည့်အောင် အဆိပ်သီးလေးတွေ သီးပေးလေ့ရှိပါတယ်။
စိုက်ပျိုးသူရဲ့စေတနာအလျောက် ခူးဆွတ်တဲ့အချိန်မှာတော့ ပန်းပွင့်ကို ခူးဆွတ်ရသူလည်းရှိသလို အဆိပ်သီးကို ခူးဆွတ်ရတဲ့လူတွေလည်း ရှိပါလိမ့်မယ်။ ဒါကတော့ စိုက်ပျိုးသူရဲ့စေတနာအလျောက် ခူးဆွတ်ရတဲ့အသီးအပွင့်ရဲ့ မတူညီတဲ့တန်ဖိုးကို ရလေ့ရှိတာကတော့ ကမ္ဘာမြေရဲ့တာဝန် မဟုတ်နိုင်တော့ပါဘူး။

ကမ္ဘာမြေရဲ့ တန်ဖိုးကို နားလည်တဲ့လူတွေကတော့ သဘာဝပတ်ဝန်းကျင်တွေ ပြန်လည်ကောင်းမွန်လာအောင် ခုကတည်းက ပြန်လည်ပြုပြင်ဖို့အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်လာနေကြတာကို တွေ့ရပါတယ်။ မှန်လုံအိမ်ဓာတ်ငွေ့တွေဟာ အိုဇုန်းလွှာပျက်စီးမှုကို အဓိကအန္တရာယ်ပေးနိုင်တာမို့ မှန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေး အစီအမံတွေ လုပ်ဆောင်နေကြတဲ့လူတွေရှိသလို သစ်တောတွေ အလွန်အကျွံခုတ်ရင် သဘာဝကို ထိခိုက်နိုင်တာကြောင့် သစ်တောတွေကို ထိန်းသိမ်းပြီး သစ်ထုတ်လုပ်မှုလျှော့ချတဲ့ အစီအမံတွေ လုပ်ဆောင်နေတဲ့နိုင်ငံတွေလည်း ရှိလာပါပြီ။ သစ်ပင်တွေလည်း ပြန်စိုက်လာနေကြပါပြီ။ ဓာတုလက်နက် အနုမြူ လက်နက်တွေနဲ့ တိုက်ခိုက်ရင်လည်း လူသားမျိုးနွယ်ပျက်စီးသွားမယ့် အခြေအနေတွေကို မြင်လာကြရတာမို့ အနုမြူလက်နက်၊ ဓာတုဗေဒလက်နက်တွေ ဖျက်သိမ်းရေးတွေကိုလည်း လုပ်ဆောင်လာနေကြပါပြီ။

ကျွန်တော်တိုနဲ့အနီးဆုံး တရုတ်ပြည်မှာ သစ်တောတွေပျက်စီးမယ့်အန္တရာယ်က ကာကွယ်ဖို့အတွက် သစ်ထုတ်လုပ်မှုတွေကို ပိတ်ပင်လိုက်တော့ တရုတ်ပြည်အတွက် လိုအပ်တဲ့သစ်တွေကို မြန်မာပြည်က ခိုးထုတ်ကြပါတယ်။ လတ်တလောရမယ့် အကျိုးအမြတ်ကိုသာကြည့်ပြီး ဝိသမလောဘစိတ်ဝင်နေတဲ့ လူအချို့ကြောင့် မြန်မာနိုင်ငံ မြောက်ဖျားပိုင်းက သစ်တောတွေ တစတစ ပျက်စီးလာနေပါပြီ။

“တောပင်ကို တော်တော်ခုတ်ကြ၊ တောပြုတ်လိမ့်နောက်နောင်၊ တောပြုန်းလို့တောပြောင်၊ မိုးခေါင်တော့မှာပဲ၊ မိုးခေါင်လို့ ရေမကြွယ်၊ သဲပင်လယ်ဖြစ်လိမ့်မယ်မလွဲ” ဆို တဲ့ ကဗျာလေးတစ်ပုဒ်ထဲကလို ကိုယ့်နိုင်ငံ သဲကန္တာရမဖြစ်အောင် သစ်ပင်ခုတ်တာတွေကို ဆင်ဆင်ခြင်ခြင်လုပ်ကြမှ တော်ပါလိမ့်မယ်။ ကျွန်တော်တို့ ရှေးဘိုးဘွားများဟာ အင်မတန် အမြော်အမြင်ဉာဏ်ရှိကြသူတွေပါ။ ကိုယ်နေတဲ့ပတ်ဝန်းကျင် အမြဲစိမ်းနေအောင် ကိုယ့်ဝင်းကိုယ်ခြံလေးထဲမှာ သစ်ကောင်း၊ ဝါးကောင်းတွေကို ဂရုတစိုက်နဲ့ စိုက်ခဲ့ကြပါတယ်။
ဒါပေမဲ့ နောင်လာနောက်သားတွေကတော့ သူတို့ စိုက်ခဲ့သမျှ ခုတ်လှဲသုံးစွဲပြီး ပြန်စိုက်ဖို့ မေ့လျော့ထားခဲ့ကြပါတယ်။

မန္တလေးမှာ ဆိုက္ကားလေးတစ်စီးနဲ့ မြို့အနှံ့ သစ်ပင်စိုက်ခဲ့တဲ့လူတစ်ယောက် ဦးငွေဆိုတာရှိပါတယ်။ ဘယ်သူကမှ ခိုင်းလို့မဟုတ်ပါဘူး။ သူစိုက်တဲ့အပင်ကို သူမစားရဘူးဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ နှောင်းလူတွေ အသီးစားပါစေ။ အရိပ်ရပါစ။ ပတ်ဝန်းကျင် စိမ်းလန်းပါစေ။ နွေဆို ချစ်ချစ်တောက်ပူတတ်တဲ့ မန္တလေးရဲ့ အပူဒဏ်ကို အံတုဖို့အတွက် သူ့အသိစိတ်ဓာတ် နဲ့ သူလုပ်ခဲ့တဲ့သူပါ။ သူ့ကျေးဇူးကြောင့် သစ်ပင်ကလေးတစ်ပင် ရှင်တယ်ဆိုဦးတော့ အရိပ်ကလေးတစ်ခုတော့ ရမှာအမှန်ပါပဲ။ ပန်းကလေးတစ်ပွင့် ပွင့်တယ်ဆိုဦးတော့ ပန်းချစ်တဲ့သူတွေ ပန်းရမှာ သေချာပါတယ်။ ဒီလိုကောင်းတဲ့အပြုအမူလေးကို အတုယူပြီး နှောင်းလူတွေ လိုက်လုပ်ကြတယ် မကြားမိပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကတော့ သစ်တောတွေကို အာဏာရှိတဲ့သူတွေနဲ့ ပေါင်းပြီး ခုတ်လိုက်တာ သစ်တောတွေ ပြောင်သွားပါတယ်။ ဒါကိုကျတော့ နှောင်းလူတွေက အတုယူပြီး သစ်တောတွေကို အပြောင်ရှင်းဖို့ ကြံကြပါတော့တယ်။ ဒီနှစ်ယောက်ကို ယှဉ်ကြည့်ရင် ဘယ်သူက ကမ္ဘာမြေကို ချစ်တဲ့သူလဲ၊ ဘယ်သူက ကမ္ဘာမြေနဲ့ လူသားတွေကို အန္တရာယ်ပေးခဲ့သူလဲဆိုတာ အမှန်ပဲ မြင်သာပါတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးကို ကမ္ဘာမြေကြီးက အတူတူပဲ တစ်တန်းတည်းထားပြီး သူ့ခန္ဓာကိုယ်ပေါ်မှာတင်လို့ တစ်လျှောက်လုံး ထမ်းခဲ့တာပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကြောင့် ကမ္ဘာမြေကြီး ပိုပြီးဝန်မလေးအောင် ပြုမူလုပ်ဆောင်ကြဖို့တာဝန်ကတော့ လူတိုင်းမှာရှိတာအမှန်ပါပဲ။

Credit - Eleven Media Group

No comments:

Post a Comment