Sunday, November 23, 2014

ဘန်ကီမွန်းကို ရခိုင်ပြည်နယ်မှာ ဆန္ဒပြပြီ

န်ကုန်၊ နိုဝင်ဘာလ ၂၃

မြန်မာနိုင်ငံက ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်ဝေါ်မယ်ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ် မြို့တချို့မှာ ကန့်ကွက်ဆန္ဒပြမှု တွေ ဒီကနေ့ ပြုလုပ်နေကြပါတယ်။

ဒီကနေ့ မွန်းလွဲ တစ်နာရီကနေ စစ်တွေမြို့ ဝင်္ကပါကွင်းမှာ စုရပ်လုပ်ပြီး သံဃာတော်နှင့် လူပေါင်း ထောင်နဲ့ချီဟာ တစ်နာရီ ဝန်းကျင်ကြာ လမ်းလျှောက် ဆန္ဒပြခဲ့ကြတယ်လို့ မြို့ခံတွေဆီကနေ သိရှိရပါတယ်။ အလားတူ မောင်တောနဲ့ မင်းပြားမြို့တွေမှာလည်း ဆန္ဒပြမှုတွေက ပြုလုပ်ခဲ့ကြပါတယ်။


မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူတွေက မြန်မာနိုင်ငံမှာ မရှိဘူးဆိုတဲ့ အသုံးအနှုန်းတစ်ခုကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့ ခေါ်ဝေါ်သုံးစွဲခဲ့တာဟာ မြန်မာအစိုးရနဲ့ ပြည်သူတွေကို မလေးစားရာ ရောက်တယ်လို့ မောင်တောမြို့မှာ ဆန္ဒပြရတဲ့အကြောင်းကို ရခိုင်လူမှုကွန်ယက်အဖွဲ့က ဦးမောင်ကျော်ဝင်းက ရှင်းပြပါတယ်။

“ပြည်တွင်းအရေးကို ဝင်ရောက် စွက်ဖက်တာ။ ရည်ရွယ်ချက်ရှိရှိ သုံးသွားတယ်လို့ ထင်တယ်။ ဒါကို လုံးဝ မကျေနပ်လို့ အခုလို ဆန္ဒပြရခြင်း ဖြစ်တယ်”လို့ သူက ဆိုပါတယ်။

ဘန်ကီမွန်းက မြန်မာနိုင်ငံ ခရီးစဉ်မှာ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ သုံးနှုန်းပြောဆိုမယ်လို့ ပြောဆိုခဲ့မှုနဲ့ ပတ်သက်လို့ ဆန္ဒပြမယ့် အစီအစဉ်ကို နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်တွေမြို့တွင် မြို့မိမြို့ဖတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီ စတဲ့အဖွဲ့ပေါင်း ၄၀ကျော်က လူပေါင်း ၂၀၀ကျော် အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်ခဲ့တာပါ။

ဆန္ဒပြတဲ့နေ့မှာ ဘန်ကီမွန်း ပြောဆိုချက်ကို ကန့်ကွက်ကြောင်း အပါအဝင် အချက်လေးချက် ပါဝင်တဲ့ ကြေညာချက်တစ်စောင်ကို နိုင်ငံတော်သမ္မတ၊ လွှတ်တော်တွေနဲ့ ဘန်ကီမွန်းဆီသို့ ပေးပို့မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်လို့ စစ်တွေမြို့ မြို့မိမြို့ဖဖြစ်တဲ့ ဦးဦးသာပွင့်က The Voice သို့ ပြောဆိုထားပါတယ်။

Credit - The Voice Weekly

 
 

No comments:

Post a Comment