Written by: ညီအောင်ညီ
“စစ်မြေပြင်ထဲမှာ တိုက်ပွဲသုံး ကျည်ဆန်တွေကို ရှောင်တိမ်းတတ်ဖို့လိုသလို ဘဝခရီးထဲမှာလည်း လူကျည်ဆန်တွေကို ရှောင်တိမ်းတတ်ဖို့ လိုတယ် လူလေး။ မင်းဘဝမှာ လူကျည်ဆန် မမှန်အောင်နေပါ။ လူကျည်ဆန်နဲ့တွေ့ရင် ဝေးဝေးကသာ ရှောင်ပေါ့ လူလေးရယ်”တဲ့။
ထိုကဲ့သို့ လှပသောစကားလုံးများဖြင့် ကျွန်တော်တို့လေးစားရသော ဆရာဦးမေခ က အကြိမ်ကြိမ်ဆုံးမခဲ့ပါသည်။ “လူကျည်ဆန်” ဟူသော ဆရာဦးမေခ၏ အသုံးအနှုန်းက ကျွန်တော်တို့အတွက် အတွေးတွေများစွာ ရစေခဲ့သည်။
ငယ်စဉ်က ဆော့ကစားခဲ့သော ကော်ကျည်ဆန်လေးတွေ မြင်ယောင်လာမိသည်။ ထိုကော်ကျည်ဆန်လေးတွေကလည်း သူ့အတိုင်းအတာနှင့်သူ လူတစ်ယောက်၏အသားကို နာကျင်စေသည်။ တိုက်ပွဲများတွင် ပစ်ခတ်နေသော ကျည်ဆန်များက လူကို ဒဏ်ရာရစေရုံတင်မက သေစေနိုင်ခဲ့သည်။ ထိုကျည်ဆန်များ မထိအောင် ရှောင်တတ်ရပါမည်။
ကျည်ဆန်ဆိုလျှင် သက်မဲ့ကျည်ဆန်သာရှိသည်ဟု တွေးထင်ထားခဲ့သော်လည်း “လူကျည်ဆန်ဆိုသည့် သက်ရှိကျည်ဆန်က ကျွန်တော်တို့လူမှုဝန်းကျင်တွင် ရှိနေခဲ့သည်။ လူကျည်ဆန်ထိမှန်ခဲ့လျှင် ကျွန်တော်တို့ဘဝအတွက် ဆုတ်ယုတ်မှုတွေ ဖြစ်စေနိုင်သည်။တိုးတက်မှုတွေ ရပ်တန့်သွားနိုင်သည်။ နှေးကွေးကြန့်ကြာသွားနိုင်သည်။ နာမည်ပျက်နိုင်သည်။ ဂုဏ်သိက္ခာတွေ ကျဆင်းနိုင်သည်။ သူတစ်ပါး၏ အထင်သေးစွာကြည့်ရှုခြင်းကို ခံရနိုင်သည်။
လူကျည်ဆန်ဆိုသည်မှာ အဘယ်နည်း။ မိမိဘဝ၏ တိုးတက်ရာတိုးတက်ကြောင်းကို ဖျက်ဆီးစေမည့်သူ၊ မိမိဘဝကို နိမ့်ကျသည့်အဆင့်ကို ပို့ဆောင်ပေးမည့်သူ မိမိ၏ ဘဝရည်မှန်ချက်များနှင့် အလှမ်းဝေးအောင် ပို့ဆောင်ပေးမည့်သူ၊ မိမိဘဝကို အလင်းမှ အမှောင်ဖြစ်အောင် ဖျက်ဆီးနှောင့်ယှက်၊ လမ်းမှားပို့မည့်သူများသည် လူကျည်ဆန်များပင် ဖြစ်သည်။ ကျွန်တော်တို့ ဘဝခရီးထဲတွင် လူကျည်ဆန်တွေ များစွာရှိသည်။
လေးလေးနက်နက်တွေးကြည့်မိသည့်အခါတွင် လူကျည်ဆန်ဆိုသည်မှာ “မီးခိုးမထွက် သွေးမထွက်ဘဲနှင့်” လူတစ်ယောက်၏ဘဝကို ထိခိုက်နစ်နာစေတတ်ခြင်းပင်။ စစ်မြေပြင်ထဲတွင် မမြင်နိုင်သော ကျည်ဆန်များရှိသည်။ သတိလစ်ဟင်းမှုကြောင့် ရန်သူ၏ ပစ်ခတ်မှုကို ခံရနိုင်သည်။ ဘဝခရီးထဲတွင်လည်း ကျွန်တော်တို့ ကြိုမမြင်နိုင်သော လူကျည်ဆန်များရှိပါသည်။ ကျွန်တော်တို့၏ တိုးတက်မှုများကို အလစ်ပစ်ခတ်ဖို့အတွက် ချောင်းနေသော လူကျည်ဆန်တွေ များစွာရှိပါ၏။
လူကျည်ဆန်ဆိုသည်မှာ တစ်ဦးတစ်ယောက်တည်းအတွက်သာ ဆိုးကျိုးပေးဖို့ရာ ရှိနေသည်မဟုတ်ချေ။ နိုင်ငံရေးလောကထဲတွင်လည်း ရှိတတ်သည်။ အဖွဲ့အစည်းအသီးသီးထဲတွင်လည်း ရှိတတ်သည်။ “မတည်ငြိမ်မှု၊ ပြိုကွဲပျက်စီးမှုများကို လူကျည်ဆန်များက လုပ်တတ်ကြသည်။ လူကျည်ဆန်တွေ များစွာရှိသော နိုင်ငံနှင့် လူကျည်ဆန်များပါဝင်နေသော အဖွဲ့အစည်းများအနေဖြင့် တိုးတက်မှုနှင့် အလှမ်းဝေးနေပါတော့သည်။ အဖွဲ့အစည်းနှင့် နိုင်ငံ၏တိုးတက်မှုကို ဖျက်ဆီးတတ်သော လူကျည်ဆန်များကို သတိကြီးစွာ ရှောင်ကြဉ်တတ်ရပါမည်။
လူတစ်ယောက်ချင်းစီ၏ ဘဝခရီးများထဲတွင် လူကျည်ဆန်များနှင့် ကြုံရတွေ့ရနိုင်သည်။ အထူးသဖြင့် လူငယ်များ၏ ဘဝခရီးတွင် တိုးတက်မှုကို ဖျက်ဆီးမည့်သဘော ဆောင်ကြသည့် လူကျည်ဆန်များနှင့် ကြုံတွေ့နိုင်လေသည်။ လူကျည်ဆန်များက အရက်၊ မိန်းမ၊ မူးယစ်ဆေးစသော ဖြားယောင်းမှုများဖြင့် လူတစ်ယောက်၏ဘဝကို နိမ့်ပါးပျက်စီးအောင် ပစ်ခတ်ကြပါလိမ့်မည်။ ပစ်ခတ်ခြင်းခံရပြီဆိုလျှင် လူကျည်ဆန်မှန်ပြီဆိုလျှင် လူတစ်ယောက်၏ ဘဝအချိုးအကွေ့ကိုများစွာ ဖြစ်စေပါ၏။ ထိုအချိုးအကွေ့က မကောင်းသည့်ဘက်တွင်သာ များနေပါလိမ့်မည်။
လူကျည်ဆန်ထိမှန်ခဲ့သည့်သူတွေ လူမှုပတ်ဝန်းကျင်တွင် များစွာရှိပါသည်။ လူကျည်ဆန်များကြောင့် ပြိုကွဲပျက်စီးသွားကြသော လူ့အသိုင်းအဝိုင်းများနှင့် လူမှုအဖွဲ့အစည်းများကိုလည်း များစွာတွေ့မြင်နိုင်ပါသည်။ ကျွန်တော်တို့အားလုံး လူကျည်ဆန်များကို ဝေးစွာရှောင်ကြဉ်ကြရပါလိမ့်မည်။
ကျည်ဆန်ဆိုသည်မှာ သေးငယ်သော်လည်း လူတစ်ယောက်ကို ထိခိုက်စေတတ်၊ သေတတ်ကြပါသည်။ ကြောက်ရွံ့တတ်ကြပါသည်။ ကျည်ဆန်များကို မုန်းတတ်ကြပါသည်။ ကျည်ဆန်များကြောင့် လူ့အသက် နှင့် အိုးအိမ်များ ပျက်စီးကြရပါသည်။ ကျည်ဆန်များနှင့်ဝေးရာသို့ ပြေးကြရပါတော့သည်။
စစ်မြေပြင်တွင် သေစေတတ်သော ကျည်ဆန်များကို ရှောင်ကြရသလို ဖြတ်သန်းသွားလာနေထိုင်ရသော ဘဝမြေပြင်ထဲတွင်လည်း လူတစ်ယောက်၏ဘဝကို ထိခိုက်နစ်နာစေသော၊ လူတစ်ယောက်၏ အောင်မြင်မှုကို ရပ်တန့်စေနိုင်သော လူကျည်ဆန်များကို ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ နိုင်ငံနှင့် အဖွဲ့အစည်းများကို အစိတ်စိတ်အမြွှာမြွှာဖြစ်စေတတ်သော၊ မတည်ငြိမ်မှုများကို ဖြစ်စေတတ်သော လူကျည်ဆန်များကို ဖော်ထုတ်ရပါမည်။ ရှောင်ကြဉ်ကြရပါမည်။
လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ၊ အဖွဲ့အစည်းနှင့် နိုင်ငံအတွက်ဖြစ်စေ၊ လူကျည်ဆန်မထိအောင် ကြိုးစားကြရပါလိမ့်မည်။ ကျွန်တော်တို့အားလုံး လူကျည်ဆန်များကို ရှောင်ရှားကြသလို ကျွန်တော်တို့ကိုယ်တိုင်လည်း လူကျည်ဆန်မဖြစ်အောင် သတိထား ဆင်ခြင်နေထိုင်သင့်သည်ဟု ဆန္ဒပြုမိပါတော့သည်။
Credit - Eleven Media Group
No comments:
Post a Comment