Tuesday, November 25, 2014

နိုင်ငံရေးသမားအယောက်(၁၀၀) သတင်းစာသမား တစ်ယောက်နှင့် ခံယူချက်ပလက်ဖောင်း

လှိုင်ဘွား
******************************************************************

(၁)
ပထမအကြိမ် သက်ကြီးသတင်းစာပညာရှင်များအား ပူဇော်ကန်တော့ပွဲကို နိုဝင်ဘာ၂၂ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်ကို အားလုံး သိပြီးဖြစ်ပေသည်။ ထိုပူဇော်ပွဲတွင် သက်ကြီးသတင်းစာပညာရှင်ကြီး အယောက် ၆ဝကျော်အား ဖိတ်ကြားလျက် ပူဇော်ကန်တော့ခဲ့ကြခြင်းဖြစ်ပေသည်။

ပူဇော်ပွဲနေ့၌ နံနက် ရ နာရီလောက်ကတည်းက သက်ကြီးသတင်းစာပညာရှင် သတင်းစာဆရာကြီးများ တဖွဲဖွဲကြွရောက်လာကြသည်ကို တွေ့ရပေသည်။ အသက်အရွယ်အားဖြင့် အသက်၇၅နှစ်နှင့်အထက် သက်ကြီးဝါကြီးများဖြစ်ကြရာ အတော်များများသည် သားထောက်သမီးခံနှင့်

တူသားနောင်မယ်များက ဖေးကူ တွဲမ ပို့ဆောင်ပေးကြသည်ကို တွေ့ရပါသည်။ အမှန်ဆိုရလျှင် မိမိအနေဖြင့် ဒီလောက်များပြားလှသည့် သက်ကြီးသတင်းစာဆရာကြီးများကို တစ်ကြိမ်တစ်ခါ မျှ တွေ့မြင်ဖူးခြင်းမရှိပါပေ။ သူတို့ကို ကြည့်ရသည်မှာ မိမိ၏စိတ်ထဲတွင် အလွန်ထူးဆန်းပြီး အလွန်လည်း အံ့ဩမင်သက်ဖြစ်ရပေသည်။ သူတို့သည် မိမိတို့ ကိုယ်ကျိုးမငဲ့ကွက်ခဲ့ကြဘဲ၊ ဘာအဆောင်အယောင်ကိုမျှမက်မော တွယ်တာမှုမရှိခဲ့ကြဘဲ သမိုင်း၏ ပထမမူကြမ်းကို ပြုစုခဲ့ကြသည့် သူရဲကောင်း သတင်းစာဆရာကြီးများအဖြစ် သက်ရှိထင်ရှားတွေ့မြင်လိုက်ရခြင်းကြောင့် ဖြစ်ပါ သည်။ ထိုအတွက် သူတို့ကို နိုင်ငံတော်ကလည်း ဘာဘွဲ့ထူး ဂုဏ်ထူးမျှမချီးမြှင့်ပါ။ ချီးမြှင့်ရကောင်းမှန်းလည်းမသိ ခဲ့ပါ။ မချီးမြှင့်ခဲ့သည့်အပြင် ထိုအထဲမှ အချို့သော သတင်းစာဆရာကြီးများဆိုလျှင် ထောင်ကျတန်းကျခံ၍ သတင်းစာတိုက်ပွဲဝင်ခဲ့ကြသည်ကို တွေ့မြင်ရပေသည်။

ထို သူရဲကောင်းသတင်းစာဆရာကြီးများထံတွင် ကိုယ်ပိုင်ယုံကြည်ချက်နှင့် သတင်းလွတ်လပ်မှုကို ပုံစံအမျိုး မျိုးဖြင့် တွန်းလှန်ခဲ့ကြသည့် အနည်းဆုံးကိုယ်ပိုင် ဇာတ် လမ်းတစ်ပုဒ်စီလောက်ရှိနေခဲ့ကြမည်မှာ ယုံမှားသံသယ ရှိစရာမလိုအပ်ပါချေ။ အကြောင်းမှာ မြန်မာနိုင်ငံ၏ သတင်းစာသမိုင်းမှာ ပန်းခင်းလမ်းမဟုတ်ဘဲ ဆူးမွေ့ ယာ ခရောင်းလမ်းကြမ်းဖြစ်ခဲ့ခြင်းကြောင့် ဖြစ်ပေ သည်။ မြန်မာနိုင်ငံသည် ခေတ်စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ သည်။

ထိုသို့ဖြတ်သန်းခဲ့သော ခေတ်စနစ်အမျိုးမျိုးတွင် သတင်းစာသမားများကို သက်သောင့်သက်သာဖြစ်စေခဲ့သည့် အခြေအနေမျိုး တစ်ခုမျှရှိမနေ ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ငွေကြေးအကျိုးအမြတ်အရ၊ လူ့အခွင့်အရေး အရ၊ မိမိတို့၏ အသက်ခန္ဓာအိုးအိမ်စည်းစိမ်လုံခြုံမှု ဘာတစ်ခုမျှ အာမခံချက် မရှိခဲ့သည့်ခေတ်များ၊ ဘဝများကို ကြံ့ကြံ့ခံကျော်ဖြတ်လျက် ယနေ့မိမိတို့ မျက်မှောက်တွေ့မြင်နေရသော သတင်းစာဆရာကြီးများသည် အလွန်လေး စားကြည်ညိုစရာ ရှေ့ဆောင်လမ်းပြကြီးများပင်ဖြစ်ပေ သည်။

မော်လမြိုင်မှ သက်ကြီး သတင်းစာဆရာကြီးတစ်ဦးက သူ့ရင်ထဲမှခံစားမှုကို
''ကျွန်တော်တို့ သတင်းစာလုပ်ငန်းကို လုပ်လာကြပေမယ့် တစ်နေ့ဒီလို ဆုံတွေ့ကြလိမ့်မယ်လို့ ထင်မထားခဲ့ကြဘူး။ အခုလို ပြန်ဆုံတွေ့ကြရတာ အလွန်ဝမ်းသာ စရာကောင်းပါတယ်'' ဟု မှတ်ချက်ပြုသည်ကို တွေ့ရ သည်။

ထိုဆရာကြီး၏ မှတ်ချက်ကို ကြည့်လျှင် အလွန်ရိုးစင်းလှသည်ကို တွေ့ရသည်။ ယင်းသည်ပင် သူတို့၏ လုပ်ဆောင်ချက်က ပြဋ္ဌာန်းပေးထားသည့် ရိုးသားမှုကို ထင်ဟပ်ချက် ဖြစ်သည်ဟုဆိုချင်ပါသည်။ ဒါ့ကြောင့်လဲ ''တိုင်းပြည်တိုး တက်ရေးအတွက် လုပ်ဆောင်ကြရာတွင် နိုင်ငံရေးသမားအယောက်တစ်ရာ ထက် သတင်းစာ သမားတစ်ယောက် ပိုလိုအပ်တယ် ''ဟု ပြောကြခြင်းဖြစ်သည်။

ထိုအချက်သည် ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး ကာလအတွက် အလွန်လိုအပ်နေသည့် အချက်ကြီးတစ်ချက်၊ ကွက်လပ်ကြီး တစ်ခု ဖြစ်နေသည်ကိုတွေ့နိုင်ပေသည်။ မြန်မာနိုင်ငံတွင် ယနေ့ဂုဏ်ပြုပူဇော် ခံခဲ့ကြသည့် သတင်းစာဆရာကြီးများကဲ့သို့ စွန့်လွှတ်အနစ်နာခံမှု၊ ကိုယ်ကျိုး မဖက်မှု၊ အများအကျိုးရှေ့တန်းတင်မှု၊ ယင်းသို့သော အခြင်းအရာများအတွက် စိတ်ဓာတ်ခွန်အား ခိုင်ကြည်ပြင်းပြမှု စသည့်အရည်အချင်းများသည် (ဝါ) ထိုသို့သော အရည် အချင်းများရှိသည့် rolemodel များသည် ကဏ္ဍအသီး သီးတွင် ဆိတ်သုဉ်းပျောက်ကွယ်လျက် ဘာပဲလုပ်လုပ် ဘာရမှာလဲ၊ ဘယ်အလုပ် က ဘာမရဘူး။ ဘယ်အလုပ်ကမှ ဘာရမှာစသည့်တွက်ကိန်းများ၊ ရပေါက် ရ လမ်းများကိုသာ ရှေ့တန်းတင်လျက်ပျက်စီးခြင်း ငါးပါးမကဖြစ်နေရာ မြန်မာ နိုင်ငံအတွက် ခေါင်းဆောင်မှ ငယ်သားအထိ သာမန်ပြည်သူများအတွင်းမှာပါ စိတ်ပိုင်းဆိုင်ရာတန်ဖိုးထားမှုများသည် အချိန်ကာလတစ်ခုယူ၍ ပြန်လည် တည်ဆောက်ယူရမည့်အခြေအနေဆိုက် ရောက်နေပြီဖြစ်ပေသည်။

ထိုသို့သောအချိန်ကာလတွင် ယခုလို ရှားပါးပစ္စည်းဖြစ်သော သတင်းစာ ဆရာကြီးများကို ပြန်လည်တွေ့ရှိခြင်းမှာ တိုင်းပြည်အတွက် အလွန်ကောင်းသော လက္ခဏာဟု ဆိုရပေမည်။ ထိုထို သောပုဂ္ဂိုလ်မျိုးများသည် နှောင်းလူတို့အတွက် ပုံပြင် မဟုတ်၊ ယုံတမ်းစကားမဟုတ်ဟူသည်ကို သက်သေပြချက်ဖြစ်သည်။

အထူးသဖြင့် ယနေ့ခေတ်သတင်းစာလောကတွင် ကျင်လည်နေကြသည့် သတင်းစာသမားလူငယ်လူရွယ်များအတွက်လည်း မိမိတို့ရှေ့တွင် ပြည်သူ အတွက်၊ အများအကျိုးအတွက်တိုက်ပွဲဝင်ခဲ့ကြသည့် ထိုထိုသော သတင်းစာ သမား သူရဲကောင်းကြီးများရှိနေပါသေးသည် ဟူသည့် သတင်းစကားသည် မိမိတို့ ရှေ့ဆက်အလုပ် လုပ်ကြမည့် သတင်းသမားဘဝအတွက် နည်းပေးလမ်း ပြ မီးရှူးတန်ဆောင်လည်းဖြစ်နိုင်ပေလိမ့်မည်။ ထိုအချက်က မိမိ၏အလုပ်သဘာဝ ရည်မှန်းချက်ကို ရှင်း လင်းအောင်လုပ်ပေးမည့်အရာဖြစ်သည်။ ထိုသို့မဟုတ် လျှင် မိမိလုပ်နေသောအလုပ်က ဘာအတွက် လုပ်နေသောအလုပ်မှန်း၊ ဘယ်လောက်တန်ဖိုးရှိသော အလုပ်မှန်း၊ မိမိဘာကို လုပ်သင့်သည် ဟူသော ပြဋ္ဌာန်းချက်ဘာမျှမရှိဘဲ ဝေဝါးထွေပြားနေမည်သာ ဖြစ်သည်။

ထိုသို့ မရှိလျှင် မိမိပလက်ဖောင်းကို မိမိသိမြင်ခြင်းမရှိဘဲ ပလက်ဖောင်း
ပျောက်နေသောသူ လမ်းလျှောက်နေသလိုဖြစ်နေမည်ဖြစ်သည်။ ထိုပလက်ဖောင်း မပျောက်ရန်လိုပါသည်။ သို့မှသာ မိမိသွားလို၊ ရောက်လိုသည့် ပန်းတိုင်သို့ ဦးတည်ရောက်ရှိနိုင်မည်ဖြစ်သည်။

ယနေ့မြန်မာနိုင်ငံတွင် အထူးသဖြင့် လူငယ်လူရွယ်အများစုသည် ပလက်ဖောင်းပျောက်နေသောသူများနှင့် တူနေသည်ကို သွားတွေ့ရသည်။ ရည်ရွယ်ချက်တွေ ဝေဝါးနေသည်။ လုပ်ချင်တာတွေများနေသည်။ ဘယ်လို လုပ်ရမှန်း၊ ဘယ်က စလုပ်ရမှန်းမသိဖြစ်နေသည်။ ထို့ပြင် မိမိဖြစ်ချင်တာဖြစ် နိုင်လောက်သည့် ပညာအခံ၊ အချိန်ပေးကြိုးစားအားထုတ်မှု၊ အခြေအနေနှင့် လမ်းကြောင်း အမှန်စသည်တို့အပေါ် မှန်မှန်ကန်ကန်သုံးသပ်နိုင်မှု အားနည်း လျက် အခုလုပ် အခုဖြစ်ချင်ကာ အခုမရလျှင် မိမိမှလွဲ၍ ကျန်ရင်းမြစ်များအားလုံး အပေါ်တရားခံရှာဖွေသည့်ပုံစံမျိုးများဖြစ်ပေါ်နေသည်ကို တွေ့ရသည်။ ထို့ အတွက် ပလက်ဖောင်းတစ်ခုသည် အရေးတကြီးလိုအပ်လှပေသည်။

အနည်းဆုံးအဆင့်အနေဖြင့် တစ်ကိုယ်ရည် ပုဂ္ဂိုလ်ရေးဘဝမှာပင် ပလက်ဖောင်း တစ်ခုသည် ထိုမျှ အရေးပါလှပေရာ အဖွဲ့အစည်းတစ်ခုနှင့်ဆိုင်သော၊ တိုင်းရေး
ပြည်ရာကိစ္စနှင့်ဆိုင်သော နယ်ပယ်တို့အတွက်လည်း ပလက်ဖောင်းများရှိရန် လိုအပ်ပေသည်။

သို့တိုင်အောင်ပင် ရံဖန်ရံခါတွင် မိမိတို့လျှောက်မည့်လမ်းအတွက် မိမိတို့ ကိုယ်တိုင်ပင် ပလက်ဖောင်းများ ကို ပြန်ဖောက်ယူရသည့်အခြေအနေများလည်း ရှိတတ် ပေသေးသည်။ ထိုအခြေအနေသည် ယနေ့မြန်မာနိုင်ငံ ရင်ဆိုင်နေရ သည့် အခြေအနေပင်ဖြစ်သည်။ သို့ဖြစ်ရာ လူငယ်လူရွယ်များအနေဖြင့်လည်း မိမိတို့ပလက်ဖောင်းကို မိမိတို့ကိုယ်တိုင် ရွေးချယ်ဖောက်လုပ် လျှောက်လှမ်း နိုင်ရန်အရေးကြီးပြီး ထိုပလက်ဖောင်းများ မှန်ကန်ပါမှ မိမိတို့တိုင်းပြည် လည်း ကောင်းမွန်သောပလက်ဖောင်းပေါ် ရောက်ရှိတက်လှမ်းနိုင်မည်
ဖြစ်ပေသည်။

(၂)
ပထမအကြိမ် သက်ကြီးသတင်းစာပညာရှင်များ ပူဇော်ပွဲသို့ တက်ရောက် လာကြသည့် သတင်းစာဆရာကြီးများတွင် တက္ကသိုလ်မြတ်သူ၊ ခင်မောင်အေး (မန္တလေး)၊ နတ်မောက်ထွန်းရှိန်၊ ချောင်းဆုံအုန်းသွင်၊ ဦးသာဘန်း၊ ဦးအုန်းကြိုင် (ဟံသာဝတီ)၊ ခင်မောင်ထွေး(ပျဉ်းမနား)၊ တက္ကသိုလ်ကိုကိုကြီး၊ ဖိုးသော ကြာ(ခေတ်+မိုး)၊ ဦးဇေ ယျာ(ခ) ဦးဝမ်းစိန်၊ အထောက်တော်စိန်ထွန်းအောင်၊ သိဏ်းဆွေမြင့်၊ မင်းလတ်(သန်လျင်)၊ ဗဟိုသိမ်းဆောင်၊ ဦးညွန့်တင်၊ တက္က သိုလ်စိန်တင်၊ သထုံတင်ထွန်း၊ မောင်ရဲဝင်း၊ မအူပင်လွင်ဦး၊ ကျော်သိန်း(ကြေး မုံ)၊ ကျော်ကျော်-(ဥက္ကံ)၊ ဦးကျော်သန်း(မန္တလေး)၊ ဦးတင်လှ၊ မောင်ရေအေး (ပခုက္ကူ)၊ ဦးခင်မောင်သွင်၊ တက္ကသိုလ်မင်းကို၊ မြန်မာ့ အလင်းအောင်သန်း၊ ဦးအောင်သန်း၊ ဦးထွန်းကြည်၊ ဦးတင်လှိုင်၊ ဦးကျော်လှ၊ မောင်သိန်းတန်၊ ဦးကျော် သန်း၊ ရွှေမြိုင်တင်လှိုင်၊ ဦးဖေစိန်၊ မင်းကို-စစ်ကိုင်း၊ ဦးစဝ်ကိုင်ဖ၊ ဦးဆိုင်ကျင် (မြို့မ)၊ တင်မောင်လတ်(လမ်းမတော်)၊ မင်းသူရိန်၊ ဦးဝင်းမြင့်၊ ဦးခင်ဝင်း၊ ဦးသိန်း တန်၊ ကြေးမုံ ဦးသော်၊ ဦးကြည်မြင့်၊ ဒေါ်တင်မျိုးနွယ်၊ သတင်းထောက် စိုးဝင်း-သန်လျင်၊ ဦးစိန်လှဦး၊ ဦးကျော်သန်း၊ ကျော်လှိုင်- ဓာတ်ပုံ၊ ညိုအောင်၊ ဦးသန်းမောင်၊ ဦးခင်မောင်ညွန့်၊ ဦးသာထွန်းဝေ၊ သူတော်စင်မင်းအောင်၊ ဝင်းကြည်-မွန်ပြည်နယ်၊ အေးဝေ-သရက်၊ သတင်းထောက် တင်မောင်အေး၊
မြရွှေ-ပြည်၊ ရတနာလှိုင်၊ ဦးသိန်းဟန်၊ ဦးချစ် သိန်း၊ ဦးမောင်မောင်တင်၊ မေမြို့ချစ်
ဆွေ စသဖြင့် ၆၄ဦး ပါဝင်သည်။

MJA သတင်းလွှာတွင် သူတို့၏ဓာတ်ပုံများကိုလည်း ဖော်ပြပေးထားသည် ကို တွေ့ရသည်။ ပထမဆုံးအကြိမ် ကျင်းပဖြစ်သည့် သက်ကြီးသတင်းစာ ဆရာကြီးများအား ပူဇော်ပွဲတွင် တွေ့မြင်ခံစားရသည့် ခံစားမှုများနှင့် ဆက်စပ်၍ ၂၀၁၂ခုနှစ်၊ အောက်တိုဘာလအတွင်းက တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ အင်ဆာဒွန်ရပ်ကွက် အနီးရှိ ကွမ်ဟန်းသတင်းစာကလပ်သို့ ရောက်ရှိခဲ့စဉ် က မြင်ကွင်းကို ပြန်သတိရနေမိပေသည်။ ကွမ်ဟန်းသတင်းစာကလပ်အဝင်ဝ တွင် ကြည့်ရှုသူကိုလိုက်၍ ရုပ်လုံးဖောင်းကြွပုံစံဖြင့် ဖန်တီးထုလုပ်ထားသည့် ကွမ်ဟန်း သတင်းစာကလပ်ကို စတင်တည်ထောင်သူ၏ လူ့အရွယ်အစားရှိ သရီးဒီရုပ်ကြွပုံကြီးဖြစ်သည်။ ထိုပန်းပုရုပ်ကြွပုံသည် အလွန်အသက်ပါ လှပေသည်။ ထိုမှဆက်၍ ဝင်သွားလျှင် မြေညီထပ်တစ်ခန်းလုံးတွင် ကွမ်ဟန်းသတင်းစာကလပ် အဖွဲ့ဝင်သတင်းစာဆရာများ၏ လုပ်ဆောင်ချက် များ၊ မှတ်တမ်းမှတ်ရာများ၊ အစဉ်အဆက် ယင်းကလပ် ၏ အဖွဲ့ဝင်အဆင့်ဆင့် ရာထူးအပြောင်းအလဲများ၊ ခေတ် ကာလအလိုက် လုပ်ဆောင်ချက်များ၊ ယင်းသတင်းစာက လပ်သို့ နိုင်ငံ့ခေါင်းဆောင်များ၊ ကမ္ဘာ့ခေါင်းဆောင်များ လာရောက်လည်ပတ်လေ့လာခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများကို ကြွေပြားနံရံ ထက်တွင် ပုံနှိပ်မော်ကွန်းထိုးဖော် ပြထားသည်ကိုတွေ့ရသည်။ ထို့ပြင် ယင်းသတင်းစာကလပ် အဖွဲ့ဝင်များ၏ ဓာတ်ပုံများကို ပတ်စ်ပို့ဆိုဒ်အရွယ်လေး များဖြင့် ကျောက်တိုင်သဖွယ်ပြုလုပ်ဖော်ပြထားပုံမှာ အလွန်လေးစားစရာ
ကောင်းလှသည်ကို တွေ့မြင်ခဲ့ရပေသည်။

ယင်းသတင်းစာကလပ်ပြတိုက်တွင် အတွေ့ရများ သည့်ဖြစ်ရပ်များနှင့် မြင်ကွင်း များထဲတွင် ကိုရီးယားပြည်တွင်းစစ်ကာလ ၁၉၅၀-၅၃အတွင်း အခြေအနေများ၊ ထိုခေတ်မှ ကိုရီးယားသတင်းစာလောက၏ အနေအထားနှင့် ရပ်တည်ချက်များ၊ ထိုခေတ်က သတင်းသမားများ အသုံးပြုခဲ့ကြသည့် ယခုအခါ ဒိတ်အောက်နေ ပြီဖြစ်သည့် ဖုန်း၊ ဖက်စ်၊ လက်နှိပ်စက်နှင့်ကလောင်တံ၊ အသံဖမ်းစက် စသည့် မှတ်တမ်းမှတ်ရာများ၊ ထိုသူတို့ ရေးသား ထုတ်ဝေ ခဲ့သည့် စာအုပ်စာ တမ်းများကိုပါလေ့လာနိုင်ရန် ဖော်ပြထားသည်ကိုတွေ့ရသည်။ ဒုတိယထပ်သည် အစည်း အဝေးခန်းမနှင့် ဧည့်ခန်းမဖြစ်ပြီး ကျယ်ဝန်း လွတ်လပ်လှပေသည်။ တတိယထပ်တွင် ယင်းသတင်းစာကလပ်ဝင် သတင်းသမားများအလုပ်လုပ်နိုင် ရန် အခန်းများဖွဲ့စည်းပေးထားပြီး၊ စာကြည့်တိုက်နှင့်Reference လုပ်စရာ စာအုပ်စာတမ်းများကို ထားရှိပေးထားသည်ကို တွေ့ရ ပေသည်။
ယင်းကလပ်ကို ၁၉၅၆ခုနှစ် ကိုရီးယားစစ်ပွဲအပြီး သုံးနှစ်အကြာတွင် တည်
ထောင်ခဲ့ခြင်းဖြစ်သည်။ ယင်းကလပ်၏ထူးခြားမှုမှာ ယင်းကလပ်သည်ပုဂ္ဂလိက တည် ထောင်မှုဖြစ်ပြီး ယခုအခါ ကွမ်ဟန်းကလပ် (KWAN-HUN Club) သည် ကိုရီးယားပရက်ဖောင်ဒေးရှင်း (KPF) နှင့်တွဲဖက်၍ KWANHUN-KPF Fellowship သင်တန်းများကို ၂၀၁၂ခုနှစ်မှ စတင်ပေးလျက်ရှိသည်။

မိမိစိတ်ထဲတွင် ဪ...ကိုယ်တို့ဆီမှာလည်း ဒီလိုသတင်းထောက်ကလပ်တွေ အားကောင်းလာရင် ဘယ်လောက်ကောင်းလိမ့်မလဲဟု အောက်မေ့နေ မိပါသည်။ လောလောဆယ်တွင်တော့ ထိုသို့ဖြစ်ပေါ်လာရန် သိပ်မလွယ် လှသေးချေ။ လက်ရှိမြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အပါအ ဝင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟို ( MJA) မြန်မာနိုင်ငံသတင်း စာဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး)၊ မြန်မာသတင်းသမဂ္ဂ (MJU)
မြန်မာသတင်းကွန်ရက်(MJN)စသည့် သတင်းအဖွဲ့အစည်းများသည် ရပ်တည် ရန်ပင် အတော်အားခဲလုပ်ကိုင်နေကြသည်ကိုတွေ့ရသည်။ ပြောရလျှင် ထိုသို့ သောသတင်းအဖွဲ့အစည်းများ ရပ်တည်ရေးမပြောနှင့် လက်ရှိထုတ်ဝေနေ သည့် နေ့စဉ်ထုတ်သတင်းစာများ၏ ရပ်တည်ရေးပင်လျှင် အလွန်မလွယ်ကူ လှသည့်အချိန် ဖြစ်နေရာ ယခုလိုခေတ်ကျပ်အခါကျပ်ကြီးထဲတွင် သက်ကြီး သတင်းစာဆရာကြီးများကို အမှတ်ထင်ထင် မမေ့မလျော့ဖြင့် တန်ဖိုးထားဖော် ထုတ်ခဲ့သည့် ပူဇော်ပွဲသည် အလွန်ဂုဏ်သိက္ခာကြီးမားလှသည့် အညတရတို့၏ အောင်ပွဲဟု ဆိုရမည်ထင်ပေသည်။
- - - - - - - - - - - -

#Democracytoday


 

No comments:

Post a Comment