ရန်ကုန်၊ နိုဝင်ဘာ ၂၄
ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင်
စွပ်စွဲ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးအတွက် အနည်းဆုံး ဘတ် ၁၀ သိန်း
အသုံးပြုကာ နိုဝင်ဘာလ ၂၆ ရက်နေ့ (ယနေ့) တွင် အာမခံ လျှောက်ထားမည်
ဖြစ်ကြောင်း မြန်မာသံရုံး အထူးစုံစမ်းရေး ကော်မတီမှ ရှေ့နေ
ဦးအောင်မျိုးသန့်က ပြောကြားသည်။
အာမခံ (အချုပ်လွတ် ထုချေလွှာ)
လျှောက်ထားရန် လိုအပ်သည့် ငွေကြေးများကို ထိုင်းနိုင်ငံတွင်ရှိသည့် မြန်မာ၊
ထိုင်းအဖွဲ့အစည်းများနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့က
ထုတ်ပေးမည်ဟု ပြောဆိုထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်
ဦးဝင်းမောင်က ပြောကြားသည်။
မြန်မာနှစ်ဦး ယခု သီတင်းပတ်အတွင်း
အာမခံ လျှောက်ထားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့က The Voice ၏
မေးမြန်းမှုကို ၎င်းက ယင်းသို့ ဖြေကြားခဲ့သည်။
အာမခံ လျှောက်ထားရာတွင်
မြန်မာတစ်ဦးအတွက် အနည်းဆုံး ဘတ်ငါးသိန်း အသုံးပြုရမည် ဖြစ်ပြီး အာမခံ
လျှောက်ရာတွင် ငွေကြေးမည်မျှ အသုံးပြုသွားမည်ကို မြန်မာသံရုံး
အထူးစုံစမ်းရေး ကော်မတီက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ “တရားရုံးက
ခိုင်လုံတဲ့ ငွေဖြစ်အောင် အသုံးပြုသွားမှာပါ” ဟု ဦးအောင်မျိုးသန့်က
ပြောကြားသည်။
မြန်မာနှစ်ဦး အာမခံ ရမရအတွက် တရားရုံးက ချမှတ်မည့် အမိန့်ကို စောင့်ရမည်ဟု ၎င်းကဆိုသည်။
ကော့ခမွီ အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ဝင်းဇော်ထွန်းနှင့်
ဇော်လင်းတို့ကို မြန်မာသံရုံး အထူးစုံစမ်းရေး ကော်မတီက သွားရောက်
တွေ့ဆုံမည် ဖြစ်ပြီး တွေ့ဆုံပြီးပါက တရားရုံးတွင် အာမခံ လျှောက်ထားမည်
ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထူးချစ်က
ပြောကြားသည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားလွှတ်တော်
ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြန်မာနှစ်ဦး အာမခံအတွက် ကုန်ကျမည့် ငွေကြေးကို
ကူညီပေးမည် ဖြစ်ကြောင်း အထူးစုံစမ်းရေး ကော်မတီနှင့် နိုဝင်ဘာလ ၂၃ ရက်နေ့က
တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။
အထူးစုံစမ်းရေး ကော်မတီအတွက်
လိုအပ်သည့် အရာများကိုလည်း အတတ်နိုင်ဆုံး အကူအညီ ပေးမည်ဟု ၎င်းက
ပြောဆိုခဲ့ကြောင်း ဦးထူးချစ်က ပြန်လည် ပြောဆိုသည်။
လိပ်ကျွန်း
လူသတ်မှုနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်က ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေး
အဖွဲ့သို့ လှူဒါန်းခဲ့သည့် ကျပ်သိန်း ၃၀၀ ထဲက အမေရိကန်ဒေါ်လာ ၁၅၀၀၀ ကို
အထူးစုံးစမ်ရေး ကော်မတီသို့ လှူဒါန်းခဲ့ပြီး ကျန်ငွေ များကိုလည်း
ကော်မတီကို လွှဲပြောင်းပေးရန် ဦးခင်အောင်မြင့်က ညွန်ကြားခဲ့ကြောင်း
ဦးထူးချစ်က ဆိုသည်။
မြန်မာနှစ်ဦးကို ငါးကြိမ်မြောက်အဖြစ် နောက်ထပ်
၁၂ ရက် ထပ်မံထိန်းသိမ်းထားရန် ကော့စမွီ တရားရုံးက နိုဝင်ဘာလ ၂၀ ရက်နေ့က
ခွင့်ပြုခဲ့ပြီး မြန်မာတစ်ဦးလျှင် အနည်းဆုံး ဘတ်ငါးသိန်းဖြင့် အာမခံ
လျှောက်ထားနိုင်သည်ဟုလည်း တရားသူကြီးက ခွင့်ပြုခဲ့သည်။
Credit - The Voice Weekly
No comments:
Post a Comment