Sunday, November 23, 2014

ကိုကိုလာမယ်ဆိုလို့ (သရော်စာ)

သရော်စာ - ငွေစန်းရောင်

ကမ္ဘာလောကကြီးမှာ ကျုပ်တို့ မြန်မာလူမျိုးတွေလောက် သွေးခွဲ ရတာ သွေးထိုး ရတာ လွယ်တဲ့လူမျိုး ရိုးစွဲနောက်ထပ် ရှိလိမ့်မယ် မထင်ပါဘူး။ ဂျာနယ်ထဲ ဆောင်းပါးလေး တစ်ပုဒ်လောက်ပါရုံနဲ့ မပြီးနိုင်မစီးနိုင် ထသတ်ကြ တာများ မြင်မကောင်း ဖတ်မကောင်းဘူး။ ကိုယ်လည်းပဲ အစက မရေးဘူးလို့နေ တာ ခဏခဏ လာလာမေးကြတော့ သည်တစ်ခါတော့ မနောက်ဘူး။ မရွဲ့ဘူး။ အတည်ပြောမယ်ဗျာ။ ယုံချင်ယုံ မယုံချင်နေ။

စစ်တပ်က ဆရာဝန်တွေ အရပ်ဘက်ကို ရောက်လာတော့မယ်ဆိုတာ ဘယ်လို ခံစားရ သလဲမေးရင် ဘယ်လိုမှမခံစားရပါဘူး။ “နောက် ထပ် လာချင်လာပါ။ မထူးဆန်းတော့ပါ။ နှလုံးသားထဲက သည်ဒဏ်ရာတွေဟာ ဝဋ်ရှိလို့သာ ခံစား ခဲ့ရတာ ဘယ်သူ့ကိုမှလည်း အပြစ်မတင် တတ်တော့ပါ” လို့ ပြောမလို့။


တကယ်တော့ မြန်မာပြည် ဆရာဝန်လောကဆိုတာ စစ်ဆရာဝန်တွေနဲ့ စခဲ့ တာပါ။ မယုံရင် ဆေးတက္ကသိုလ် ၁ ရဲ့ ကနဦး ပါမောက္ခချုပ် ကြီးတွေရဲ့ နာမည် ကို လိုက်ကြည့်ပေါ့။ အနည်းဆုံးတော့ ကာနယ်ကြီးတွေချည်းပဲ။ ကျန်းမာရေး ဝန်ကြီးတွေလည်း သူတို့ချည်းပဲ။ ကိုယ် အခု အလုပ်လုပ်နေတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆိုတာကအစ စစ်တပ်ဆရာဝန်တွေနဲ့ မကင်းခဲ့ဘူး။ ဒါကြောင့် စစ်တပ်က ဆရာဝန် တွေကို အရည်အသွေး မပြည့်မီဘူးဆိုတဲ့စိတ် ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး။ ကိုယ်တို့မှာ မရှိတဲ့ အရည်အချင်းတွေ သူတို့မှာ ရှိတယ်။ ရှေ့တန်း သွားနိုင်တယ်။ အမိန့်နာခံတယ်။ ရေ ဘူးပေါက်နဲ့ လည်း ရေ ပါအောင် ခပ်နိုင်တယ်။

အခု ကိုယ်တို့ဝန်ကြီးဟာ တစ်သက်လုံး စစ်တပ်ထဲမှာ စစ်မှုထမ်းလာတာ။ အရပ်သား ကျန်းမာရေး ဝန်ထမ်းတွေကို ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင် အုပ်ချုပ် ရတာ တော်တော် စိတ်ပျက်နေလို့ သူ့ဩဇာ တစ်သဝေမတိမ်း နာခံ သူတွေကို စကြာသွားရာ ဗိုလ်ခြေပါသလို ခေါ်ယူတာ အဆန်းမဟုတ်ပါဘူး။ အစောကြီးကတည်းက မျှော်လင့်ထားပြီးသားပါ။ သူ့ကို တာဝန်ပေးထားပြီးရင် သူ့အလုပ်သူ ပီပီပြင်ပြင် လုပ်နိုင်ဖို့ သူခေါ်ချင်တဲ့သူတွေ ခေါ်ကစား လိမ့် မယ်။ ကောင်းတာ မကောင်းတာ ကွင်းထဲ ရောက်တော့မှကြည့်။ အမှန်တော့ လူတိုင်း သိပြီးသား ဆီးသီးဗန်းကြီး မှောက်နေတာ ဟိုလူနှိုက် သည်လူနှိုက်နဲ့မို့ (အာ့ သားသား စကား ဟုတ်ဘူးနော်) ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်ရအောင် ဦးဖိုးစိန်ဇာတ်ထဲကလို ဆီးသီးကောက် မင်းသားလေးတွေကို ယိမ်း နဲ့ ပွဲထုတ်တာ မဟုတ်ဘူးလား။ အဲသလို မီးစတစ်ဖက် ရေမှုတ် တစ်ဖက် တွေးချင်လည်း တွေးကြပေါ့လေ။ ဘယ်ဟာ မှားမှားမှန်မှန် ကိုယ့်ဘက် ကတော့ ဘာခံစားချက်မှမရှိဘူး။

ယီးတီးယားတားလည်း မပြော။ ဆီးသီးနွားစားလည်း သဘော။

ပြဿနာက ဟိုဘက်က လာမယ့်ဆရာဝန် ကလေးတွေဆိုတာ “တပ်ထဲမှာ ဘွဲ့လွန် သုံးခါ ဖြေပြီးတာတောင် မအောင်လို့ သုံးစားလို့ မရတာတွေကို အရပ်ဆေးရုံမှာ လာချောင်ထိုး တာပေါ့လေ” ဆိုတဲ့ စကားတစ်ခွန်းဟာ လာရမယ့်သူတွေကိုရော လက်ခံရမယ့်သူတွေကိုရော အကြီးကြီး ဖီးလ်ငုတ်သွားစေတဲ့ ဆေးထိုး ချက်ကြီး ဖြစ်နေတာပါ။ ဟုတ်တော့ ဟုတ်တယ်လေ။ ဒါပေမဲ့ မပြောသင့်ဘူးပေါ့ ဆိုတဲ့ စကားမျိုး။ ခါတိုင်းလိုပဲ ကိုယ့်ဘာသာ လက်သင့်ရာ စားတော်ခေါ်ပ လိုက်တယ် ဆိုတာကမှ တော်ဦးမယ်။ လူကြီးတွေ သဘောကျ ခေါ်ချင်တဲ့သူခေါ် ဘာမှပြောစရာမရှိဘူး။ ငကန်းလား ငစွေလား ငခုံးမလား။ ဘယ်သူက ရိုက်စစ်နေ လို့လဲ။ ခုတော့ အခေါ်ခံရသူတွေမှာ နာလည်းနာသေး နံလည်းနံသေး။ ရန်တွေလည်း ထဖြစ်ကုန်ရော။ တယ်လည်း ဆေးထိုးကြမ်းတဲ့ ဂျာနယ်ဟယ်။

သူတို့လုပ်တာနဲ့ စစ်ဆေးတက္ကသိုလ်ဆင်း ဆရာဝန်များဟာ အရည်အသွေး မပြည့်မီ၊ အခွင့်ထူးခံ၊ စားသာမလားလို့ ဇာတ်ထဲ လိုက်မိသူတွေလို အမြင်ခံ ရတယ်။ သူတို့ကို စာမေးပွဲစစ်ရင်ကိုယ်တို့ အရပ်ဘက်က ဆရာဝန်ကြီးတွေ ကိုယ်တိုင်ပဲ သွားစစ်ရတာပါ။ သူတို့ကို စာသင်တာကကော။ အရပ်ဘက်က ပင်စင်ယူပြီး တော်ပေ့တတ်ပေ့ဆိုတဲ့ ထိပ်ထိပ်ကြဲ ဆရာကြီးတွေကိုယ်တိုင် အိတ်သွန်ဖာမှောက် သင်ကြားပေးထားတာပါ။ လိပ်ခုံး လမ်းမတော်မြေနင်းဖူး မှ တော်တီးတီးတုံ ဖြစ်နေပြီး မင်္ဂလာဒုံ၊ ခရေပင်လမ်းဝမှာ အလေ့ကျ ပေါက် ပင်တွေ ချည်း ရှိတယ်လို့ မမှတ်ပါနဲ့။ ကိုယ်လည်း ဆေးလောကနေ လာတာ သူတို့တွေနဲ့ ဆုံဖူးတယ်။ အလုပ်လုပ်ဖူးတယ်။ အရပ်ဘက်နဲ့ တပ်ဘက် ဘယ်သူတွေက ပိုတော်သလဲ ဘယ်သူတွေက ပိုညံ့သလဲ။ လာမမေး နဲ့ နိုးကွန်မန့်။ သွေးခွဲစကားလည်း မပြောဘူး။ ကြေးနှိုင်းစကားလည်း မဆိုဘူး။ လုပ်ငန်းခွင် သဘာဝချင်း မတူခြားနားတဲ့အတွက်ကြောင့် နှိုင်းလို့မရဘူး။ ဆရာဝန် အချင်းချင်းဖြစ်တဲ့အတွက် အတူတူ ပေါင်းစပ် ရောနှော လက်တွဲ အလုပ်လုပ် လို့ မခက်ခဲဘူး။

ဒါပေမဲ့ လုပ်ငန်းသဘာဝအရ ဆရာဝန်ချင်းတူပေမယ့်လည်း ကျေးညီနောင် ပုံပြင်ထဲက ကျေးသားလေးတွေလိုပဲ ကျင်လည်ရာ ပတ်ဝန်းကျင်ကို လိုက်လို့ အသွေးအမွေး အလေ့အထချင်း တော်တော်ခြားနားခဲ့ပြီ။ ဆေးကျောင်း တက် ကတည်းက လုပ်ခလစာ၊ ရိက္ခာ၊ အဆောင်ရတယ်ဆိုတာတွေက သူတို့ တစ် တွေ လို စစ်ပုံမကျ မဝင်ရ ဆိုတဲ့ နယ်မြေမှာ အသားသေ အရေထူနေဖို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးပဲ။ ကျောင်းပြီးတာနဲ့ သူတို့ကို မြို့ပေါ်မှာ ယူနီဖောင်း ကလေး ဂျူတီကုတ် ကလေးတွေနဲ့ ဘော်ကျော့ထားမှာ မဟုတ် ဘူး။ ရှေ့တန်းမှာ ကိုယ့်အထုပ် ကိုယ်ထမ်းပြီး ဆင်ကန်းတောတိုးလုပ် ဖို့ လေ့ကျင့်ပေးထားတာ။ သည်အခါမှာ သူတို့ခမျာ အရပ်ဘက် ဆရာဝန်တွေလောက် မြို့ပေါ်က ဆရာဝန်တွေလောက် ဆေးပညာရပ်တွေနဲ့ လက်ပွန်းတတီး ထိတွေ့မှုမရှိတော့ဘဲ အစေ့ကျရာ အပင်ပေါက် ရှင်သန်ဖို့သာ အလေးပေးကြရတယ်။ ဂျီပီပညာများ သွားအထင်မသေးလေ နဲ့။ ကျေးရွာ အရောက် ခရီးပေါက်အောင် ကုနိုင်တာ သူတို့ပဲရှိတယ်။ ဒါပေမဲ့ နောက်ထပ် ဘွဲ့လွန်တွေ ဆက်လက်ဆည်းပူးဖို့ အခွင့်အရေးဆိုတာကျတော့ အငိုလွယ် သလောက် အရှိုက်ခက်ကြတယ်။ စနစ်တစ်ခုရဲ့ သားကောင်ဖြစ်ရတဲ့အထဲမှာ သူတို့လည်း ပါတယ်ဆိုတဲ့ စကားဟာ ရာနှုန်းပြည့်မှန်တယ်။ ကိုယ့်စိတ်ရှိ သလောက် ပြောရရင် သားကောင်တောင် မဟုတ်ဘူး။ ကျေးကျွန်တွေ။

ကလေးတွေ ငယ်ငယ်တုန်းက သားသားကြီးရင် ဘာလုပ်မယ်။ ဆရာဝန်ကြီးဖြစ် ချင်တယ်ဆိုတာလိုပဲ။ ကိုယ်တို့တစ်တွေ ဆရာဝန်ဖြစ်လာတဲ့ အခါမှာလည်း ဘာ ဆရာဝန်ကြီး ဖြစ်ချင်သလဲဆိုတာ ဆရာဝန်ဘ၀ရဲ့ အသက်ပဲ။ ဘယ်လောက်ပဲ အတန်းစဉ် ဆပ်ပလီအဆက်ဆက်နဲ့ အောင်တဲ့သူပဲဖြစ်ဖြစ်။ တော်ပါပြီ။ အမ်ဘီဘီအက်စ်။ စာထပ်မကျက်နိုင်လို့ပါဆို တဲ့ ဆရာဝန် တစ်ယောက်မှ မရှိဘူး။ ဖြစ် နိုင်ရင်ဒစ်ပလိုမာလေး တပ်ရတပ်ရ။ အမြီးလေးတော့ ထပ်ဆက် ချင်တဲ့ သူချည်းပဲ။ ဒါကြောင့် ဆရာဝန်တိုင်းအတွက် နောက်ထပ် ဘွဲ့လွန် တက်ရ ဖို့ ဆိုတာ အသက်တမျှ အရေးကြီးတယ်။ ဒါပေမဲ့ အဲသည်အသက်ကို တပ်ထဲက ဆရာဝန်တွေက သူတို့ဟာ သူတို့မပိုင်ဘူး။ သူတို့မှာ သက်ဦးဆံပိုင် အရှင် သခင်တွေ ရှိ တယ်။ ဟိုက မျောက်ဆိုင်းတီးရင် မျောက်က , က ရတယ် ။ ဇော် သံပေးရင် ဇော်တေးဆိုရတယ်။ ကိုယ်ဝါသနာပါတာလေး တက်ပျစီဆိုတာ လူကြီးသားသမီးမဟုတ်ရင် အိပ်မက်တောင် မမက်နဲ့။ ကိုယ့်ကိုယ်ကိုယ် တတ်လှပြီလို့ ထင်မနေနဲ့။ တပ်ထဲမှာဆိုတာ တော်လည်းတော် တတ်လည်း တတ်မှ။ လူမတတ်ရင်တောင် လက်ဖက်ထုပ်ကလေးတတ်မှ။ ကိုယ်နဲ့ တစ်ပတ် စဉ်ထဲမှာ ဘယ်သူပါသလဲ၊ သူက ဘာဖြေမှာလဲ ဆိုတာလောက်မှ အရိပ် သုံးပါး နားမလည်ရင် ပိုးသာကုန်မယ် မောင်ပုံလည်း စောင်းတတ်ဖွယ် မမြင်။

လူကြီး သားသမီးများကျတော့ ထွိန်နင် တွေရှိသမျှ ဘေဘီကြိုက်တာပြော။ မအောင်ဘဲ ပြန်လာရလည်း အဲ့ကျောင်း သောက်မြင်ကတ်လို့ နောက်လူတွေ ထပ်မလွှတ်နဲ့ကွာတဲ့။ ဆော်တွေကြည်ချက်ကတော့ မင်းသမီးလေးတွေ လိုချင် သလား၊ အဆိုတော်လေးတွေ လို ချင်သလား။ ဒါတွေအကုန်လုံး သူ့ကုသိုလ်နဲ့ သူဗျ။ ကိုယ်တွေက သူတို့လို မအေပေးမျိုးမှ မဟုတ်တာ။ တူစရာလား။ ဖြတ် လမ်းက လိုက်ချင်သပဆို ကိုယ့်ရုပ်ကလေး ကိုယ်သထား။ နှမပေး၊ သမီးယူ ရထားနဲ့ လိုက်လို့ရသေးတယ်။

သူတို့တိုင်းပြည်ကြီးထဲမှာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးမှ မနေတတ်ရင် ဖင်ပါ အာမခံထားလို့ မလောက်ဘူး။ လိုချင်တယ်ဆို ငြင်းလို့ရမယ် ထင်သလား။ ပုံပြင်တွေ တစ်ထောင့်တစ်ညတို့လည်း ကြားဖူးပ။ သည်လူတွေမှာ သုံးခါ မအောင်ရင် နောက်ထပ်ဘာမှ ထပ်ဖြေလို့ မရတော့ဘူးဆိုတဲ့ အနာဟောင်း ကြီးရှိနေပြီ။ “အခု တပ်ထဲမှာ မသုံးချင်တော့ဘူး။ အရပ်ဘက်မှာ ချောင်လာထိုး မလို့” ဆို တာရေနစ်သူ ဝါးကူထိုးတဲ့ ဇာတ်လမ်းပဲ။ မပြောသင့် မလုပ်သင့်ဘူး။

စနစ်ကြီးက ပစ်ချလို့ ရင်နာစရာ ယူကြုံးမရ ဖြစ်ရသူတွေထဲမှာ အရပ်ဘက် ဆရာဝန်တွေကိုလည်း လျှော့မတွက်နဲ့။ အိမ်မှာ ဆေးကျောင်းပြီး စ ကျောင်းသားမိဘတိုင်း နားလည်တယ်။ ကိုယ့်သားသမီး ဆရာဝန်အဖြစ် အစိုးရ အလုပ်ထဲ ဝင်စေချင်ရင် ဘယ်သူ့ ကိုမှ မမေးနဲ့။ ကိုယ့်ကိုယ် ကိုယ် ပြန်မေး။ သူ့တာဝန်ကို နောက် လေးငါးဆယ်နှစ် အိမ်က ဆက်ယူနိုင်သေး သလား။ မယူနိုင်ရင် စိတ်ကူးမယဉ်နဲ့။ ဒါရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူး။ လခနှစ်သိန်းမပြည့်ဘဲ သူ ဘယ်လို ရပ်တည်မလဲ။ ကိုယ့်သားသမီး ကိုယ် လူနာတွေဆီက ခိုးဆိုးလုယက် တောင်းရမ်းစားသောက် နေတာ ဘယ် မိဘမှ မမြင်ရက်ဘူး။ စေတနာ ဆရာဝန်ကလေးဆိုတာ ဝတ္ထုထဲမှာသာ ဖတ်ကောင်းတာ။ အပြင်မှာ တကယ်မရှိဘူးလို့သာ မှတ်ထားလိုက်။ သိပ်မကြာ ဘူး။ သူလည်း စေတနာပျက်သွားသော ဆရာဝန်ကလေးပဲ ဖြစ်လာဖို့ရှိမယ်။ ဝန်ထမ်း ဆရာဝန်ဘ၀ဆိုတာ အိပ်မက်မဟုတ်ဘူး။ နဖူးတွေ့ဒူးတွေ့ တွေ့ နေ ရတာ။

ပြည်နယ်ပြည်မ ကွာဟချက်တွေကို လျှော့ချဖို့ နယ်စပ်နဲ့ တောင်ပေါ် ဝေး လံခေါင်သီသော အရပ်တွေပါမကျန် ဆေးရုံမှန်သမျှကို ခုတင် ၁၀၀ ဆို ၁၀၀၊ ၂၀၀ ဆို ၂၀၀၊ သူ့ဖွဲ့စည်းပုံအတိုင်း နွားထီးငါးကျပ် နွားမငါးကျပ်နဲ့ ဆရာဝန်တွေ ခန့်အပ် လွှတ်လေသောအခါ အရင်တုန်းက လက်ထောက်ဆရာဝန် ၃ ယောက်လောက်နဲ့ လည်ပတ် လုပ်ကိုင်နေသော သန်လျင်လို ဆေးရုံမျိုးကို အယောက် ၅၀ တိတိ ခန့်လွှတ်လိုက်တယ်။ (ဥပမာများစွာထဲက တစ်ခုပြော တာနော်) တချို့ဆေးရုံတွေဆို ဖွဲ့စည်းပုံအသစ် တိုးချဲ့ခွင့်ပြု လိုက်တာပဲ ရှိတယ်။ အဆောက်အအုံတောင် မြေကွက်ကြီး အတိုင်းရှိသေးတာ။ ဆရာဝန်တွေတော့ ခန့်လွှတ်လိုက်ပြီ။ သူတို့တစ်တွေ နေစရာ ထိုင်စရာမပြောနဲ့ အလုပ်လုပ်စရာ စားပွဲကုလားထိုင်တောင် ဝဒ်ထဲမရှိ။ လူနာလည်း မရှိ။ ဖလမ်းဆေးရုံ၊ ဟားခါးဆေးရုံတွေကို ရန်ကုန်ဆေးရုံကြီးနဲ့ တန်းတူထားပြီး ဆရာဝန်တွေ ပို့ပြန်တော့ ဟိုမှာ ဘာသွားလုပ်ကြသလဲ ရောက်ဖူးသူတိုင်း သိကြတယ်။

ဘာလုပ်လုပ် လုပ်ချင်ရာ လုပ်ကြပေါ့အေ။ အရေးကြီးတာက မြေပုံပေါ် ဆေးရောင်လေး တွေခြယ် ။ ညွှန်ကြားချက် အတိုင်း ဆောင်ရွက်ပြီးစီးကြောင်း အဘပြန်သတင်း ပို့နိုင်ရင် ပြီးတာပဲ။ သဗ္ဗေသတ္တာ ကမ္မသကာ။ ကိုယ်တွေ့တွေ ထည့်ပြောရင် မျက်ရည်တောက် တောက်တောင် ယိုသွားမယ်။

ပထမဆုံးအကြိမ် နယ်ထွက်ဖူးတော့ လောက်ကိုင်ကိုဗျ။ နောက်ဆုံးရောက်တဲ့ ဆရာဝန်တို့ ထုံးစံအတိုင်း အလုပ်သမားနဲ့ ဆရာမတန်းလျားက အစုတ်ဆုံး အခန်းကလေးမှာ ဆေးရုံပေါ်က ခုတင်နဲ့ ကိုယ့်မီးချောင်း ကိုယ်ဆင်ပြီး နေ ခဲ့ရတယ်။ အိမ်သာထဲဆေးဖို့ ခွက်ကအစ ဝယ်ရတယ်။ ကိုယ့်ရေကိုယ် ဆွဲ သယ် ရတယ်။ အိမ်သာသွားရင် ဓာတ်မီးနဲ့ ထီးဆောင်းပြီး မြွေပါးကင်းပါးကြည့်သွား ။(လောက်ကိုင်မှာ မြွေပေါက်ခံရဖူးတယ်။ အဆိပ်မရှိလို့ မသေတာ)။ ကိုယ့်ရှေ့က လူပြောင်းတော့ ကောင်းတဲ့ အခန်းလေးရွှေ့နေ။ နောက်ဆုံး ကိုယ့်ထက် ဆေးရုံသက်ရင့်တဲ့သူ မရှိမှ လူလိုသူလိုနေရတာ။ ဒါဆရာဝန်တိုင်း အတွက် မထူးဆန်းတဲ့ ဇာတ်လမ်း။ အိမ်ကမိသားစု လိုက်မနေနိုင်တာလည်း မပြောနဲ့။ ဆရာဝန်ယူပြီးမှ တဲအိုပျက်က မတက်နိုင်တဲ့ဘ၀။ မိန်းကလေး အပျိုတွေဆို စဉ်းစားကြည့်လေ။ အမ်းမှာ အလုပ်လုပ်နိုင်တယ်ဆိုတော့ မလေးရှား က စီနီယာမမ တစ်ယောက်က ချီးမွမ်းတယ်။ သူ့မှာ အလုပ် မထွက် ချင် ဘဲနဲ့ ထွက်ခဲ့ရတဲ့မြို့တဲ့။ ညဥ့်နက်သန်းခေါင် အိမ်မပြန်ဘဲ နှင်မရတဲ့ အလုပ်သမား ယောက်ကျားတစ်ယောက် ရန်က ဘယ်သူမှ ကာကွယ်ပေးမယ့် သူမရှိလို့ ဆရာဝန်ဘ၀ကို ရင်နာနာနဲ့ နှုတ်ဆက်ခဲ့ရတယ်တဲ့။ ဒါကြောင့် အရပ်ဘက်က ဆရာဝန်တွေဟာ မြို့ပေါ်ကလွဲလို့ ဘယ်မှလွှတ်လို့မရဘူး။ ရန်ကုန်က ဒလလောက်ဆို ထွက်စာတင်ကုန်ပြီဆိုတာလည်း မပြောသင့်ဘူး။ သူလည်း သူ့ဒုက္ခနဲ့သူ။ အလုပ်ထွက်ချင်မှဖြင့် အစကတည်းက သည်လခနဲ့ အပင်ပန်းမခံဘူး။ နယ်ရောက်သွားတဲ့ ဆရာဝန် တစ်ယောက်ရဲ့ နေရေး ထိုင်ရေး လုံခြုံရေးကို (စားဝတ်နေရေးတောင်မပါ) ဘယ်သူကမှ တာဝန်ယူ မယ့်သူ မရှိတဲ့အခါ (ဝန်ကြီးဌာနကရော၊ ရောက်ရာဒေသကပါ) သူတို့လည်း ဆက်အလုပ် မလုပ်နိုင်တော့ဘူး။ ဗိုလ်ကြီးတို့မှာ ရှေ့တန်းကပြန်လာရင် တန်းလျားရှိတယ်။ ဆရာဝန်မှာ တံစက်မြိတ်တောင်မရှိဘူး။ ဒီနေရာတွေကို ဗိုလ်ကြီးတို့ လာချင်သပဆိုလည်း လာပါ၊ တွတ်ပါ၊ လပွတ္တာ။ ဆီးသီး မကလို့ တစ်တောင်လုံး သိမ်းသိမ်း။

အခုတော့ ကိုယ်တို့အဖြစ်ဟာ မကြာခင် ကာစင်ဘိုင်လက်မှာ ကပ္ပိခံရတော့ မယ့် ဆဲဆဲ ခြင်းကြီးထဲက ကြက်တွေလိုပဲ ခေါင်းဆိတ်မခံ၊ တောင်ပံ တဖြန်းဖြန်း ဖြစ်နေတာ တော်ရော့လားဗျာ။ တပ်လည်း တပ်အထွာနဲ့ အရပ် လည်း အရပ်အထွာနဲ့ အပြဲကြီးနဲ့ အပြဲလေးတောင် မကွာ။ ပြဲပြဲကိုလန်နေရတာ တစ်ယောက်နဲ့ တစ်ယောက် စာနာနိုင်မှ နှလုံးစိတ်ဝမ်း အေးချမ်းလိမ့်မယ်။ ဟိုးအထက်က လူတွေက ကိုယ်တို့ကို လူလို့မမြင်နိုင်ဘူးဗျ။ ကိုယ်တို့အချင်းချင်း ပဲ လူကို လူလိုမြင်ကြမှဖြစ်မယ်။ တပ်မတော်သားတွေ အသက်စွန့်ရရှာ တာ လေးစားပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ ဘယ်သူ့အတွက် အသက်စွန့် ရတာလဲ၊ ဘယ်သူတွေ အကျိုးရှိသွားတာလဲ ကိုယ့်ဘာသာကိုယ် မြင်အောင် သုံးသပ်သင့်တယ်။

တိုင်းပြည်အတွက် ပြည်သူ့အတွက်လို့ ကိုယ့်ဘာသာ ယုံကြည်တယ်ဆိုလည်း ယုံကြည်ချက်အတွက် အသက်စွန့်တယ်ပဲ ထားလိုက် ပါတော့။ စစ်တပ်မှ အပဖြစ်သော လေးဆယ့်ငါးသန်းဟာလည်း လူတွေပါလို့ လက်ခံပေးနော်။ ရန်သူတွေလို့ မှတ်လည်းမနေပါနဲ့။ ပြောမရရင်တော့ ဘုန်းကြီး ကောက် ဝတ်ပလိုက်မှာဗျား။ ထိုင်ရှိခိုးဖို့သာ ပြင်ထား။ ဆွမ်းစားပါ ကြွပလိုက်မယ်။ ဘာမှတ်လဲ။

 Credit - The Ladies News Journal

 
 

No comments:

Post a Comment