ရန်ကုန်၊ နိုဝင်ဘာ ၂၇
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား ကိုယ်စားလှယ်များ အား နိုဝင်ဘာလ ၂၇
ရက်နေ့တွင် အလွတ်သဘော တွေ့ဆုံရန် ဖိတ်ကြားခဲ့သော်လည်း ၎င်းတို့ကိုယ်စား
လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တစ်ဦးက မတက်ရောက်နိုင်ကြောင်း
နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် အကြောင်းပြန်ခဲ့သည်။
““ဒီကနေ့
တွေ့ဆုံဖို့ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒီမနက်မှာပဲ တပ်မတော်သား
ကိုယ်စားလှယ်တွေ ကိုယ်စား ဗိုလ်မှူးချုပ် တစ်ယောက်က အကြောင်းပြန်ပါတယ်။
ဒီအပတ်စဉ်မှာတော့ သူတို့အနေနဲ့ အခမ်းအနားတစ်ခုနဲ့ နှုတ်ဆက်ပွဲ လုပ်မှာနဲ့
တိုက်ဆိုင်နေတဲ့အတွက် မတက်ရောက်နိုင်တာ
နားလည်ပေးပါဆိုပြီး အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဖိတ်ကြားချက်ကို
စာနဲ့ကော၊ နှုတ်နဲ့ကော အကြောင်းပြန် ပါတယ်။ နိုဝင်ဘာ ၂၈ ရက်နေ့ ကျတော့လည်း
ပြီးတာနဲ့ တန်းပြန်ကြမှာဆိုတော့ မဖြစ်နိုင် ဘူးပေါ့””ဟု ဥတ္တရသီရိမြို့နယ်
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက မြန်မာသံတော်ဆင့်သို့ ပြောသည်။
ယင်းကဲ့သို့ တွေ့ဆုံမှုမှာ အလွတ်သဘော တွေ့ဆုံမှုမျိုးသာ ဖြစ်ပြီး နိုဝင်ဘာ
၂၆ ရက်နေ့တွင် တပ်မတော်သား ကိုယ်စားလှယ်များကို ဖိတ်စာပေးပို့
ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်
ကြံ့ခိုင်ရေး ပါတီအပါအ၀င် အခြားပါတီများမှ ကိုယ်စားလှယ်များနှင့်လည်း
မကြာခဏတွေ့ဆုံ၍ ဆွေးနွေးလေ့ ရှိသည်။ ယခုအကြိမ် ဖိတ်ကြားမှုမှာ
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော်သား ကိုယ်စားလှယ်များကို
ပထမဦးဆုံးအကြိမ် တွေ့ဆုံရန် ဖိတ်ကြားခြင်းလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် ပထမဆုံး
ဖိတ်ခေါ်မှု ဖြစ်သော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်
ကိုယ်စားလှယ်များ ရွေးကောက်ပွဲ အနိုင်ရပြီး ပထမဆုံး လွှတ်တော်
တက်ရောက်စဉ်ကမူ ဒေါ်အောင်ဆန်းစုကြည် ပြုလုပ်သော ညစာစားပွဲတစ်ရပ်ကို တက်ရောက်
လိုကြောင်း လွှတ်တော် ကိုယ်စားလှယ်များဘက်မှ ပြောကြားခဲ့ဖူးသည်။ ထိုစဉ်က
လွှတ်တော် တတိယပုံမှန် အစည်းအဝေးအပြီး ဒေါ်အောင်ဆန်းစုကြည်က
တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များကို ညစာစားပွဲဖြင့်
တည်ခင်းဧည့်ခံရန် စီစဉ်ထားရာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက
မိမိတို့လည်း တက်ရောက်လိုကြောင်း အလွတ်သဘော ပြောကြားခဲ့သဖြင့်
ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်နိုင်ကြောင်း ဖိတ်မန္တက ပြုခဲ့သည်။ သို့သော်
တပ် မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ဘက်မှ အမှန်တကယ် တက်ရောက်ခဲ့ခြင်း
မရှိပေ။
တပ်မတော်သား ကိုယ်စားလှယ်များ၏ ဒေါ်အောင်ဆန်းစုကြည်နှင့်
လွှတ်တော်ပြင်ပတွင် တွေ့ဆုံရေးအား ရှောင်ရှား မှုများအပေါ် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက
““တကယ့်တကယ်ကျတော့ သူတို့ဆုံးဖြတ်ချက်က အတည်မှမဖြစ်တာ။ သူတို့က
ညွှန်ကြားချက်နဲ့ သွားရတာလေ”” ဟု မှတ်ချက်ပြုသည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment