![]() |
ဖွဲ့စည်းပုံပြင်ဆင်ရေး၊ လေးပွင့်ဆိုင်တွေ့ဆုံရေးတို့အတွက် နိုဝင်ဘာ ၂၁ ရက်က ပခုက္ကူမြို့ ဒေသခံများ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း) |
လူဖြစ်လာလျှင် သမိုင်းဟူသည် ပေါက်ဖွားလာတတ်စမြဲ။ လူသည် လှုပ်ရှားသွားလာ ကျင့်ကြံနေထိုင်ပြောဆိုသည့်အမျိုး ဖြစ်သောကြောင့် ယင်းမှပေါက်ဖွားလာသည့် အစဉ်အလာမှတ်တမ်း အဖြစ်အပျက်တို့မှာ ကာလကြာမြင့်လာသည်နှင့်အမျှ လူ၏သမိုင်း ဖြစ်သွားသည်။ လူနှင့်သမိုင်း အဆက်အစပ်၊ အနှောင်အဖွဲ့ ရှိနေသကဲ့သို့ လူနှင့်နိုင်ငံရေးသည်လည်း တစ်ထပ်တည်းကျနေတတ်လေ့ ရှိသည်။ အပြုအမူမှန်သမျှအတွက် ကိုယ့်သမိုင်းကိုယ်ရေးနေသည်ဟု ပြောဆိုမှုရှိကြသော်လည်း ကိုယ့်သမိုင်းကိုယ်ရေးရာတွင် အဖြစ်အပျက်၊ အကြောင်းအရာအမှန်ကို ထိမ်ချန်ထားခြင်း၊ တိမ်းစောင်းလွဲချော်သွားရန် အများအားလှည့်စားလိုစိတ်ဖြင့် ကြိုးပမ်းခြင်း စသည့်လုပ်ရပ်မှတ်တမ်းတို့ကို လူအများကလက်ခံရန် ခက်ခဲနေပေလိမ့်မည်။
ချိုမြိန်သော သမိုင်းဟူသည် ဘယ်သောအခါမျှ မရှိနိုင်။
အလွန်ခါးသီးသော သမိုင်းဖြစ်စဉ်များအား ခါးသီးပြင်းထန်စွာ ဖြတ်သန်းခံစားလာရသူ တစ်ယောက်အဖို့ ထိုသမိုင်းဖြစ်စဉ်အား မေ့ပစ်ရန်ဆိုသည်မှာ မမျှော်လင့်စကောင်းပေ။ မေ့ပစ်လိုက်မည်၊ သင်ပုန်းချေလိုက်မည်ဟုဆိုပါက ခါးသီးသောသမိုင်းဖြစ်စဉ် ဖန်တီးခဲ့သူများအား အားပေးအားမြှောက်ပြုနေခြင်းနှင့် တူနေပေလိမ့်မည်။
သမိုင်းပညာရှင် George Santayana ၏ အဆိုတစ်ရပ်တွင် ‘အတိတ်ဖြစ်စဉ်ကို အမှတ်မရနိုင်သူတို့သည် ယင်းဖြစ်စဉ်အတိုင်း ထပ်မံကျူးလွန်ပြီး အရှုတ်ချခံဖို့ ဖြစ်လာကြသည်’ ဟု သတိပေးရေးသားထား၏။
ဖုံးကွယ်၍မရသော သမိုင်းဖြစ်စဉ်တစ်ခုကို သာဓကအနေဖြင့် ဖော်ပြရလျှင် ၁၉၈၉ ခုနှစ် တရုတ်ပြည် တီယန်နင်မင် လူသတ်ပွဲကြီး (Tiananmen Massacre) ကို ပြရမည်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးဖြစ်သူ၊ ပျော့ပျောင်းသော ပြုပြင်ပြောင်းလဲရေး ၀ါဒီလည်းဖြစ်သူ ‘ဟူရောင်ဘန်း’ အား နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးသဘောထားတင်းမာသူ အုပ်စုက ရာထူးမှဖယ်ရှားလိုက်သည့်နောက်ပိုင်း ၁၉၈၉ ဧပြီတွင် ဟူရောင်ဘန်း ကွယ်လွန်သွားပြီးချိန်မှစ၍ ဆန္ဒပြပွဲများ စတင်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်ပေသည်။ တက္ကသိုလ်ကျောင်းသားများ တီယန်နင်မင်ရင်ပြင်၌ ဆန္ဒပြစုရုံးနေခြင်းအား အာဏာပိုင်တို့က စစ်တပ်ဖြင့် ရက်ရက်စက်စက် ဖြိုခွင်းခဲ့ရုံမျှမက ဤအဖြစ်အပျက်အမှန်ကို သတင်းရယူနိုင်ခြင်း မရှိစေရန် ပြည်ပဂျာနယ်လစ်များအား နိုင်ငံမှထွက်ခွာစေခဲ့သည်။ ကျောင်းသားနှင့်ပြည်သူ ရာထောင်ချီ၍ ဖမ်းဆီးသတ်ဖြတ်ခံရသည့် ဤသမိုင်းဖြစ်စဉ်ကို မှေးမှိန်စေရန်၊ ပျောက်ပျက်စေရန် မည်သည့်တန်ခိုးရှင်ကမျှ စွမ်းဆောင်နိုင်မည် မဟုတ်သောကြောင့် သမိုင်းခရီးရှည် တစ်လျှောက်လုံးတွင် မဆုံးသောရသခါးဖြင့်သာ လွှမ်းခြုံနေဦးမည် ဖြစ်သည်။
၂၀၁၁ ခုနှစ်မှစတင်၍ ဘာရိန်းနိုင်ငံတွင်လည်း အာဏာရှင်စနစ်၊ အကျင့်ပျက်ခြစားမှု၊ ရှီးယားစ် (Shias) လူမျိုးအား ခွဲခြားဆက်ဆံမှု၊ အလုပ်လက်မဲ့ပြဿနာနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အလွန်နှေးကွေးမှု စသည်တို့ကြောင့် လူထုအုံကြွလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပေါ်နေခဲ့သည်။ မနားမား (Manama) မြို့တော်တွင် ဆန္ဒပြသူများ အစိုးရ၏ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူနှင့် ထိခိုက်သေဆုံးသူ အများအပြား ရှိခဲ့သည်။ ရဲတပ်ဖွဲ့၏ ကိုင်တွယ်ဖြေရှင်းပုံမှာ ဆရာဝန်များနှင့် ဘလော့ဂါများပါဝင်သော လက်နက်မဲ့ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်လွန်းသည်ဟု မှတ်ချက်ချကြသည်ဆိုသည်။
ယခုလည်း ဒီမိုကရေစီလမ်းကြောင်းပေါ်မှ ပန်းတိုင်သို့ လျှောက်လှမ်းနေသည့်ခေတ်။ ပြုပြင်ပြောင်းလဲရေးဟု ဆိုသာဆိုနေသော်လည်း ပြုပြင်မရ၊ ပြောင်းလဲရန်မဖြစ်ဟု ငြင်းဆိုနေသောကိစ္စများ အထင်အရှား ရှိနေသေးသည်။ ပြီးတော့ လူဆိုသည်မှာ မိမိအပြုအမူ၊ အပြောအဆိုနှင့်ပတ်သက်၍ တာဝန်ယူ တာဝန်ခံရသည်မျိုး . . . . .
များမကြာမီ ဘုရင်ဟာမတ် (Hamad) က ထိုဖြစ်စဉ်အား လေ့လာသုံးသပ်ရန် နိုင်ငံတကာပုဂ္ဂိုလ်များ ပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပေးလိုက်သည်။ စုံစမ်းစစ်ဆေးချက်၌ အစိုးရ၏ အကွက်ကျကျညှဉ်းပန်းခြင်း၊ ကာယနှင့်စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ကလူပြုခြင်းနှင့် လူ့အခွင့်အရေးဖောက်ဖျက်ခြင်း စသည်တို့ကို တွေ့ရှိရသည်ဆိုသည်။ သို့ဖြစ်၍ ယင်းဖြစ်စဉ်တစ်ခုလုံးသည် ဘာရိန်း၏သမိုင်းစာမျက်နှာပေါ်က အမည်းစက်ပင်ဖြစ်ကြောင်း အများက မှတ်ချက်ချဝေဖန်ကြသည်။
ဆီးရီးယားနိုင်ငံတွင် လူ့အခွင့်အရေးအဆင့်နှင့် ပတ်သက်၍ ထူးကဲစွာ နိမ့်ကျနေသည်ဟု နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။ ဆီးရီးယားမှာ လွတ်လပ်သောရွေးကောက်ပွဲမရှိသည့် ပါတီစုံနိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်နှင့် စုဝေးခွင့်တို့ကိုလည်း တင်းကျပ်စွာ ထိန်းချုပ်ကန့်သတ်ထားသည်။ ဆီးရီးယား၏ လူ့အခွင့်အရေးနိမ့်ကျနေမှုကို မြှင့်တင်ရန်သာမက သမ္မတအာဆတ်က သူ၏ ၁၀ နှစ်တာ အုပ်ချုပ်မှုကာလအတွင်း ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ခြင်းကြောင့် ဆီးရီးယားသည် ကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေး အခြေအနေတစ်ရပ်၌ ရပ်တည်နေခဲ့သည်ဆိုသည်။ မျက်မြင်သက်သေ မှတ်တမ်းများအရ ညှဉ်းပန်းနှိပ်စက်ခြင်း ဖမ်းဆီးအကျဉ်းချခြင်းနှင့် ထောင်တွင်းသေဆုံးခြင်းစသည့် ရာဇ၀တ်မှုများအတွက် အစိုးရတွင် တာဝန်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း ပြောကြားသည်။
သမိုင်းရသခါးများနှင့်ချည်း ဖြတ်သန်းကြုံတွေ့ခဲ့ရသောလောက ဤလူ့ရွာကြီး၌ အခါးမဟုတ်ဘဲ ချိုမြိန်သည်ဟု သမုတ်နိုင်သည့် သမိုင်းဖြစ်စဉ်တစ်ခုတော့ ရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ယင်းမှာ ‘ဘာလင်တံတိုင်းပြိုလဲခြင်း’ (The Fall of Berlin Wall) ဖြစ်စဉ် ဖြစ်၏။ တံတိုင်းပြိုလဲခြင်းဟု တင်စားထားသော်လည်း တကယ်တမ်းမူ အရှေ့နှင့်အနောက် ဂျာမနီနိုင်ငံအား ပိုင်းခြားထားသော အုတ်တံတိုင်းကို ထုခွဲဖြိုချခြင်းသာဖြစ်သည်။ ၁၉၆၁ မှ ၁၉၈၉ ခုနှစ်အထိ တည်ရှိခဲ့သည့် အုတ်တံတိုင်းကို အရှေ့ဂျာမနီ (ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ) က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ အရှေ့အုပ်စု (ဂျာမနီ) ၌ နိုင်ငံရေးပြောင်းလဲမှုများ၊ အဓိကအားဖြင့် အာဏာရှင်စနစ်၏ သဘောထားဖြေလျှော့ပေးမှု အပါအ၀င် ပိုလန်နှင့် ဟန်ဂေရီနိုင်ငံတို့ရှိ နိုင်ငံရေးအာဏာချုပ်ကိုင်မှု လျော့ပါးသွားခြင်းနှင့်အတူ ဂျာမန်ပြည်သူအားလုံးသည် အစိုးရနှင့်ပူးပေါင်း၍ ဘာလင်တံတိုင်းအား ၀ိုင်းဝန်းဖြိုဖျက်လိုက်ကြခြင်းဖြင့် သမိုင်းတစ်ခုကို ရေးလိုက်ကြသည်။ သမိုင်းရှုထောင့်မှ ကြည့်ပါက ကမ္ဘာ့သမိုင်းဖြစ်စဉ် အများအပြားအနက် ဤဖြစ်စဉ်မှာ နှစ်ခြမ်းကွဲ ဂျာမနီနိုင်ငံနှစ်ခုအား ပေါင်းစည်းပေးသော၊ ရသချိုမြိန်ခြင်းဖြင့်ပြီးသော ဖြစ်စဉ်တစ်ခုဟု ဆိုရပေမည်။
သမိုင်းဖြစ်ရပ်မှန်ကို ဖျောက်ဖျက်ပစ်ရန်၊ တိမ်းစောင်းသွားရန်၊ မေ့ပျောက်သွားရန် ကြိုးပမ်းနေသူများ အချိန်အခါမရွေး ပေါ်ပေါက်နေတတ်သည်။ ယင်းသို့မဖြစ်စေရန် သမိုင်းပညာရှင်များ၊ သတင်းစာဆရာများ၊ စာရေးဆရာများ၊ မီဒီယာသမားများသည် ချိန်ခါမလပ် မျက်ခြည်ပြတ်မခံ ထိန်းသိမ်းနေကြရမည်သာဖြစ်၏။
မြန်မာနိုင်ငံ၏ သမိုင်းစဉ်တစ်လျှောက်လုံးတွင် စစ်အာဏာရှင်အုပ်စိုးစဉ် ကာလမှစပြီး ချိုမြိန်သည့်သမိုင်းကိုရှာလျှင် ဖွေရှာသူမောရုံသာ ရှိမည်။ ကျောင်းသားနှင့် အလုပ်သမား အရေးအခင်းများစွာကို အကြိမ်ကြိမ်ဖြတ်သန်းပြီး ရွှေဝါရောင်တော်လှန်ရေး အပါအ၀င် ၈၈ ဒီမိုကရေစီအရေးတော်ပုံအထိ ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်ထဲ၌ အသက်အိုးအိမ် သေကျေပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့သည်။ သမိုင်းကမလှပပါ။ သမိုင်းရသ အလွန်ခါးခဲ့ပါသည်။
ယခုလည်း ဒီမိုကရေစီလမ်းကြောင်းပေါ်မှ ပန်းတိုင်သို့ လျှောက်လှမ်းနေသည့်ခေတ်။ ပြုပြင်ပြောင်းလဲရေးဟု ဆိုသာဆိုနေသော်လည်း ပြုပြင်မရ၊ ပြောင်းလဲရန်မဖြစ်ဟု ငြင်းဆိုနေသောကိစ္စများ အထင်အရှား ရှိနေသေးသည်။ ပြီးတော့ လူဆိုသည်မှာ မိမိအပြုအမူ၊ အပြောအဆိုနှင့်ပတ်သက်၍ တာဝန်ယူ တာဝန်ခံရသည်မျိုး။ အနုပညာ စာပေသမားတို့သည်လည်း မိမိဖန်တီး ထုတ်လုပ်လိုက်သည့် လက်ရာတစ်ခုအပေါ် မယိမ်းမယိုင် တာဝန်ယူတတ်ကြသည်မှာ လူတိုင်းအသိပင်ဖြစ်သည်။ ဖန်တီးမွေးထုတ်လိုက်သည့် အနုပညာလက်ရာထဲ၌ စာရှုသူကိုပေးချင်သော အတွေးအမြင်တစ်ခု၏ အမှန်အမှားအပေါ် လုံးဝတာဝန်ယူတတ်သည်။ အမှန်အမှားဟူ၍ ခွဲခြားချင့်ချိန်ခြင်းမရှိဘဲ အကြောင်းအရာတစ်ခုကို ပြောပိုင်ခွင့်ရှိသည်ဆိုပြီး ဇွတ်အတင်းပြောချလိုက်သည်တွင် ထိုစကားများသည် သမိုင်းစာမျက်နှာပေါ်သို့ တစ်တင်္ဂအတွင်း ရောက်ရှိသွားလျက် ပြန်လည်နုတ်ယူမရနိုင်တော့မှန်း အချို့က သတိမူမိဟန်မတူ။
ယခုတစ်လော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပုဒ်မအချို့အား ပြင်သင့်မပြင်သင့်ကိစ္စတွင် ဖွဲ့စည်းပုံအား ထောက်ခံမဲပေးခဲ့သူ အရေအတွက် ရာခိုင်နှုန်းဖြင့် ကာကွယ်ပြောဆိုသူအချို့၏ စကားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက အင်တာဗျူးတစ်ခု၌ တုံ့ပြန်စကားဆိုလိုက်သည်။ ဒီချုပ်ဥက္ကဋ္ဌက-
“ဒီလိုဆိုရင် ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲလုပ်လိုက်လေ၊ ကျွန်မတို့က အဆင်သင့်ပဲ” ဟု တုံ့ပြန်လိုက်ကြောင်းသိရ၏။ (The Daily Eleven - ၂၅-၁၁-၂၀၁၄ နေ့ ထုတ်)
သြော်.. စာရေးသူတို့နိုင်ငံ၏ သမိုင်းရသသည် ခါးမြဲခါးလျက် ရှိနေပေဦးမည်သာတကား။

Credit - Eleven Media Group
No comments:
Post a Comment