Tuesday, November 25, 2014

BLACK LIST ဒံပေါက်

မြန်မာပြည်ကလူတွေ သိပ်တော့မကျေနပ်။

ကိုယ့်နိုင်ငံက လွှတ်တော်အမတ်ကို အခြားနိုင်ငံက အမည်မည်းစာရင်း Black List သွင်းတယ်ဆိုတာ မဖြစ်သင့်။ တကယ်ဆို အမည်ညိုစာရင်း (Brown List) လောက်သွင်းရင် တော်သေးသည်။ ဦးအောင်သောင်းသည် ဒီလောက်လည်း အသားမမည်း ညိုတိုတိုလေးသာ။


ဦးအောင်သောင်းကို ဘလက်လစ်သွင်းတာ စိုပြေတင် မကျေနပ်တာ မဟုတ်။ ကြံ့ခိုင်ရေး ပါတီဝင်တွေကလည်း မကျေနပ်ကြပြန်။ ကိုအောင်သောင်း သူ့ဟာသူ အသားမည်းတာ အမေရိကန်နဲ့ ဘာဆိုင်လဲဟု ဆိုကြသည်။

ဘလက်လစ်သွင်းတာ အသားအရောင် ခွဲခြားမှုဟုဆိုကာ ဖီဖာကို တိုင်မည်ဟု ဆိုကြသေးသည်။ ဟိုတစ်လောက ဘာလော့တယ်လီကို အသားအရောင် ခွဲခြားပြောဆိုသည့် ပရိသတ်တွေကို ဖီဖာက အရေးယူသည် ဆိုလား ကြားဖူး၍ ဖြစ်၏။

ပြီးတော့ ဦးအောင်သောင်းသည် ကြံ့ခိုင်ရေးပါတီမှ ဖြစ်သဖြင့် အရောင်စာရင်းထဲ သွင်းချင်လျှင် ပါတီကိုယ်စားပြု Green List ထဲ သွင်းသင့်သည်ဟု ဆိုကြပြန်သည်။

အချို့ပြည်သူတွေကလည်း ဦးအောင်သောင်းကို ဘလက်လစ်သွင်းသည့် ကိစ္စကို ဒီလိုပဲထားလို့မဖြစ်။ မြန်မာပြည်က လူတော်တော်များများက အသားမည်းသဖြင့် ဘလက်လစ်ထဲ ဝင်သွားနိုင်သည်ဟု ဆိုကြပြန်သည်။

ဘာရယ်တော့မဟုတ် ပြည်သူတွေခမျာ ဘလက်လစ်တော့ အသွင်းမခံချင်။ သွင်းမယ့်သွင်း ဝှိုက်လစ်လောက်ဆို တော်သေးဟု ဆိုသည်။

ခပ်ရမ်းရမ်း ပြည်သူအချို့ကတော့ အမေရိကန်က ကိုယ့်နိုင်ငံကို စော်ကားနေတာ ငြိမ်မခံသင့်ဟုဆိုကာ ပြင်းပြင်းထန်ထန် အရေးယူသင့်သည်ဟု ဆိုကြသည်။ အမေရိကန်ကို စစ်ရေးအရပင် အရေးယူသင့်သည်ဟု ဆို၏။

သတင်းထောက်တွေကတော့ ဟိုတစ်လောက သတင်းထောက်တွေကို ထောင်ချသလို လွှတ်တော်ကိုယ်စားလှယ် အကြည်ညိုပျက်စေမှုနှင့် အမေရိကန်ကို တရားစွဲသင့်သည်ဟု ဆိုကြသည်။

မကြာမီ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို ရောက်လာသည်။

ဦးအောင်သောင်း ဘလက်လစ်သွင်းခြင်း အတွက် အိုးဘားမားကို ဆန္ဒပြရန်ပင် ကြံစည်နေကြသော်လည်း ခွင့်မပြု၍ မပြလိုက်ရ။

အချို့ကတော့ အိုဘားမားသည် အမေရိကန်က ယူလာသော ကျည်ကာကားကို စီးမည်ဖြစ်သဖြင့် ထိုကားသည် လိုင်စင်မရှိနိုင်ဟု ဆိုသည်။ ထိုကားကို သွင်းကုန်ထုတ်ကုန် ဥပဒေအရ အရေးယူပြီး သိမ်းထားလိုက်မည်ဟု ဆိုကြသည်။

တကယ်တမ်း မသိမ်းဖြစ်လိုက်။
သူ့ကားကြောင့် လမ်းပိတ်သည့် ဒဏ်ကိုသာ ပြည်သူတွေ ခံလိုက်ရသည်။

ဒီကိစ္စကို လွှတ်တော် ကိုယ်စားလှယ်ကြီးများလည်း မကျေနပ်ကြတဲ့။

သူတို့ကတော့ အပေါင်းအသင်းချင်းမို့ အကြောင်းသိတွေ ဖြစ်မည်ထင်သည်။ လွှတ်တော်ထဲမှာ အနီးကပ် နေရတော့ ဦးအောင်သောင်း အသားအရေကိုလည်း သိကြပေလိမ့်မည်။ ဒါကြောင့် အချို့လွှတ်တော်အမတ် ဆိုလျှင် ဦးအောင်သောင်း အသားက အနီရောင်ဆိုပြီး Red List သွင်းရမှာဟု ဆိုကြသည်။

ဒီလိုနှင့် အမေရိကန်က ဦးအောင်သောင်းကို ဘလက်လစ် သွင်းတာကို မြန်မာလွှတ်တော်က တရားဝင် ကန့်ကွက်ရှုတ်ချတော့သည်။

ထိုသို့ ကန့်ကွက်တော့မှ ပိုဆိုးကုန်သည်။

လွှတ်တော် ကိုယ်စားလှယ်တွေ အခြားလုပ်စရာ မရှိလားဟု ဆိုကြသည်။ တကယ်တော့လည်း လွှတ်တော် ကိုယ်စားလှယ်တွေမှာ အလုပ်မရှိသဖြင့် အချို့ဆို အိပ်နေကြသူတွေပင် ရှိသည်။ အခုတော့ တစ်ရေးနိုးပြီ ဖြစ်သဖြင့် ထကန့်ကွက်ကြခြင်း ဖြစ်သည်။

အခုလို အမေရိကန် ဘလက်လစ်ကို ရှုတ်ချသူတွေထဲတွင် အတိုက်အခံဟု ဆိုထားသည် NLD တွေလည်း ပါပြန်၏။ ကြံ့ခိုင်ရေးအမတ်ကို ဘလက်လစ်သွင်းတာ ဘာဖြစ်လို့ သွားကန့်ကွက်နေလဲဟု NLD ထောက်ခံသူများက ဆိုကြသည်။

NLD ခမျာလည်း ထိုသို့ ရှုတ်ချတာကို မထောက်ခံလို့လည်း မဖြစ်ပြန်။ အစကတည်းက ကြံ့ခိုင်ရေး အမတ်တွေက ဦးအောင်သောင်း အသားမည်းတဲ့ အကြောင်းကို NLD က အမေရိကန်ကို လှမ်းအကြောင်းကြားတာပဲ ဖြစ်ရမယ်ဟု စွပ်စွဲထား၍ ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် NLD ကို ထောက်ခံနေသူတွေကတော့ ဒီကိစ္စကို သိပ်မကျေနပ်ကြ။ NLD အစိုးရဘက်ကို ကူးသွားပြီဟု ဆိုကြသည်။

အချို့ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ အခုလို ကန့်ကွက်နေရုံနှင့်ပင် မကျေနပ်နိုင်။ အမေရိကန်က လူတွေကိုလည်း ဘလက်လစ် ပြန်သွင်းသင့်သည်ဟု ဆိုကြသည်။ အိုဘားမားဆိုလျှင် အသား တော်တော်မည်းသဖြင့် ဘလက်လစ်ကို ထိပ်ဆုံးက သွင်းမည်ဟု ဆိုသည်။

ဟုတ်တော့လည်း ဟုတ်သည်။
အမေရိကန်မှာ ကပ္ပလီတွေ တော်တော်များသည် ဆိုတော့ ဘလက်လစ်ထဲ ရောက်မည့်လူတွေ တော်တော်များနိုင်သည်။

အထက်က ဆိုခဲ့သည့်အတိုင်း ဦးအောင်သောင်းကို ဘလက်စ်လစ်သွင်းတာ မကျေနပ်သူတွေ ဆန္ဒပြကြရန် ပြင်ကြသည်။

အမေရိကန်က သွင်းတာဆိုတော့ ဝါရှင်တန်မှာ ဆန္ဒသွားပြလျှင် ကောင်းမလားဟု တွေးကြသေးသည်။ သို့သော်လည်း စရိတ်မတတ်နိုင်သဖြင့် ဦးအောင်သောင်း၏ မဲဆန္ဒနယ်ဖြစ်သော တောင်သာတွင်သာ ဆန္ဒပြကြသည်။

တို့ကိုယ်စားလှယ်ဟာ တို့အတွက်ကောင်းတယ် ဘာညာ ကြွေးကြော်ကြသည်။ ဆိုင်းဘုတ်တွေလည်း ကိုင်ကြ၏။

ထိုသို့ ဆန္ဒပြသူများကို ဘယ်သူကမှန်းမသိ ဒံပေါက်များ လာဝေ၏။

ဆန္ဒပြသူတွေက တော်တော်များသည် ထင်၏။
ဒံပေါက်ထုပ်တွေ မလောက်။
သို့နှင့် ဒံပေါက်တွေ ဝိုင်းလုကုန်သည်။ အချို့လည်း ဒံပေါက်လုရင်း ရန်ဖြစ်ကုန်သည်။ ဆိုင်းဘုတ်တွေနှင့် ရိုက်ကြသည်။ အချို့လည်း ဒဏ်ရာများပင် ရကြ၏။

နောက်ဆုံးတော့ ဦးအောင်သောင်းခမျာ။ ဘလက်လစ် အောင်သောင်းအဖြစ်မှ ဒံပေါက် အောင်သောင်းဆိုပြီး ဖြစ်သွားပြန်သည်။ အချို့လည်း ဒံပေါက်ကို အောင်သောင်းဟု ဗန်းစကားအဖြစ် အသုံးပြုကုန်ကြသည်။

ဆန္ဒပြပွဲ သေချာ မအောင်မြင်လိုက်သဖြင့် နောက်တစ်ကြိမ် ထပ်ပြရန် ပြင်ဆင်ကြသည်။
ဒီတစ်ခါတော့ ဒံပေါက်လုပွဲ မဖြစ်အောင် သေချာဝေမည်ဟု ကြားရ၏။

ဆန္ဒပြသူများကလည်း ကြွေးကြော်သံအသစ် ပြောင်းအော်ရန် ပြင်ဆင်ကြသည်။
ထိုကြွေးကြော်သံကတော့-
“တို့ ကိုယ်စားလှယ်ဟာ ဒံပေါက်ထက် ကောင်းတယ်” ဟူ၍ ဖြစ်သည်။

Credit - The Voice

No comments:

Post a Comment