Friday, November 28, 2014

တပ်မတော်ဘက်က ထိုးစစ်ဆင်ခြင်း မရှိဟု သမ္မတနှင့် ကာချုပ်ပြောကြားချက် မဟုတ်မမှန်ကြောင်း UNFC ပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၅

လက်ရှိ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော်ဘက်က ထိုးစစ်ဆင်ခြင်း မရှိကြောင်း VOA သတင်းဌာန (မြန်မာပိုင်း)သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ဖြေကြားချက်များသည် မဟုတ် မမှန်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အတွင်းရေးမှူး ဦးခူးဦးရယ် က နိုဝင်ဘာ ၂၅ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အမေရိကန်အခြေစိုက် VOA သတင်းဌာနသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ““တပ်ကို ဆိုလို့ရှိရင်လည်း မင်းတို့စခန်းတွေကို သွားပြီးတော့ တိုက်တာပြုတာ ဘာညာ မင်းတို့ လုံးဝမလုပ်နဲ့။ သို့သော်လည်းပဲ လူဆိုတာ ကတော့ ကိုယ့်အသက်တော့ ကိုယ်က ကာကွယ်ပိုင်ခွင့်တော့ ရှိရမှာကိုး။ ကိုယ့်ရဲ့ လုံခြုံရေးအတွက် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရုံမှအပ ကျန်တာ ဘာမှမလုပ်နဲ့။ ဒါတွေလည်း တပ်အပိုင်းက သူတို့ လိုက်နာပြီးတော့ ဆောင်ရွက်နေပါ တယ်”” ဟုဖြေကြားထားပြီး ကာကွယ်ရေး ဦးစီးချုပ်က“ “သမ္မတကြီးက ကျွန်တော်တို့ကို လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့ သွားကို မတိုက်ဖို့ ပြော ထားတာ ရှိပါတယ်။ သွားမတိုက်ပါဘူး။ ယနေ့တိုင်အထိ သူတို့ရဲ့စခန်းတွေကို တိုက်တာ၊ ပြုတာ ဌာနချုပ်တွေ ကိုပေါ့။ ဒါပေမဲ့လည်း ကျွန်တော်တို့အပေါ်မှာ လာပြီးတော့ သွေးတိုးစမ်းပြီး တိုက်တာ၊ ပြုတာ၊ ပစ်တာ၊ ခတ်တာ တွေတော့ရှိတယ်။ သူတို့ဘက်က ရှိတော့လည်း တစ်ခါတစ်လေတော့ တုံ့ပြန်ရတာတွေ ရှိပါတယ်”” ဟုပြောကြားထားမှုအပေါ် ယခုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။
““သမ္မတပဲဖြစ်ဖြစ် ကာချုပ်ပဲ ဖြစ်ဖြစ် ပြောတဲ့ စကားတွေကတော့ အောက်မှာဖြစ်နေတဲ့ ပကတိ အခြေအနေနဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုတဲ့ အနေနဲ့ ပစ်တယ်ဆိုတဲ့ ဟာကတော့ ရှေ့နဲ့နောက်လို ဖြစ်နေတယ်။ ကျွန်တော်တို့လည်း ဘက်နှစ်ဖက် အမြင်ကို ကြည့်ပါတယ်။ တပ်မတော်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ အရင်လုပ်နေတာ တွေ့ရပါတယ်။ တခြားသူတွေကို ယုန်ထင်ကြောင်ထင် ဖြစ်အောင် ပြောတယ်လို့ပဲ မှတ်ယူရပါမယ်””ဟု UNFC အတွင်းရေးမှူး ဦးခူးဦးရယ်က ဝေဖန်ပြောကြားခဲ့သည်။ လက်ရှိကာလများအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တို့တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ၆ ကြိမ်မြောက် အပြီးတွင်လည်း ရှေ့သို့ ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေသည့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။
““တပ်မတော် ဘက်ကလှုပ်ရှားမှု မရှိဘူးဆိုတာ မဟုတ်ဘူး။ KIO ဘက်က ရန်ရှာနေတဲ့သဘော ဘာမှမရှိဘူး။ အခုဖြစ်နေတာကတော့ အစိုးရတပ်ကြီးပဲ လိုက်တိုက်နေတဲ့ သဘောဖြစ်နေတဲ့သဘော အဲလိုတော့ ပြောနေတယ်။ KIO ရဲ့ သဘောထား ကျွန်တော်တို့ သိသလောက် ရန်ရှာချင်တဲ့ သဘောမရှိဘူး။ ဒါကတော့ အခက်အခဲတော့ ရှိတာပေါ့။ ခုတောင် ကျွန်တော်တို့က ပုံမှန်တွေ့ဆုံဖို့ ရည်ရွယ်ထားတဲ့ အနေအထား အပေါ်မှာ နည်းနည်းတော့ နောက်ဆုတ်ရမယ့် အနေအထား ရှိတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အဖွဲ့ဝင်တွေက ဒီလို ထိခိုက်သွားတဲ့ အပေါ်မှာ မကျေနပ်မှုတွေ တော်တော် ရှိနေတယ်လေ”” ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများမှာ ဖက်ဒရယ်ကောင်စီ (UNFC) ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်ဟံသာက မြန်မာသံတော်ဆင့်သို့ ပြောသည်။
ထို့အပြင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်၊ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သော်လည်း ကချင်လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်နှင့် တွေ့ဆုံခြင်း မရှိခဲ့သည်မှာကချင် လွတ်မြောက်ရေး တပ်မတော်(KIA) သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်အား လိုက်နာရန် အားနည်းသောကြောင့်ဟု VOA သတင်းဌာန နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပြောကြားထားသည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment