Friday, November 28, 2014

ကလောင်မလဲစတမ်း တိုက်ပွဲဝင်ခဲ့ကြသူများ

Written by: မောင်ကြည်

မမျှော်လင့်ဘဲနှင့် စာရေးဆရာကြီး၊ ဆရာမကြီးများကို ပူဇော်ကန်တော့သည့် အခမ်းအနားတစ်ခုသို့ ရောက်သွားပါသည်။ ရန်ကုန်မြို့ရှိ မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ စာဆိုတော်နေ့နှင့် သက်ကြီးစာပေပညာရှင်များကန်တော့ပွဲ ဖြစ်ပါသည်။ စာပေပညာရှင် ဆရာကြီးဆရာမကြီးများကို ယခုကဲ့သို့ ကျန်းကျန်းမာမာ ရွှင်ရွှင်လန်းလန်း တည်တည်ငြိမ်ငြိမ်နှင့် တွေ့မြင်ရသည်မှာ ကြည်နူးဝမ်းမြောက်ဖို့ ကောင်းလှပါသည်။

ကျွန်တော်သည် အခမ်းအနားမစတင်မီမှာ ဆရာကြီးဆရာမကြီးများ ကုလားထိုင်ပေါ်မှာ တန်းစီထိုင်နေကြသည်ကို တွေ့မြင်ရသောအခါ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာပါသည်။ “ဒီဆရာကြီး၊ ဆရာမကြီးတွေဟာ မြန်မာပြည်တည်းဟူသော အဆောက်အအုံကြီးကို ပုံဖော်ထုဆစ်ခဲ့တဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ
ပါဝင်ခဲ့ကြသူတွေပါလား။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့စိတ်ဓာတ်ကို ပြုပြင်မွမ်းမံ တည်ဆောက်တဲ့နေရာမှာ မိမိတို့စွမ်းနိုင်သလောက် ကြိုးပမ်းအားထုတ်ခဲ့ကြသူတွေပါလား” ဟု အတွေးပေါ်လာခဲ့မိပါသည်။

ဆရာဇော်ဂျီက “တိုင်းပြည်တစ်ပြည်ကို ရထားတွဲနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် စာရေးဆရာတည်းဟူသော အနုပညာရှင်များသည် ခေါင်းတွဲများနှင့်တူသည်” ဟု ပြောခဲ့ဖူးပါသည်။ တိုင်းသူပြည်သားတွေကို လက်တွဲကာ ဦးဆောင်ခေါ်ငင်လာခဲ့ကြသူများပါလားဟု နားလည်သဘောပေါက်ရပါသည်။ တကယ်တော့ အဆိုပါပုဂ္ဂိုလ်များသည် တိုင်းသူပြည်သားတို့၏ ကျနေသောစိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သူများ၊ ပျက်စီးနေသောစိတ်ဓာတ်ကို ပြုပြင်ဖာထေးပေးခဲ့သူများ၊ ညစ်နွမ်းနေသောစိတ်ဓာတ်ကို လျှော်ဖွပ်ပေးခဲ့သူများ၊ ပျော့ညံ့နေသောစိတ်ဓာတ်ကို မာကျောအောင် လေ့ကျင့်ပျိုးထောင်ပေးခဲ့သူများပါပဲဟု ပြောလို့ရပါသည်။

ပြောရမယ်ဆိုလျှင် တိုင်းသူပြည်သားတို့၏စိတ်ဓာတ်ကို စုစည်းပေးသည့်နေရာတွင် စာပေသည် လက်နက်ကောင်းတစ်ခု ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်များက မြန်မာပြည်လွတ်လပ်ရေးရအောင် လုပ်ပေးခဲ့သည်မှာမှန်သော်လည်း အဆိုပါပုဂ္ဂိုလ်များ ခေါင်းဆောင်ရာနောက်သို့ ပြည်သူအားလုံး လိုက်ပါလာအောင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့လို မျိုးချစ်စာဆိုတော်များက စာပေလက်နက်ဖြင့် စိတ်ဓာတ်အင်အားကို စုစည်းပေးခဲ့ရသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် စာပေ၏အစွမ်းသတ္တိနှင့် စာဆိုတော်များ၏ ကျေးဇူးတရားကို ကျွန်တော်တို့အားလုံး မမေ့မလျော့ သတိပြုအပ်လှပါသည်။ သို့အတွက်လည်း ယခုလို နတ်တော်လရောက်လေတိုင်း စာဆိုတော်ကြီးများ၏ကျေးဇူးကို ဤကဲ့သို့ ချီးကျူးပူဇော်ကြရသည်ပင် မဟုတ်ပါလား။

မြန်မာနိုင်ငံ စာရေးဆရာအသင်းသည် ၁၉၄၄ ခုနှစ်၌ နတ်တော်လဆန်း ၁ ရက်နေ့ကို ‘မြန်မာစာဆိုတော်နေ့’ အဖြစ် သတ်မှတ်ခဲ့ကြသည်ဟု မှတ်သားရဖူးပါသည်။ ပထမအကြိမ်စာဆိုတော်နေ့ အခမ်းအနားကို ၁၉၄၄ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် စတင်ကျင်းပခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ စာရေးဆရာအသင်းက ၀ိဇယပြဇာတ်ကိုလည်း ကပြခဲ့ကြပါသေးသည်။ ယခုဆိုလျှင် ထိုကဲ့သို့ စာဆိုတော်နေ့ အခမ်းအနားများ ကျင်းပလာခဲ့ကြသည်မှာ နှစ်ပေါင်း ၇၀ ပင် ရှိလာခဲ့ပါပြီ။

    တိုင်းသူပြည်သားတို့၏စိတ်ဓာတ်ကို စုစည်းပေးသည့်နေရာတွင် စာပေသည် လက်နက်ကောင်းတစ်ခု ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် . . . . .

စာဆိုတော်ရာသီ၌ သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့သည့် အလေ့အထကိုတော့ မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့ကြီးက စတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ ၁၉၈၀ ပြည့်နှစ်၌ ပထမဦးဆုံး ကျင်းပခဲ့သည့် ကန်တော့ပွဲမှာ စာပေပညာရှင် ၁၀ ဦးခန့်သာ ရှိပါသည်။ ထိုကဲ့သို့ အစဉ်အလာမပြတ် ကန်တော့လာခဲ့ရာ အစ၌ ရန်ကုန်တိုင်းအဆင့် အနေအထားဖြင့်သာ ပြုလုပ်ခဲ့ရာ ၁၉၆၆ ခုနှစ်မှစ၍ မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် ကျင်းပလာခဲ့ရာ ယခုနှစ် ၂၀၁၄ မှာတော့ စာပေပညာရှင် ၁၈၀ အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ယင်းကဲ့သို့ အသက် ၈၀ နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများကို ပူဇော်ကန်တော့ရခြင်းသည် အင်မတန်မွန်မြတ်ပြီး ကြည်နူးဝမ်းမြောက်ဖွယ် ကောင်းလှပါသည်။

လူသာအိုသော်လည်း အမြဲတမ်းနုပျိုနေသည့် စာပေပညာရှင်တို့၏ ကလောင်နာမည်များကို လာရောက်ကန်တော့ကြသည့် ဧည့်ပရိသတ်များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးသည့် မြင်ကွင်းကလည်း ပျော်ရွှင်ကြည်နူးဖွယ် ကောင်းလှပါသည်။ တချို့ဆရာကြီး၊ ဆရာမကြီးများက သွက်သွက်လက်လက်ထကာ ဧည့်ပရိသတ်များကို လက်များပင်ဝှေ့ယမ်းရင်း နှုတ်ခွန်းဆက်ကြရှာပါသည်။ တချို့ဆရာကြီး၊ ဆရာမကြီးများက ထိုင်ရာမှပင် မထနိုင်ကြတော့။ ထူပေးသူရှိမှ ထရမည့်ဘ၀ပင် မဟုတ်ပါလား။ ထိုမြင်ကွင်းကိုကြည့်ရင်း ကျွန်တော် ပီတိဖြစ်မိပါသည်။

“ဓားသွားထက် ကလောင်သွားထက်သည်” ဟု ဆိုကြပါသည်။ ဓားသွားက မစွမ်းဆောင်နိုင်သည့် ကိစ္စများကို ကလောင်သွားက စွမ်းဆောင်ပေးနိုင်သည့် သဘောပါပဲ။ ယခုကဲ့သို့ ကလောင်သွားမလဲစတမ်း တိုက်ပွဲဝင်ခဲ့ကြသည့် စာပေသူရဲကောင်းကြီးများကို ကြည့်မြင်ရသည့်အခါ အဘယ်မှာလျှင် အားတက်ဝမ်းမမြောက်ဘဲ နေနိုင်ပါအံ့နည်း။

ရှေ့ဆက်မည့် မြန်မာနိုင်ငံ၏ အနာဂတ်ခရီးမှာလည်း ကလောင်လက်နက်များ ဆက်လက်အစွမ်းထက်ကာ ထက်မြနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါတော့သည်။


Credit - Eleven Media Group

No comments:

Post a Comment