Friday, November 28, 2014

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဖြုတ်ချရေး ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့် တောင်းခံရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများကိုယ်တိုင် ဥပဒေချိုးဖောက်

စစ်ကိုင်း၊ နိုဝင်ဘာ ၂၂
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ကို အယုံအကြည် မရှိကြောင်းနှင့် ဖြုတ်ချပေးရန် အတွက် နိုဝင်ဘာ(၂၂)ရက်တွင် မုံရွာမြို့၌ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ရာ ဆန္ဒထုတ်ဖော် တောင်းဆိုမှုနှင့် ပတ်သက်ပြီး ခွင့်ပြုမိန့်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ(၇)အရ သတ်မှတ် ထားသည့် အချိန်ထက် နောက်ကျပြီးမှ ခွင့်ပြုမိန့် ထုတ်ပေးခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူများက မြန်မာသံတော်ဆင့်သို့ ပြောသည်။
““ကျွန်တော်တို့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့အဖွဲ့ကို အယုံအကြည် မရှိကြောင်းနဲ့ ဖြုတ်ချပေးဖို့အတွက် ဆန္ဒထုတ်ဖော်ခွင့်ကို နိုဝင်ဘာ(၁၂)ရက်က တင်လိုက်တယ်၊ အဲဒီလို တင်လိုက်တဲ့ အခါမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးက ကျွန်တော်တို့ကို နိုဝင်ဘာ (၂၁)ရက်နေ့၊ နေ့လယ် (၁၂)
နာရီလောက်မှာခေါ်ပြီး ခွင့်ပြုမိန့်ကို ပေးတယ်။ ငြိမ်းစုစီ ဥပဒေမှာ ပြန်ကြည့်မယ်ဆိုရင် ခွင့်ပြုမိန့်ကို ပြုလုပ်မယ့် ရက်မတိုင်ခင် (၄၈)နာရီ ကြိုတင်ပြီး ခွင့်ပြုမိန့် ပေးရမယ်လို့ပါတယ်။ အခု သူတို့က ကျွန်တော်တို့ကို ခေါ်ပြီး ပေးတာက (၂၁)ရက်နေ့၊ နေ့လယ်(၁၂)နာရီလောက် မှာဆိုတော့ (၄၈)နာရီ ဘယ်လိုမှ မပြည့်ဘူးဗျ၊ ဒီနေရာမှာ ပြန်ကြည့်မယ်ဆိုရင် သူတို့ကိုယ်တိုင်က သူတို့ထုတ်ထားတဲ့ ဥပဒေကို ပြန်ပြီး ချိုးဖောက် ထားတယ်လို့ ပြောလို့ ရတယ်၊ ကျွန်တော်တို့သာ သူတို့သတ်မှတ်ထားတဲ့ အချက်တစ်ခုခုကို ချိုးဖောက်သလို ဖြစ်ကြည့်ပါလား။ ပုဒ်မ(၁၈)နဲ့ ဆွဲကို ဆွဲမှာသေချာတယ်””ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ ကိုအောင်ဆန်းမြင့် က မြန်မာ သံတော်ဆင့်သို့ ပြောသည်။
ထို့အပြင် ဆန္ဒထုတ်ဖော်မှု ခွင့်ပြုမိန့်နှင့် ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုမိန့်ပေးစာတွင် ဖော်ပြထား သည့် ရက်စွဲမှာ နိုဝင်ဘာ (၂၀)ရက် ရက်စွဲဖြင့် ရေးသားထားကြောင်း၊ အမှန်တကယ် ခွင့်ပြုမိန့်ကို မိမိတို့ လက်ခံရရှိသည်မှာ နိုဝင်ဘာ (၂၁)ရက် နေ့လယ်တွင်သာ လက်ခံ ရရှိခဲ့ခြင်းဖြစ်ကြောင်း ကိုအောင်ဆန်းမြင့်က ဆက်လက်ပြောဆိုသည်။
အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံ ဆက်သွယ် မေးမြန်းရာ ရဲမှူးစိန်မင်းက မိမိတို့ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး အနေဖြင့် ခွင့်ပြုမိန့်ပေးရန်အတွက် မြို့နယ်စီခန့်ကော်မတီက နိုဝင်ဘာ(၂၀)ရက်၊ ည(၁၀) နာရီ ၀န်းကျင်မှသာ အကြောင်းကြားခဲ့ကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် ခွင့်ပြုမိန့်ကို နိုဝင်ဘာ(၂၁)ရက်၊ နံနက်ပိုင်းတွင် သက်ဆိုင်သူများထံ သို့ ပြန်လည် အကြောင်းကြားခဲ့ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အနေဖြင့် ခွင့်ပြုမိန့် ထုတ်ပေးရာတွင် နောက်ကျသည်ဟု မဆိုနိုင်ကြောင်း မြန်မာ သံတော်ဆင့်၏ မေးမြန်းမှုနှင့် ပတ်သက်၍ ယခုကဲ့သို့ ဖြေကြားသည်။
““မြို့နယ်ရဲတပ်ဖွဲ့မှူး အနေနဲ့က ခွင့်ပြုမိန့်ချပြီး (၄၈)နာရီအတွင်း ထုတ်ပေးရမှာလေ၊ ကျွန်တော်တို့ ခွင့်ပြုမိန့် ကျတာက နိုဝင်ဘာ(၂၀) ရက် ည(၁၀)နာရီ လောက်မှာရတာ။ အဲဒါကြောင့် နိုဝင်ဘာ(၂၁)ရက်နေ့ မနက်ပိုင်း (၇)နာရီ လောက်မှာ သူတို့ကိုပေးတယ်၊ သူတို့ လာမယူတာ၊ အဲဒါနောက်ကျလို့လား၊ ခွင့်ပြုချက်ရရင် လှည့်လို့ မရဘူးလား၊ အဲဒီရက်ပိုင်းက မြို့နယ်စီခန့် ကော်မတီက မအားဘူးလေ၊ ကျွန်တော်တို့က သူထုတ်ပေးမှ တစ်ဆင့်ခံ ပြန်ထုတ် ပေးရတာလေဗျာ။ အဲဒီတော့ ကျွန်တော်တို့ ရဲအနေနဲ့ ထုတ်ပေးတာ နောက်မကျဘူး။ နောက်ပြီး စကားပြောဆိုတဲ့ နေရာမှာ သူတို့ ပြောသလိုမျိုး မဟုတ်ခဲ့ပါဘူး”” ဟု ရဲမှူးစိန်မင်းက ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် အဖွဲ့ကို အယုံအကြည် မရှိကြောင်းနှင့် ဖြုတ်ချ ပေးရန်အတွက် မုံရွာမြို့ တွင် နိုဝင်ဘာ(၂၂)ရက်၊ နံနက် (၉)နာရီခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မုံရွာမြို့ခံများ အပါအ၀င် စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ မင်းကင်း၊ ချောင်းဦး စသည့် ပြည်သူများ ပါဝင်သည့် အင်အား (၁၀၀) ၀န်းကျင်ဖြင့် မုံရွာမြို့၊ ဇေယျာရွှေမြေ ဘောလုံးကွင်းရှေ့မှ စတင်ကာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်လမ်း အတိုင်း၊ နာရီစင်လမ်း၊ ကျောက်ကာ လမ်း၊ ပေ(၈၀)လမ်းစသည့် သတ်မှတ် လမ်းကြောင်းများ အတိုင်း ကြွေးကြော်သံများနှင့်အတူ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်လျက် ချီတက် ဆန္ဒထုတ်ဖော် ခဲ့ကြခြင်းဖြစ်သည်။
““အဲဒီ ရဲတပ်ဖွဲ့မှူးက ငြိမ်းစုစီဥပဒေကို နားမလည်လို့ပြောတာ၊ ငြိမ်းစုစီဥပဒေ ပုဒ်မ(၇)မှာ ပါပြီးသား။ ခွင့်ပြုမည့် နေ့ရက်နဲ့ အချိန်မတိုင်မီ အနည်းဆုံး (၄၈)နာရီ ကြိုတင်၍ သက်ဆိုင်ရာ လျှောက်ထားသူကို အကြောင်းကြား ရမယ်လို့ပါတယ်၊ သူပြောသလို ခွင့်ပြုချက်ရရင် လှည့်လို့ မရဘူးလားဆိုတာ ဥပဒေကို လွန်ဆန်ပြီး ပြောတာပဲ။ ဥပဒေမှာ အနည်းဆုံးလို့၊ ကြိုတင်၍လို့ ပါပြီးသား၊ သူတို့အမှားကို သူတို့ ၀န်မခံရဲတာကတော့ တော်တော် ရှက်စရာ ကောင်းတယ်ဗျ”” ဟု ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင်ပါဝင်ခဲ့သူ စစ်ကိုင်းမြို့မှ ကိုသန်းထိုက်ဦးက မှတ် ချက်ပြု ပြောဆိုသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲ၌ သတင်းယူနေသည့် မီဒီယာသမားများကိုလည်း အရပ်ဝတ် ၀တ်ဆင်ထားသည့် အာဏာပိုင် အချို့က သတင်းတိုက်အမည်နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လိုက်လံ မေးမြန်း မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အဖွဲ့ကို ဖြုတ်ချပေးရန်အတွက် နိုဝင်ဘာ (၁၈) ရက်ကလည်း စစ်ကိုင်းမြို့၌ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြပြီး စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့တွင် လည်း ထပ်မံပြုလုပ်ရန် စီစဉ်လျက်ရှိသည်။

  အောင်ကိုဝင်း
  မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment