ဆောင်းပါး - ကိုတရား(ထီးတန်း)
အထက်မြန်မာပြည် ခရိုင်တရားရုံးတစ်ရုံး၌ တာဝန်ကျခဲ့စဉ်က အဖြစ်အပျက်လေး
ပြန်ပြောပါရစေ။ ခရိုင်တရားသူကြီးဟာ စက်ရှင် အာဏာရရှိတဲ့
တရားသူကြီးတစ်ဦးဖြစ်ပါတယ်။ သေဒဏ်အမိန့်ချ ချမှတ်နိုင်တဲ့အထိ အာဏာရှိသူပါ။
“စက်ရှင်မင်းကြီး” “မင်းကြီး”လို့ ခေါ်ဝေါ်ကြတာတွေဟာ ယခင် အင်္ဂလိပ်ခေတ်၊
ပါလီမန်ခေတ်အထိ ဂုဏ်ကျက်သရေ ရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း
စက်ရှင်မင်းကြီးတွေကတော့ ယခင် စက်ရှင်မင်းကြီးများလိုဖြစ်အောင်
ကြိုးစားနေရတယ်။ မဏ္ဍိုင်ကြီးသုံးရပ်မှာပါတဲ့ တရားစီရင်ရေးက တရားသူကြီးဟာ
ခရိုင်အဆင့် အခမ်းအနား၊ အစည်းအဝေးတွေမှာ နေရာမရခဲ့ပါဘူး။ ခ .၀ .တ၊ ခ .ယ
.ကအဖွဲ့ရဲ့ ညွှန်ကြားမှုအောက်က အလိုက်သင့် လှုပ်ရှားနေရတာမျိုးပါ။
ခရိုင်တရားသူကြီးတွေမှာလည်း
ခ .၀ .တ၊ ခ .ယ .ကနဲ့ ပေါင်းစားတဲ့လူအချို့
ရှိခဲ့ပါတယ်။ ယခင်တာဝန်ကျခဲ့တဲ့
ခရိုင်တရားသူကြီးတွေ ရဲ့ ပေါင်းစားမှုဒဏ်ကို ခံစားခဲ့ရတာပြောချင် လို့ပါ။
သွားလေသူ ခရိုင်တရားသူကြီးဟာ မူးယစ်ဆေးဝါးမှုကြောင့် သက်သေခံအဖြစ်
သိမ်းထားတဲ့ကားကို ခ .ယ .က အတွင်းရေးမှူးထံ အသုံးပြုဖို့ ပေးထားခဲ့တယ်။
အဆိုပါပုဂ္ဂိုလ်ကလည်း ကိုယ်တိုင်အသုံးပြုခြင်း မပြုဘဲ အခြားသူတစ်ဦးထံ
နှစ်ချုပ်နဲ့ ငှားရမ်းခဲ့တယ်။ ငှားရမ်းခကို မြိန်ရေယှက်ရေစားခဲ့တယ်။
တရားသူကြီးကလည်း ဘာစာရွက်စာတမ်း အထောက်အထားမှမရှိဘဲ ပေးခဲ့တာပါ။ ဒါ့ပြင်
မူးယစ်ဆေးဝါးမှုမှ သက်သေခံ မော်တော်ကားတစ်စီးကိုလည်း ခရိုင်ထောက်
လှမ်းရေးတပ်ဆွယ်သို့ ပေးထားခဲ့ပြန်တယ်။ မိမိတာဝန်ယူရတဲ့အချိန်
လွှဲပြောင်းပေးတဲ့ အလုပ်လွှဲမှတ်တမ်းမှာလည်း မပါရှိခဲ့ပါ။
ထိုမူးယစ်ဆေးဝါးမှုခင်းမှ ယင်းသက်သေခံကားတွေကို နိုင်ငံတော်တရားရုံးချုပ်က
အမိန့်ချ မှတ်ရာမှာ သိမ်းဆည်းခံရသူ ပိုင်ရှင်ထံသို့ ပြန်ပေးစေလို့
အမိန့်ချလိုက်တယ်။ ဒီမှာပဲ ခရိုင်တရားသူကြီးနဲ့ ခ .ယ .ကအတွင်းရေးမှူး၊
ထောက်လှမ်းရေးတပ်ဆွယ်မှူးတိ
ု့နဲ့ ပြဿနာစတော့တယ်။ ခရိုင်တရားရုံးဆိုတာ မိမိထက်အဆင့်မြင့် နိုင်ငံတော်တရားရုံးချုပ် ရဲ့အမိန့်ကို အတည်ပြုဆောင်ရွက်ပေးရမှာပါ။
ကာယကံရှင်တွေက ခရိုင်တရားရုံးသို့ သက်သေခံပစ္စည်းတွေ လာရောက်ထုတ်ပေးဖို့
လျှောက်ထားလာခဲ့ကြတယ်။ ခရိုင်တရားသူကြီးကလည်း အထက်တရားရုံးအမိန်နဲ့အညီ
သက်သေခံပစ္စည်း မော်တော်ကားတွေ လာအပ်ပေးဖို့ သက်ဆိုင်ရာသို့ စာထုတ်ခဲ့ပါ
တယ်။ စာအကြိမ်ကြိမ်ထုတ်ပြီးမှ ခ .ယ .က အတွင်းရေးမှူးက အငှားချထားတဲ့ကားကို
ကြိုးနဲ့ဆွဲကာ ပြန်လာပို့တာတွေ့ရတယ်။ ယူသွားစဉ်က မောင်းယူသွားတဲ့ကားဟာ
ပြန်ပို့လာချိန်မှာ သံရေကြိုစက်ရုံသို့ ပို့ရန်အဆင့်ရှိတဲ့ ကားအဖြစ်ကို
ဘ၀ပြောင်းသွားခဲ့တယ်။ ကာယကံရှင်ကိုယ်တိုင် မြင်တွေ့ရတဲ့ အခါ
ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရတယ်။
ကားပြန်ရရှိဖို့အတွက် တရားရုံးချုပ်ထိ အားကြိုး မာန်တက်လုပ်ခဲ့ပြီးမှ
ကားအစုတ်သာရခဲ့တာ ဖြေနိုင်ပါ့မလား။ ထိုသူကတော့ ကားအစုတ်ကိုသာရခဲ့ပေမယ့်၊
ကျန်တစ်ဦးက
“မြင်သာ မြင် မကြင်ရတဲဘ၀” မျိုး ဖြစ်ခဲ့ရတယ်။
တပ်မတော်ထောက်လှမ်းရေး တပ်ဆွယ်မှူးထံသို့ ခရိုင်တရားရုံးရဲ့စာ၊
နိုင်ငံတော်တရားရုံးချုပ်ရဲ
့ အမိန့်နဲ့အတူ သွားယူခဲ့ပါတယ်။ ကာယကံရှင်ကို ကားပြန်မပေးနိုင်ကြောင်း၊ ခရိုင်တရား သူကြီးစာသာမက နိုင်ငံတော်တရားရုံးချုပ်အမ
ိန့်နဲ့
မလုံလောက်ကြောင်း ပြောလွှတ်ခြင်းခံ ခဲ့ရတယ်။ ကာယကံရှင်ကိုယ်တိုင် ရုံးကိုလာ
ရောက်ပြောဆိုတာ ကိုယ်တိုင်ကြားသိခဲ့ရတာပါ။ ဒါတွေဟာ အမှန်ပဲဖြစ်ပါတယ်။
လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ခဲ့ပေမယ့် ထိုအချိန်မှာ
အာဏာရှိနေတာကြောင့် ခေါင်းငုံ့ခံခဲ့ရတဲ့ အမှုသည်တွေပါ။
အမှုသည်များသာမက တရားသူကြီးတစ်ဦးလည်း သက်ဆိုင်ရာအာဏာပိုင်ရဲ့
ခြိမ်းခြောက်မှုခံခဲ့ရတာ ပြန်ပြောပါရစေ။ အချုပ်နဲ့ အမှုရင်ဆိုင်နေရတဲ့
တရားခံကို ရုံးပိတ်ရက် စနေနေ့မှာ ရုံးထိုင်ပြီး ချက်ချင်းအာမခံပေးဖို့
ခေါ်ပြောပါတယ်။ အဲဒီ့တရားသူကြီးက ရုံးပိတ်ရက်မှာ ရုံးထိုင်ခွင့်မရှိကြောင်း၊
အာမခံကိုလည်း ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ညီညွတ်မှသာ ပေးနိုင်ကြောင်း
ပြန်ပြောလိုက်တယ်။ ဒီစကားကြားတာနဲ့ အာဏာပိုင်အရှင် သခင်က ရွှေစိတ်တော်ဆိုးကာ
“စနေနေ့မှာ ချက်ချင်းအာမခံပေးပါ။ မပေးပါက တရားသူ ကြီးကို
အချုပ်ထဲထည့်မယ်လို့” တစ်ချက်လွှတ် အမိန့်ချတော့တယ်။ အချင်းဖြစ်တဲ့နေ့ဟာ
သောကြာနေ့ညဖြစ်တာကြောင့် သက်ဆိုင်ရာ တရားသူကြီးလည်း ဘယာဘေးကြောင့်
ခရိုင်တရားသူကြီးအိမ်ကို ည ၁၁ နာရီလောက် ထွက်ပြေးလာပြီး တင်ပြလာတယ်။
ခရိုင်တရားသူကြီးကလည်း ချက်ချင်းပဲ ခ .ယ . က ဥက္ကဋ္ဌထံသွားတွေ့၊
ခရီးထွက်သွားတာကြောင့် မတွေ့ရ။ ခရိုင်အထွေထွေအုပ်ချုပ်ရေးမ
ှူးထံ
သွားတွေ့ပြီး အကျိုးအကြောင်းရှင်းပြရ။ ခရိုင်မင်းကြီးက သက်ဆိုင်ရာ
မြို့နယ် အာဏာပိုင်ထံ ဖုန်းနဲ့ဆက်မေးရာမှာ တရားသူကြီးကို
ထိုသို့မပြောကြောင်း၊ အချုပ်ထဲသွင်းမည်ဟု မပြောကြောင်း ဗြောင်ငြင်းဆိုတာကို
ကြားသိရ။ ခရိုင်တရားသူကြီးက ကာယကံရှင် တရားသူကြီးပါလာကြောင်း၊
မေးမြန်းနိုင်ကြောင်း၊ အဖြစ်မှန်ဖြစ်ကြောင်း၊ ရုံးပိတ်ရက်တွင်
တရားခံကိုထုတ်၍ အာမခံမပေးနိုင်ကြောင်းတို့က
ို အာပေါက်အောင် ရှင်းပြခဲ့ရတယ်။
ခရိုင်ထွေ/
အုပ်မင်းကြီးလည်း
သူ့လက်အောက်ကလူ မှားမှန်းသိလို့ တရားသူကြီးကို အချုပ်ထဲမသွင်းဖို့
တာဝန်ယူကြောင်း ပြန်ပြောလာရတော့တယ်။ တရားသူကြီးကိုလည်း စိတ်ချလက်ချ
တာဝန်ကျရာ သို့ပြန်ဖို့ စေလွှတ်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကို
အားလုံးသုံးသပ်ကြည့်ပါက ဥပဒေ အထက်မှာ မည်သူမျှမရှိရဆိုတဲ့ ဆိုရိုးစကားဟာ
စာအုပ်ထဲမှာသာရှိခဲ့ရတဲ့ ဘ၀မျိုးဖြစ်ခဲ့ရတာ အမှန်ပါ။ တရားသူကြီးတွေသာ
လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစား လုပ်နေတာမျိုး မဟုတ်ပါ။ ကျန်သော
လုပ်ပိုင်ခွင့်အာဏာ ရှိသူတွေရဲ့ ဥပဒေအထက်ကနေပြီး အမိန့် အာဏာတွေကို
ကျင့်သုံးနေတာ သိစေချင်ပါတယ်။ တစ်ခါတုန်းက အဖြစ်အပျက်ပေမယ့်
ဒီမိုကရေစီလမ်းကြောင်း ချီတက်ရမှာလည်း သတိပြုဆင်ခြင်သင့်ကြောင်း
အကြောင်းအရာတွေဖြစ်တဲ့အတွက်
အမှတ်တရ သတိရစေလိုတဲ့ ဆန္ဒနဲ့ ပြန်ပြောရခြင်း ဖြစ်ပါတယ်။ ပြည်သူတွေ
မျှော်လင့်တမ်းတနေတဲ့ တရားစီရင် ရေးဖြစ်ဖို့အတွက် ရှောင်သင့်တဲ့
အချက်တစ်ရပ်ရှိနေကြောင်း သိရှိနိုင်ပါစေ။
The Ladies News Journal
No comments:
Post a Comment