နေပြည်တော်၊ နိုဝင်ဘာ ၂၅
မြန်မာနိုင်ငံမှာ လူတိုင်း လက်လှမ်းမီတဲ့ သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို နောက်ထပ် ၁၆နှစ်ကြာမှပဲ ရနိုင်မယ်လို့ ကျန်းမာရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြောပါတယ်။ အဲဒီကျန်းမာရေး လွှမ်းခြုံစနစ်ကို ၂၀၃၀ ခုနှစ်ရောက်မှပဲ ရရှိနိုင်မယ်လို့ သူက ပြောပါတယ်။
“မယူအနေရ ပြည်သူ့ကျန်းမာရေး အာမခံစနစ်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် အချိန်ကာလအားဖြင့် ကြာမြင့်နိုင်ပါတယ်” လို့ ဒေါက်တာဝင်းမြင့်က ဆိုပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနေလင်းက နိုင်ငံတော်သမ္မတရဲ့ ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး ဆိုင်ရာ မူဝါဒတွေထဲက သာတူညီမျှ ကျန်းမာရေး လွှမ်းခြုံစနစ် အကောင်အထည်ဖော် ပြီးစီးမှုအခြေအနေကို သိရှိလိုတယ်ဆိုတဲ့ မေးခွန်းကို သူက အခုလို ပြန်လည် ဖြေကြားတာပါ။
စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အတွက် ပြည်သူတစ်ဦးချင်းစီရဲ့ ကျန်းမာရေး အသုံးစရိတ် တစ်နှစ်ကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၀ ကနေ ၄၅ အထိ ရှိသင့်တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ကသတ်မှတ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပြည်သူတစ်ဦး အတွက် တစ်နှစ်ကို ၁၀ ဒေါ်လာပဲ အသုံးပြုနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကနေ သိရှိရပါတယ်။
နိုင်ငံသားအခွင့်အရေးကို အခြေခံပြီး မြန်မာနိုင်ငံမှာ ပြည်သူ့ကျန်းမာရေး စနစ် ကောင်းမွန်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဒေါက်တာနေလင်းက ဆိုပါတယ်။
“နိုင်ငံသားတစ်ဦးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆိုတာကို သူ့ရဲ့နိုင်ငံက ပြည့်စုံအောင်လုပ်ပေး ရမှာပေါ့” လို့ သူက ပြောပါတယ်။
ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအတွက် ပြည်သူ့ဆေးရုံပေါင်း ၁၆၀၈ရုံ၊ ကျေးလက် ကျန်းမာရေး ဋ္ဌာန ၁၆၉၆ ခုနဲ့ ကျေးလက်ကျန်းမာရေး ဋ္ဌာနခွဲ ၈၇၀၀ ကျော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် အရေအတွက် ၉၈၄၅ ဦးပဲ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဋ္ဌာန ဆီကနေ သိရှိရပါတယ်။
Credit - The Voice
No comments:
Post a Comment